သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်လေယာဉ်တစင်း ရန်ကုန်မြို့မှာ ပျက်ကျ၊ လေယာဉ်မှူး သေဆုံး


မြန်မာစစ်အစိုးရ လေတပ်ပိုင် တိုက်လေယာဉ်တစင်း မင်္ဂလာဒုံမှာ ဒီကနေ့ ပျက်ကျ သွားခဲ့ပြီး လေယာဉ်မှူးလည်း သေဆုံးသွားပါတယ်။ တရုတ်နိုင်ငံလုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယာဉ်ဟာ လေယာဉ်ပြေးလမ်းပေါ် အဆင်းမှာ အဆင်းဂီယာ အလုပ်မလုပ်တဲ့ အတွက် ပျက်ကျသွားတာလို့ မျက်မြင်တဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံလုပ် F-7 II K အမျိုးအစား ဂျက်တိုက်လေယာဉ်ဟာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်ကျော်လောက်မှာ မင်္ဂလာဒုံ လေတပ်စခန်းကို ပြန်အဆင်း လေယာဉ်အဆင်းဂီယာ အလုပ်မလုပ်တော့ဘဲ ပျက်ကျသွားခဲ့တာလို့ မျက်မြင်သက်သေတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ဟုတ်ပါတယ်ခင်ဗျာ။ ခန့်မှန်းချေ ၁၀ နာရီ ၁၅ လောက်မှာပါ။ လေယာဉ်မှူး သေသွားတယ်။ လေယာဉ်ပျံလည်း ပြန်ဆွဲသွားပါပြီ။ ဒီမှာ ကျနော်တို့ မြင်နေရတယ်၊ လေယာဉ်ပျံ ပြန်ဆွဲသွားပါပြီ။ လူကတော့ သေတယ်ဆိုတာ သူတို့ပြောပြလို့ သိရပါတယ်။ ညနေက ဆွဲသွားတာ တွေ့လိုက်ပါတယ်။ တပ်ကကားနဲ့ပဲ လာဆွဲသွားတာ တွေ့လိုက်တယ်။ ဆယ်ဘီးကားကြီးနဲ့ တာလဘတ်ကြီး အုပ်ပြီးတော့ ဒီညနေကျမှ ဆွဲသွားတယ်။ လေယာဉ်မှူးက ဗိုလ်ကြီး၊ အသက် ၃၀ ကျော်လောက် ရှိမယ်။

“အဆင်းမှာ ဖြစ်တာ။ Run Way တဝက်လောက်မှာ ကျနော် တွေ့လိုက်တာ မီးခိုးတွေနဲ့ တွေ့လိုက်တယ်။ Landing Gear မကျဘူး ဆိုတဲ့သဘော ဖြစ်သွားတာ။ ဂီယာမကျတော့ သူပြန်ဆွဲတင်တာ ဆွဲတင်လို့ မရတော့ဘူး။ ပြီးတော့ သူက လေထီး ဖွင့်လိုက်တယ်။ ဖွင့်လိုက်တော့ လူက ထွက်သွားတယ်။ လေယာဉ်ပျံက ရှေ့ကိုဆက်သွားပြီး ခြံစည်းရိုးနဲ့ ထိတော့ လေယာဉ်ပျံက ရပ်သွားတယ်။

“လူနဲ့ လေယာဉ်ပျံနဲ့က ပေ ၃၀ လောက် ကွာတယ်လို့ ပြောပါတယ်။ လေထီးနဲ့ သူဆင်းတယ်၊ ဒါပေမဲ့ လေထီးက မပွင့်ဘူး။ အပေါ်ကို ပေ ၂၀ လောက် တက်သွားတယ်လို့ ပြောတယ်။ ပြီးတော့ အဲဒီက ပြန်ပြုတ်ကျသွားတာ။ အသားတွေ ဘာတွေ အကုန်လုံး နာသွားတယ် ပြောတယ်။ မျက်နှာတွေ စုတ်ပြတ်သွားတယ်။ အဲဒီမှာတင်ပဲ ငုတ်တုတ်သေတယ်လို့ ပြောတယ်။”

အဲဒီ ဂျက်တိုက်လေယာဉ်ပေါ် ပါလာတဲ့ လေယာဉ်မှူး ဗိုလ်ကြီး ပြည့်ဖြိုးမျိုးက လွဲလို့ မြေပြင်မှာ တခြား ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပေမဲ့ လေယာဉ်နဲ့ တိုက်မိပြီး လေဆိပ် ခြံစည်းရိုးတော့ ပျက်ဆီးသွားတယ်လို့ အဲဒီ မျက်မြင်သက်သေက ပြောပါတယ်။ ညနေစောင်းပိုင်းမှာတော့ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးကိုယ်တိုင် လာရောက်စစ်ဆေးပြီး ပျက်သွားတဲ့ ခြံစည်းရိုးကို ညတွင်းချင်း ချက်ချင်း ပြန်ပြင်ခိုင်းသွားတယ်လို့ အဲဒီ မျက်မြင်သက်သေက ဆက်ပြောပါတယ်။

“ဒီနေ့ ညတွင်းချင်းအပြီး လုပ်ဖို့။ ပို့ဆက်ဝန်ကြီးက လုပ်ခိုင်းထားတယ်ပြောတယ်။ ပို့ဆက်ဝန်ကြီးလည်း ရောက်နေပြီ။ ဝန်ကြီးက ညနေပိုင်း အခုလေးတင် ဆင်းသွားတာ၊ သိပ်မကြာသေးဘူး။”

တရုတ်နိုင်ငံလုပ် F-7 II K အမျိုးအစား ဂျက်တိုက်လေယာဉ် မင်္ဂလာဒုံ လေတပ်စခန်း အနီးမှာ ဒီကနေ့ ပျက်ကျသွားခဲ့တာနဲ့ ပတ်သက်လို့ မျက်မြင်သက်သေတဦးက ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ ၁၉၈၉ ခုနှစ်လောက်ကစပြီး တရုတ်နိုင်ငံကနေ အခု ပျက်ကျခဲ့တဲ့ ဂျက်တိုက်လေယာဉ် F-7 II K အမျိုးအစား အပါအဝင် A-5 II K ဂျက်တိုက်လေယာဉ် အမျိုးအစားတွေကို အသုတ်လိုက် ဝယ်ယူခဲ့တာပါ။ ဒါပေမဲ့ တရုတ်နိုင်ငံက ဝယ်ယူခဲ့တဲ့ အဲဒီ ဂျက်တိုက်လေယာဉ်တွေဟာ အခုချိန်မှာ ခေတ်သိပ်မမီတော့တဲ့ အပြင် လေယာဉ်မှူးတွေကို စနစ်တကျ သင်တန်းပို့ချပေးခြင်း မရှိဘူးလို့ ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက သုတေသနနဲ့ မှတ်တမ်းတာဝန်ခံ ဦးဌေးအောင်က ဗွီအိုအေကို ပြောပါတယ်။

“အခု မြန်မာစစ်အစိုးရက တရုတ်ဆီက ဝယ်ယူတဲ့ လေယာဉ်အမျိုးအစားတွေက ခုခေတ်အဆိုအရ ဆိုရင် သိပ်ခေတ်မမီတော့ဘူး။ နောက်တခုက တရုတ်နိုင်ငံက ဝယ်ယူတုန်း ကာလကတည်းက ဒီလေယာဉ်ပျံတွေက အသစ်တွေ မဟုတ်ဘဲနဲ့ အဟောင်းတွေကို ဈေးပေါပေါနဲ့ ဝယ်ယူတဲ့ အမျိုးအစားတွေ ဖြစ်တယ်။ မြန်မာလေသူရဲတွေကို ကောင်းကောင်းလေ့ကျင့်ပြီး ပျံသန်းပေးထားတဲ့ ပုံစံမျိုးလည်း မတွေ့ရတော့ ဒီလေယာဉ်ပျံတွေကို မြန်မာ့တပ်မတော်မှာ တချို့ လေသူရဲတွေအနေနဲ့ မောင်းရဖို့ အင်မတန်ကို စိုးရိမ်ထိတ်လန့်တယ်ဆိုတဲ့ သတင်းတွေလည်း ကျနော်တို့ ကြားနေရတာ ရှိတယ်။

“အဲဒါကြောင့် လေယာဉ်မှူးတွေ အသက်ကို တန်ဖိုးမထားဘဲ လေယာဉ်ကို တန်ဖိုးထားနေတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေမှာ ဒီလေယာဉ်မှူးတွေ သေဆုံးရတဲ့ အတွက်ကြောင့် တာဝန်ရှိတယ်လို့ ကျနော်တော့ ထင်ပါတယ်။”

ဒါကြောင့်လည်း ဒီဂျက်တိုက်လေယာဉ်တွေ မကြာခဏဆိုသလို ပျက်ကျခဲ့တာမှာ ဒီကနေ့ ပျက်ကျတဲ့ ဂျက်တိုက်လေယာဉ်နဲ့ပါဆို ၁၀ စင်းရှိပြီလို့ ဆိုပါတယ်။

“၁၉၉၉ ခုနှစ်လောက်ကစပြီး ဂျက်တိုက်လေယာဉ်ပျံတွေက မြန်မာပြည်မှာ လေ့ကျင့်ပျံသန်းရင်းနဲ့ ပျက်ကျနေတာတွေကို ကျနော်တို့ မှတ်တမ်းမှတ်ရာတွေ အရ သိရတာ ရှိတယ်။ အခုနောက်ဆုံးရတဲ့ ရန်ကုန်မှာ လေယာဉ်ပျက်ကျတယ်ဆိုတဲ့ အထောက်အထားအရ ဆိုရင်တော့ တရုတ်နိုင်ငံက ဝယ်ယူတဲ့ လေယာဉ် အနည်းဆုံး ၁၀ စီးလောက်အထိ မြန်မာပြည်မှာ ပျက်စီးသွားပြီလို့ ကျနော်တို့ ပြောနိုင်ပါတယ်။”

မြန်မာစစ်တပ်က တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့တဲ့ တိုက်လေယာဉ်ပေါင်း ခုချိန်ထိ အစီး ၅၀ လောက် ရှိနေပြီလို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ သန်း ၅၇၀ လောက် တန်ဖိုးရှိတဲ့ ရုရှားလုပ် MIG–29 အမျိုးအစား တိုက်လေယာဉ် အစီး ၂၀ ဝယ်ယူဖို့လည်း မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG