သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ လက်ရှိသမ္မတ ပြန်အရွေးခံရ


သီရိလင်္ကာနိုင်ငံရဲ့ လက်ရှိသမ္မတ မဟိန္ဒြာ ရာဂျာပါ့ခ်ဆား (Mahinda Rajapaksa) က မနေ့ကကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အဓိကပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ဆာရတ်သ် ဖွန်ဆီကာ (Sarath Fonseka) ကတော့ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်နေပါတယ်။

လက်ရှိသမ္မတ မဟိန္ဒြာ ရာဂျာပါ့ခ်ဆားက မဲ ၅၈% လောက် ရရှိခဲ့တယ်လို့ သီရိလင်္ကာ ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ပဲ ကြေညာပါတယ်။ သူ့ရဲ့ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ဖွန်ဆီကာကတော့ ၄၀% လောက်ပဲ မဲရရှိခဲ့တယ်လို့ ဆိုပါတယ်။

မဲရလဒ်တွေကိုကြည့်ရင် မဲလိမ်တာက သိသာနေတယ်လို့ မစ္စတာဖွန်ဆီကာက ပြောပါတယ်။ နောက်ပြီး သမ္မတ မဟိန္ဒြာ ရာဂျာပါ့ခ်ဆားက သူ့ကို လုပ်ကြံဖို့ စီစဉ်နေတယ်လို့လည်း မစ္စတာဖွန်ဆီကာက သတင်းထောက်တွေကို ပြောပါတယ်။ သူတို့ဟာ ကျနော့်ကို အကျဉ်းသားဖြစ်အောင် လုပ်နေတာလို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဖွန်ဆီကာ အခုရှိနေတဲ့ ကိုလံဘိုဟိုတယ် ပတ်ဝန်းကျင်ကို အစိုးရ တပ်ဖွဲ့တွေက ဝိုင်းထားပါတယ်။ သူတည်းနေတဲ့ ဟိုတယ်ထဲကနေ နိုင်ငံအပြင်ကို အန္တရာယ်ကင်းကင်း ထွက်ခွာနိုင်ဖို့ သီရိလင်္ကာ အစိုးရနဲ့ ညှိနှိုင်းနေပါတယ်။ သူလွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ သူက ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မနှစ်တုန်းက တမီလ် ကျားသူပုန်တွေကို နှိမ်နင်းပြီး ၂၅ နှစ်ကြာ ပြည်တွင်းစစ်ကို အောင်မြင်အောင် အဆုံးသတ် စွမ်းဆောင်နိုင်ခဲ့တဲ့ သူရဲကောင်းဟာ သူပါပဲဆိုပြီး သမ္မတ မဟိန္ဒြာကရော ဗိုလ်ချုပ်ကြီးဟောင်း ဖွန်ဆီကာကပါ ပြောနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG