သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကျင်းပနိုင်လောက်တဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိ


မြန်မာစစ်အစိုးရက ဒီနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ပြောဆိုနေပေမဲ့လည်း တိုင်းပြည်တွင်းက အခြေအနေတွေဟာ ဆိုးရွားနေဆဲ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch က ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် တနှစ်အတွင်း ပိုလို့သာ ကျဆင်းနေခဲ့တဲ့အကြောင်း နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ Human Rights Watch က မနေ့တုန်းကပဲ ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

၂၀၁၀ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေ ရှိခဲ့တဲ့အကြောင်း ဖော်ပြလိုက်တာပါ။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ဖွဲ့စည်းခွင့် စတာတွေ အပါအဝင် အခြေခံ ရပိုင်ခွင့်တွေကို မြန်မာပြည်သူတွေ မရနိုင်အောင် စစ်အစိုးရက စနစ်တကျနဲ့ လုပ်ဆောင်နေသလို အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သာမန် အရပ်သားတွေနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ အဆက်မပြတ် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာက ဖော်ပြလိုက်တာပါ။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ရဲ့ အာရှဌာန အမှုဆောင် ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ် (Brad Adams) က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိ ဖြစ်နေရတာကို ပြောတဲ့နေရာမှာတော့…

“မြန်မာနိုင်ငံဟာ အာဏာရှင်နိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်သလို အစိုးရကလည်း ဝေဖန်သူတွေ၊ အတိုက်အခံတွေကို ထောင်ထဲထည့်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူတွေ၊ ဝေဖန်ကြသူတွေကိုလည်း နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ နယ်စပ်ဒေသက တိုင်းရင်းသားတွေ အပေါ်မှာလည်း အကြမ်းပတမ်းနည်းတွေ သုံးနေဆဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စည်းရုံးခွင့်လို အခြေခံ အခွင့်အရေးနဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ရရှိဖို့ နိုင်ငံတကာက တောင်းဆိုနေတာတွေကိုလည်း လျစ်လျူရှုခဲ့တာပါ။”

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာတော့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၁၀၀ ကျော်တို့ဟာ ဖမ်းဆီးချုပ်နှောင် ခံနေကြရဆဲ ဖြစ်တယ်၊ သူတို့ကို နိုင်ငံရေးနဲ့ ဆက်စပ် ဖမ်းဆီးထားတာ ဖြစ်သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ဆက်လက် ချမှတ်လိုက်တာဟာ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပေးချင်တဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်တဲ့အကြောင်း ဖော်ပြခဲ့တာပါ။

စစ်အစိုးရက ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပပေးပါမယ်လို့ ဆိုနေပေမဲ့ ဒီလို လုပ်ဆောင်နိုင်မယ့် အခြေအနေတွေ မရှိသေးတဲ့ အကြောင်းကိုလည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေအတွက် လုံး၀ ပြောင်းလဲမှုတွေ လုပ်ဖို့လိုပါတယ်။ စစ်အစိုးရက စီမံခန့်ခွဲနေတာတွေကို ၁၀၀ % ပြောင်းလဲရမှာပါ။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရှိဖို့လိုပါတယ်။ တဖွဲ့နဲ့တဖွဲ့ကြား လွတ်လပ်စွာ ဆွေးနွေး ပြောဆိုနိုင်မယ့် အခြေအနေတွေ ရှိရမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။

“ဒီလိုပဲ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်လိုမျိုး ရှိရမှာ ဖြစ်သလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကိုလည်း နိုင်ငံတွင်း ဝင်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်ချက်တွေ အများအပြားရှိပေမဲ့ ဒါတွေ တခုမှတော့ မရှိသေးပါဘူး။ ဒါကြောင့်လည်း သူတို့အနေနဲ့ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုပေမဲ့ တကယ်တမ်းမှာ ဒီလို အဓိပ္ပာယ် မဆောင်ပါဘူး။”

မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ မကြာသေးခင်က အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာပါလို့ ပြောဆိုခဲ့တာပါ။ Human Rights Watch လို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေကြတဲ့ အဖွဲ့အစည်းတွေကတော့ ဒီလို ပြောဆိုမှုတွေအပေါ် လက်မခံနိုင်ကြဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

“ကျနော့်အနေနဲ့ ရွေးကောက်ပွဲလို့တောင် ခေါ်မှာ မဟုတ်ပါဘူး။ ဒါကို ရွေးကောက်ပွဲလို့လည်း ကျနော်တို့ ခေါ်ဖို့ မသင့်ပါဘူး။ ခေါ်သင့်တာကတော့ စစ်အစိုးရက အသွင်ပြောင်းဖို့ လုပ်တဲ့ လုပ်ရပ်အဖြစ်သာ ခေါ်သင့်ပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch) ရဲ့ အာရှဌာန အမှုဆောင် ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကတော့ ဒီနှစ်ထဲ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ် ဆိုပေမဲ့ နေ့ရက် အတိအကျကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒီလထဲ အာရှခရီးစဉ် အတွင်းမှာတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီလို ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ အစစအရာရာ အစီအစဉ်အတိုင်း ရှိနေပါတယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG