သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ရွေးကောက်ပွဲပြီးမှ လွှတ်မယ့်ကိစ္စ အမေရိကန် လက်မခံ


မြန်မာစစ်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပြန်ပါတယ်။ ဒီနှစ် နိုဝင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရက ပြောလိုက်တယ်လို့ သတင်းတွေ ပေါ်ထွက်လာပြီးနောက် မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖိလစ် ခရော်လီ (Philip Crowley) က အခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံ အစိုးရနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ကျနော်တို့ အမေရိကန် အစိုးရရဲ့ မူဝါဒကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်ကို ဖွင့်ပေးဖို့ ကျနော်တို့ လိုလားပါတယ်။ သူတို့မှာ ဒီနှစ် အရေးကြီးတဲ့ ရွေးကောက်ပွဲ ပြုလုပ်စရာ ရှိနေပါတယ်။ နိုင်ငံရေးသမားတွေသာ မက တိုင်းရင်းသား လူမျိုးစုတွေပါ အားလုံး ပါဝင်ခွင့် ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာစစ်အစိုးရဘက်က ပိုပြီးလုပ်ဖို့ လိုအပ်နေတယ် ဆိုတာကို မစ္စတာ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) ကလည်း ပြောခဲ့ပြီးပါပြီ။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာရေးကို တောင်းဆိုတာ ကျနော်တို့အနေနဲ့ ကြာလှပါပြီ။ စစ်အစိုးရက အခုထိ မလွှတ်သေးပါဘူး။ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှတ်ပေးဖို့ လိုပါတယ်။ အခု ရွေးကောက်ပွဲပြီးမှ လွှတ်မယ် ဆိုတာကတော့ အင်မတန် ကံမကောင်း အကြောင်းမလှတဲ့ကိစ္စ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ကတော့ သူမကို လွှတ်ပေးဖို့ ဆက်လက်ပြီး တောင်းဆိုနေမှာ ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖိလစ် ခရော်လီ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ သူတို့ ကျင်းပမယ်လို့ ကတိပေးထားတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ အတိအကျ မကြေညာသေးပေမဲ့ အောက်တိုဘာလမှာ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေကတော့ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်မယ်ဆိုတာဟာ ရွေးကောက်ပွဲ မဝင်နိုင်အောင် တမင်လုပ်တာလို့ သုံးသပ်သူတွေက ဆိုပါတယ်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလဟာ အမေရိကန်နိုင်ငံသား ဂျွန် ယက်တော (John Yettaw) ဝင်ရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး အကျယ်ချုပ် ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ လွတ်ရက် စေ့မြောက်တဲ့အချိန်လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG