သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုညီညီအောင်အမှု အမိန့်ချရက် ရွှေ့ဆိုင်း


ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ရဲ့ အမှုနဲ့ ပတ်သက်လို့ ကြားနာနေတဲ့ တရားရုံးက ဒီနေ့ အမိန့်ချဖို့ ရှိပေမဲ့ ရှေ့လ ၁၀ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်တဲ့အကြောင်း သူ့ရဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ လတ်တလောမှာတော့ ကိုညီညီအောင်ကို မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့် မပေးဘဲ ထားတာမို့ မိသားစုက သူ့ရဲ့ ကျန်းမာရေးကစလို့ အစစ ပူပန်နေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က နှစ်ဘက်ရှေ့နေတွေ အပြီးသတ် လျှောက်လဲချက် ပေးခဲ့တာမို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒီနေ့ ၂၇ ရက်နေ့မှာ အမိန့်ချမှတ်ဖို့ ရှိပေမဲ့ အမိန့်မချခဲ့ဘူးလို့ ကိုညီညီအောင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

“အမှုက ဒီနေ့ အမိန့်မချဖြစ်ပါဘူး။ နောက်လ ၁၀ ရက်နေ့ကို ပြန်ရွှေ့ပါတယ်။ တရားရုံးက ပြောတာ အသေးစိတ် လေ့လာဖို့ လိုသေးတယ်၊ အဆင်သင့် မဖြစ်သေးဘူးတဲ့။”

ကိုညီညီအောင်ကို စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုအပြင် မှတ်ပုံတင်ကတ်ပြားအတု ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဆိုထားပေမဲ့ သက်သေအထောက်အထား ခိုင်လုံမှု မရှိဘူးလို့ ဆိုပါတယ်။ ဒီနေ့ တရားရုံးထုတ်တဲ့ နေရာမှာ ရှေ့နေကြီး ဦးကြည်ဝင်း ရောက်ရောက်ခြင်းပဲ ရှေ့လ ၁၀ ရက်နေ့ကို ပြန်လည် ရုံးချိန်းပေးလိုက်ပြီး ရုံးဆင်းသွားတာမို့ ကိုညီညီအောင်နဲ့ တခဏပဲ တွေ့ခွင့်ရခဲ့တယ်လို့ ပြောပါတယ်။

တရားရုံးကို လာရောက်ခွင့်မရတဲ့ မိသားစုဝင်တွေကလည်း ဒီနေ့ ထောင်ဝင်စာတွေ့ခွင့် ပေးရမှာ ဖြစ်ပေမဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက အခုလို ပြောပါတယ်။

“၁၈ ရက်နေ့က တွေ့ရမှာ မတွေ့ရဘဲ ဒီ ၂၇ ရက်နေ့ကိုလည်း မတွေ့ရဘူး။ ဘာကြောင့်မတွေ့ရလဲ ဆိုတာလည်း ဘာမှမပြောဘူး။ အထက်က အမိန့်နဲ့ပဲ ပြောတယ်။ မနေ့ကတည်းက အန်တီတို့က ဒီသတင်းလေးကို သဲ့သဲ့ ကြားနေတယ်။ သံရုံးက စနေနေ့က သွားတွေ့တယ်တဲ့။ သံရုံးက သူတို့လည်း တလတခါ ဖြစ်သွားပြီပေါ့။ အန်တီဆွေတို့လည်း မကျိန်းသေတော့ဘူး၊ မိသားစုတွေ့ဖို့၊ အဲဒီလို သဲ့သဲ့ အသံကြားတယ်။ ဒီနေ့သွားတော့လည်း မတွေ့ရပါဘူး၊ ကျိန်းသေတာပဲ။

“အန်တီတို့ကတော့ ကျန်းမာရေးပဲ စိတ်ပူတယ်။ ဒီနေ့ ရုံးထုတ်တော့ အန်ကယ်တို့နဲ့တွေ့တော့ အန်ကယ်တို့က ကျန်းမာရေး ကောင်းတယ်တဲ့။ ဒီနေ့ အန်ကယ် ဦးဉာဏ်ဝင်းနဲ့ အန်တီတို့ကလည်း နောက်ကျနေတော့ ၂ မိနစ်လောက်ပဲ ကြာတယ်၊ ရုံးချိန်းပေးသွားတာ။ ချက်ချင်း ပြန်ခေါ်သွားတယ်တဲ့။ သူတို့က မစောင့်တော့ဘဲ အန်ကယ်ဦးကြည်ဝင်း ရောက်တာနဲ့ အမိန့်ချမယ်ဆို ချပြီး ချက်ချင်း ပြန်ခေါ်သွားတာ။ ဘယ်သူနဲ့မှ စကားမပြောရဘူး။ အန်ကယ်နဲ့ တခွန်းပဲ၊ သူက မုန့်မပါဘူးလားပေါ့၊ အန်ကယ်က မပါဘူးတဲ့။ အဲတော့ အန်ကယ်က လှမ်းမေးတယ်၊ မင်းအဒေါ်တွေနဲ့ရော မတွေ့ရဘူးလားဆိုတော့ မတွေ့ရဘူးလို့ ပြောသွားတယ်။ အဲဒါလေးပဲ အန်ကယ်နဲ့လည်း ပြောလိုက်ရတယ်။ ချက်ချင်း ပြန်ခေါ်သွားတယ်။ အန်ကယ် ဦးဉာဏ်ဝင်းနဲ့တောင် မတွေ့လိုက်ရဘူး။”

အင်းစိန် တရားရုံးကို ရန်ကုန် အမေရိကန်သံရုံး တာဝန်ခံတွေ သွားရောက်ခွင့် ရခဲ့တဲ့အပြင် စနေနေ့ကလည်း သံရုံးတာဝန်ခံတွေဟာ ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်နဲ့ တွေ့ခွင့်ရခဲ့တယ်လို့ သံရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

“ဇန်နဝါရီလ ၂၃ ရက်နေ့မှာ တွေ့ခွင့် ရခဲ့ပါတယ်။ ကျနော်တို့ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တာပါ။ ကျနော်တို့တွေဟာ ကိုကျော်ဇောလွင်ရဲ့ အမှုနဲ့ ပတ်သက်လို့ အနီးကပ် စောင့်ကြည့်နေသလို ကိုကျော်ဇောလွင်အတွက် ကျနော်တို့ တတ်နိုင်သမျှ အကူအညီတွေ ပေးနေပါတယ်။” လို့ ပြောသွားပါတယ်။

အမေရိကန်သံရုံး တာဝန်ရှိသူတွေဟာ ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်နဲ့ တွေ့ဆုံခွင့်ရတာ ၈ ကြိမ်ရှိပြီလို့ ပြောဆိုခဲ့ပေမဲ့ အသေးစိတ် အခြေအနေတွေတော့ ထုတ်ဖော် ပြောဆိုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ အမေရိကန် အစိုးရ အနေနဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စံနှုန်းတွေအတိုင်း လုပ်ဆောင်သွားဖို့ မြန်မာစစ်အစိုးရကို ဆက်လက် ဖိအားပေးနေမှာ ဖြစ်တဲ့အပြင် အမှုနဲ့ ပတ်သက်ပြီး အပြုသဘော ဆောင်တဲ့ ရလဒ်တွေ ပေါ်ထွက်လာနိုင်ရေးအတွက် သံတမန် နည်းလမ်းအရ ဆက်လက် ကြိုးပမ်းနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ကိုညီညီအောင်ရဲ့ မိသားစုဝင်တွေကတော့ ထောင်ဝင်စာ တွေ့ခွင့်မရတာ သုံးပတ်ရှိနေပြီ ဖြစ်တဲ့အပြင် ဘယ်အချိန်မှာ တွေ့ခွင့်ရမယ်ဆိုတာ မသိရတဲ့အတွက် သက်ဆိုင်ရာကို စာတင်ဖို့ လုပ်နေတယ်လို့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောပါတယ်။

“အန်တီ မနေ့က ထောင်ပိုင်ရဲ့ PA ဦးအောင်စိုးဆီ ဆက်ပါတယ်၊ ကျမတို့ မနက်ဖြန် တွေ့ရမယ့်နေ့နော်ဆိုတော့ မတွေ့ရဘူးတဲ့။ ဘာဖြစ်လို့လဲ၊ သုံးပတ်လေဆိုတော့၊ မဟုတ်ဘူးတဲ့။ ကျမတို့ ဟိုနေ့ကပြောတော့ ၂၇ ရက်နေ့ တွေ့ရမယ်လို့ ပြောတယ် ဆိုတော့ မဟုတ်ဘူးတဲ့၊ အရှေ့က ကလေးတွေက မသိလို့ပြောတာ ဖြစ်ပါလိမ့်မယ်တဲ့။ ဘာကြောင့် မတွေ့ရတာလဲလို့ အန်တီတို့ကမေးတော့ အပေါ်က အမိန့်ကြောင့်ပါတဲ့၊ အပေါ်က ပြောထားလို့ တွေ့ခွင့်မပေးနိုင်ဘူးတဲ့။ အန်တီတို့ ဘာမှလုပ်လို့မရဘူး။

“အန်တီတို့ မနက်ဖြန် စာရေးမယ်၊ စာရေးပြီး ဘယ်ကိုတင်ရမလဲဆိုတာ အန်ကယ်တို့ကိုလည်း မေးရမှာပေါ့။ ဘယ်ကိုတင်ရမလဲဆိုတာ၊ ညွှန်ကြားရေးမှူးကို တင်ရမလား၊ ထောင်ပိုင်ကို တင်ရမလား။ တခုခုတင်ပြီးတော့ မေးရမှာပေါ့၊ ဘာကြောင့် မတွေ့ရလဲဆိုတာ။ အန်တီတို့ဘက်ကလည်း တွေ့ရအောင်တော့ ကြိုးစားရမှာပဲ။ တပတ်တခါတော့ အန်တီတို့ ပါဆယ်သွင်းမယ်။ Monday တိုင်းပေါ့နော်။ ပါဆယ်မသွင်းရလည်း သူ ငတ်သေရုံပဲရှိမယ်၊ အထဲမှာ။”

ကိုညီညီအောင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

ကိုညီညီအောင်ကို ထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့အတွက် အာဟာရ ချို့တဲ့မှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ဖြစ်လာစေနိုင်တယ်လို့ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံက ဒီနေ့ပဲ သတင်းထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG