သုံးရလွယ်ကူစေသည့် Link များ

သီရိလင်္ကာ သမ္မတ ရွေးကောက်ပွဲ မဲတွေ စတင် ရေတွက်နေပြီ


သီရိလင်္ကာနိုင်ငံမှာ ပြည်တွင်းစစ်အပြီး ငြိမ်းချမ်းရေးကာလမှာ ပထမဆုံး အကြိမ်အဖြစ် သမ္မတရွေးကောက်ပွဲ ဒီနေ့ ကျင်းပခဲ့ပြီး အခု မဲတွေ စပြီး ရေတွက်နေပါပြီ။

သမ္မတလောင်းတွေ မဲဆွယ်စည်းရုံးတဲ့ ကာလမှာ အကြမ်းဖက် တိုက်ခိုက်တာတချို့ ကြုံခဲ့ရပြီးနောက် ပြည်တွင်းစစ်ကြောင့် အခြေအနေမဲ့ ဖြစ်ခဲ့ရတဲ့ တမီးလ် လူမျိုးစုတွေ အပါအ၀င် မဲဆန္ဒရှင်တွေ ဒီနေ့ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ သမ္မတ ရွေးကောက်ပွဲမှာ ရှေ့ကပြေးနေတဲ့ သူတွေကတော့ လက်ရှိသမ္မတ မဟင်ဒါ ရာဂျာပက်ခ်ဆာ (Mahinda Rajapaksa) နဲ့ သူ့ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဆာရတ်သ် ဖွန်ဆီကာ (Sarath Fonseka) တို့ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးစလုံးကို တမီးလ် ကျားသူပုန်တွေကို နိုင်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့၊ အောင်ပွဲခံခဲ့တဲ့ သူရဲကောင်းတွေလို့ အမွှမ်းတင်ခဲ့ကြတာ ဖြစ်ပါတယ်။

မစ္စတာ ဖွန်ဆီကာက ၂၀၀၈ ခုနှစ်က မဲပေးတဲ့ စာရင်းမှာ မှတ်ပုံတင်ခဲ့ပေမဲ့ အခု ဒီနေ့ သူ မဲသွားပေးတဲ့ နေရာမှာ သူ့နာမည်မပါလို့ မဲမပေးခဲ့ရဘူးလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

သီရိလင်္ကာ ရွေးကောက်ပွဲ ကော်မရှင်နာ မင်းကြီးကတော့ သမ္မတ အရွေးခံမယ့်သူတယောက် အနေနဲ့ မဲပေးဖို့ မှတ်ပုံတင်ဖို့ မလိုအပ်သလို မဲပေးဖို့လည်း မလိုဘူးလို့ ကြေညာချက် ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။

သီရိလင်္ကာနိုင်ငံတ၀န်း မဲရုံပေါင်း ၃,၇၀၀ ကျော် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတကာ လေ့လာသူတွေကတော့ စုစုပေါင်း ၂၀ ပဲ အကဲခတ်နိုင်ခဲ့တယ်လို့ ဗွီအိုအေက သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG