သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံသား ကိုညီညီအောင်အမှု အပြီးသတ် လျှောက်လဲချက် တင်သွင်း


ရန်ကုန်မြို့ နိုင်ငံတကာ လေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ရဲ့ အမှုကို ရှေ့နေတွေက ဒီကနေ့ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီး ရှေ့လာမယ့် သီတင်းပတ်အတွင်းမှာ တရားရုံးက အမိန့်ချမှတ်သွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုညီညီအောင်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

အင်းစိန်ထောင်အတွင်း အထူးတရားရုံးမှာ တရားစွဲဆို ခံထားရတဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ရဲ့ အမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ရှေ့နေတွေက ဒီကနေ့ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြပါတယ်။ ဒီကနေ့ လျှောက်လဲချက်ပေးတဲ့ နေရာမှာ အစိုးရဘက်ကလည်း အပြန်အလှန် လျှောက်လဲချက်တွေ ပေးခဲ့ပြီး ရှေ့လာမယ့် သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမိန့်ချမှတ်သွားမှာ ဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ခါတိုင်းရုံးထိုင်တဲ့ နေရာပဲပေါ့၊ အင်းစိန် အကျဉ်းထောင် ဝင်းထဲက ရုံးမှာ ဒီနေ့ အမှု ၃ မှုစလုံး အပြီးသတ် လျှောက်လဲချက် နှစ်ဘက်လုံး ပေးပါတယ်။ ဒီနေ့ကတော့ မြန်တယ်၊ မြန်တာက သူတို့ အစိုးရဘက်ကလည်း ရေးသား လျှောက်လဲချက်ပေါ့၊ အဆင်သင့် ရေးလာတဲ့ဟာကို တင်ဖို့ သဘောတူတော့ အန်ကယ်တို့လည်း တင်ခဲ့တယ်။ ဒါ လျှောက်လဲချက် ပေးတာပဲလေ။ အဲတော့ တရားရုံးက ဒီအမှုကို အမိန့်ချမယ်၊ နောက်ဆုံးအမိန့် ချမယ်ပေါ့။ အဲဒါက ၂၇ ရက်နေ့ပါ။ လာမယ့် နောက်အပတ် ဗုဒ္ဓဟူးနေ့ ဖြစ်ပါမယ်၊ မနက် ၁၀ နာရီ။”

ကိုညီညီအောင်အပေါ် နိုင်ငံသား စိစစ်ရေးကတ်ပြား မှတ်ပုံတင်အတု ကိုင်ဆောင်မှု၊ စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနဲ့ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတွေနဲ့ အင်းစိန်ထောင်အတွင်း တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ကိုညီညီအောင်အပေါ် စွဲဆိုထားတဲ့ အမှုတွေမှာ တဘက်က သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ပြသနိုင်ခြင်း မရှိတဲ့အပြင် သူဟာ အမေရိကန် နိုင်ငံသားတဦး ဖြစ်တာကြောင့် စွဲဆိုထားတဲ့ ဥပဒေတွေနဲ့လည်း ကိုက်ညီမှု မရှိတဲ့အတွက် အမှုရဲ့ အလားအလာအပေါ်မှာ ဦးဉာဏ်ဝင်းက အခုလို အကောင်းမြင် မျှော်လင့်ထားပါတယ်။

“ပထမတမှုက အမှုနံပါတ် ၅၀ ပေါ့၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအတု ပြုလုပ်သုံးစွဲ၊ ကိုင်တွယ်တယ်၊ အဲဒါက ပုဒ်မ ၄၆၈၊ ဒါတွေနဲ့ ပတ်သက်ပြီး တရားလိုဘက်က သက်သေ လုံး၀ မထူနိုင်ဘူး။ သူတို့ ဒီလို မတင်ထားဘူး ဆိုတာကိုလည်း ဝန်ခံ ထွက်ဆိုထားတာ ရှိတယ်။ ဒါကြောင့် အန်ကယ့်အမြင်ကတော့ ဒီအမှုက အပြစ်ပေးရလောက်အောင် ခိုင်လုံတဲ့ သက်သေခံချက် မရှိဘူး။

“နောက်တခုက အမှုနံပါတ် ၆၀၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်တဲ့လူတွေ မှတ်ပုံတင်ရေး ဥပဒေ အချက် ၄ ချက်အပေါ်မှာ သူတို့ စွပ်စွဲတယ်။ ဒါပေမဲ့ အဲဒီဥပဒေမှာကိုပဲ ဒီပြဋ္ဌာန်းချက်တွေဟာ နိုင်ငံခြားသားနဲ့ မသက်ဆိုင်စေရတဲ့၊ ဆိုတော့ ညီညီအောင်က နိုင်ငံခြားသားလေ။ ဒါကတော့ စွဲတာကိုက မှားပြီးစွဲတာလို့ အန်ကယ်တို့ မြင်တယ်။ ဒီဟာတွေက အမှန်အတိုင်း ဥပဒေနဲ့အညီ ဆုံးဖြတ်မယ်ဆိုရင် ဒီ ၂ မှုဟာ လုံး၀ အပြစ်မရှိဘူးဆိုတာ ဥပဒေအရ အန်ကယ်တို့ တွေ့တယ်။ တဖက်သတ်ပြောတာ မဟုတ်ပါဘူး၊ ဥပဒေမှာ ပါတဲ့အတိုင်း ပြောတာပါ။ လုံးဝကို လွတ်မယ်လို့ ဥပဒေအရ အန်ကယ်တို့ အဲဒီလိုပဲ မြင်တယ်။”

ဒီကနေ့ အင်းစိန်ထောင်အတွင်း တရားရုံးကို အမေရိကန်သံရုံး ကောင်စစ်ဝန်နဲ့ သံရုံး တာဝန်ရှိပုဂ္ဂိုလ်တွေ လာရောက်ခဲ့ပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေကတော့ ဒီကနေ့ တရားရုံးထုတ် စစ်ဆေးတာကို သွားရောက်ခွင့်မရဘဲ ရှေ့လာမယ့် ၂၇ ရက်နေ့မှ တွေ့ဆုံခွင့်ရမှာ ဖြစ်တယ်လို့ ကိုညီညီအောင်ရဲ့ အဒေါ်တော်စပ်သူ ဒေါ်ခင်ခင်ဆွေက ဗွီအိုအေကို အခုလို ပြောပါတယ်။

“သုံးပတ်တခါမှဆိုတော့ အဲဒီနေ့က ဘာကြောင့်လဲကို မသိဘူး၊ အန်တီတို့ မတွေ့ရဘူး။ အခု အန်တီတို့ကို ၂၇ ရက်နေ့ တွေ့ရပါမယ်လို့ အရင်ဆုံးပြောတယ်။ ပြောပြီးတော့ အန်တီတို့ ရှေ့နေတွေကို အပြင်မှာစောင့်တယ်။ အန်ကယ်တို့ ထွက်လာတော့ ၂၇ ရက်နေ့ အမိန့်ချမယ်၊ ဒါပဲ ပြောလိုက်တယ်။ သူ နေကောင်းတယ်ဆိုတဲ့ အကြောင်း၊ တိုက်ပိတ်ခံရတယ်ဆိုတာ ဟုတ်လားဆိုတော့ မဟုတ်ဘူးတဲ့။ သူ့ရဲ့ သံတိုင်တွေရှေ့မှာ ပလတ်စတစ်တွေ ကာထားတယ်။ ဘယ်သူမှ မမြင်အောင်ပေါ့။ တာလဘတ်တွေ ချထားတယ်တဲ့။”

ကိုညီညီအောင်ရဲ့ အဒေါ်တော်စပ်သူ ဒေါ်ခင်ခင်ဆွေ ပြောကြားသွားတာ ဖြစ်ပါတယ်။

ကိုညီညီအောင်ရဲ့ အမှုကို နိုင်ငံတကာ တရားဥပဒေ စံနှုန်းတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းဖို့ အမေရိကန်နိုင်ငံက ဖိအားပေး တောင်းဆိုနေသလို ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း အမေရိကန် လွှတ်တော်အမတ်တွေက ကိုညီညီအောင်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG