သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေရှည်အကူအညီတွေ ပေးဖို့ ဟေတီဝန်ကြီးချုပ် မေတ္တာရပ်ခံ


မြေငလျင်ကြောင့် လူပေါင်း ခန့်မှန်းခြေ ၂၀၀,၀၀၀ လောက် သေဆုံးခဲ့ရတဲ့ ဟေတီနိုင်ငံ ပြန်လည်တည်ဆောက်ဖို့ နိုင်ငံတကာက ရေရှည် အာမခံချက်တွေ ပေးကြပါလို့ ဟေတီဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့မှာ ပြုလုပ်တဲ့ ဟေတီဆိုင်ရာ နိုင်ငံတကာ ညီလာခံမှာ ဝန်ကြီးချုပ် ဂျင်း မက်က်စ် ဘယ်လာရိုက်ဗ် (Jean-Max Bellerive) က အခုလို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီညီလာခံကို ဟေတီနိုင်ငံ ပြန်လည်ထူထောင်ရေး အားထုတ်နေကြတဲ့ အစိုးရတွေရဲ့ တာဝန်ရှိသူတွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။

ဟေတီနိုင်ငံ ပြန်လည်တည်ဆောက်ဖို့ အနည်းဆုံး ၁၀ နှစ်လောက် အချိန်ပေးရမှာဖြစ်ပြီး ကြိုးကြိုးစားစား လုပ်ရလိမ့်မယ်လို့ ကနေဒါ ဝန်ကြီးချုပ် စတီဖင် ဟာပါ (Stephen Harper) က ပြောပါတယ်။

ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လယ်ယာစိုက်ပျိုးရေးကို အာရုံစိုက်ကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း တောင်းဆိုပါတယ်။

ဟေတီကို အင်အားပြင်း မြေငလျင် လှုပ်ခတ်သွားပြီး သီတင်း ၂ ပတ် ကြာလာချိန်မှာ ကူညီကယ်ဆယ်ရေး လုပ်သားတွေဟာ အင်မတန် လိုအပ်နေတဲ့ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေကို ဝေပေးနိုင်ဖို့ ဆက်ပြီး ကြိုးစားနေကြပါတယ်။

ငလျင်ကြောင့် ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့တော်နဲ့ ဝေးလံတဲ့ နေရာတွေအထိ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ အိမ်ခြေယာမဲ့ ဖြစ်ခဲ့ရတဲ့ လူပေါင်း သိန်းနဲ့ချီဟာလည်း ကူညီထောက်ပံ့မှုတွေကို ဆိုးဆိုးဝါးဝါး လိုအပ်နေကြပါတယ်။

သူတို့အတွက် ရှုပ်ထွေးခက်ခဲဆုံး ကယ်ဆယ်ရေး လုပ်ငန်းတခုလို့ ပြောနေတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဖွဲ့ကြီးက တနေ့ကို လူ ၁၀၀,၀၀၀ ကို ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ အခုချိန်ထိ လူပေါင်း ၄၀၀,၀၀၀ နီးပါးအတွက် အစားအစာထုတ် ၈,၀၀၀,၀၀၀ ဝေငှပြီးသွားပြီလို့ WFP က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG