သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လွတ်မယ့်သတင်းအပေါ် တုံ့ပြန်ပြောဆို သုံးသပ်ချက်များ


ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးမယ်ဆိုတဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရဲ့ ပြောဆိုချက်အပေါ် အန်အယ်လ်ဒီ ခေါင်းဆောင်များနဲ့ မြန်မာ့အရေးလေ့လာနေသူ များရဲ့ အမြင်သုံးသပ်ချက်များကို စုစည်းတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးမယ်ဆိုတဲ့ စကားဟာ မြန်မာပြည်သူတွေသာမက ကမ္ဘာကပါ အင်မတန် ကြားချင်တဲ့စကားဖြစ်ပါတယ်။ ကမ္ဘာဆိုတယ့်နေရာမှာ အမေရိကန်၊ ဥရောပ အနောက်ခြမ်းနိုင်ငံများသာမက မြန်မာစစ်အစိုးရနဲ့ အင်မတန် ရင်းနှီးတဲ့ တရုတ် အပါအဝင် အာရှနိုင်ငံတွေကပါ ကြားချင်နေတဲ့စကား၊ ပြောဆိုနေတဲ့စကား ဖြစ်ပါတယ်။ ဒီလောက်ကောင်းတဲ့စကား၊ မင်္ဂလာရှိတဲ့စကားမျိုးကိုတောင်မှ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက တရားဝင် မထုတ်ပြန်ဘဲ အညာမြို့တမြို့မှာ ခရီးသွားဟန်လွှဲနဲ့ ပြည်ထဲရေးဝန်ကြီးက ပြောခဲ့တယ်ဆိုကတည်းက မေးခွန်းထုတ်စရာ တော့ ဖြစ်နေပါပြီ။ ပထမဦးစွာ ဒီလိုလွှတ်မယ်ဆိုတဲ့သတင်းကို ကြားရတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို အလုပ် အမှုဆောင် ဦးဆောင်ကော်မတီဝင် ဦးဝင်းတင်ရဲ့ သုံးသပ်ချက်ကို ကြည့်ပါ။

ဦးဝင်းတင် ။ ။ ရှင်းရှင်းပြောရရင် ၂၀၁၀ အတွင်းမှာ ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့ သူတို့ကြေညာပြီးတဲ့အတိုင်းဆိုရင် ဒီလာမယ့် နိုဝင်ဘာလဆိုတာ အလွန်နောက်ကျနေပြီ။ အဲဒီလို နောက်ကျတဲ့အချိန်ကျမှ ရွေးကောက်ပွဲကျင်းပပြီးမှ ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲဝင်နိုင်အောင် လွတ်ပေးမယ်ဆိုတဲ့ စကားမျိုးပြောတာဟာ အမှန်အတိုင်း ပြောရရင် အရပ်စကားနဲ့ပြောရရင် ဒါ နိုင်ငံရေးပျက်လုံးလို ဖြစ်နေတယ်။ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ ကျနော်ပြောချင်တယ်။ လေးလေးနက်နက်ပြောရရင် ဒီစကားဟာ နိုဝင်ဘာမတိုင်ခင် လွတ်မပေးဘူးဆိုတဲ့ သဘောမျိုး အပြတ်ပြောတဲ့ စကားလို့ အဓိပ္ပါယ်ရောက်နေတယ်။ ဒီဟာက တရားစီရင်ရေးတို့မှာလည်း သက်ရောက်နိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရလုပ်တဲ့လူက နိုဝင်ဘာအထိ လွတ်မပေးဘူးလို့ ပြောလိုက်တဲ့အခါကျတော့ အောက်ခြေက တရားသူကြီးဆိုသူတွေက ဒီဝန်ကြီးတွေရဲ့ သြဇာအာဏာအောက်မှာ နားထောင်နေရသူတွေဖြစ်တော့ ဝန်ကြီးတပါးက ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာအထိ စောမလွှတ်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကောက်လိုက်လို့ရှိရင် အခုတရားရုံးမှာ အမှုချေပဖို့ လုပ်နေတာတွေ ပတ်သက်လို့ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ပေါ်နိုင်တယ်လို့ ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ ဒီလို ပြည်ထဲရေးဝန်ကြီးက အဆုံးအဖြတ်ပေးထားသလို ဖြစ်နေတဲ့အတွက် ဒါဟာ တရားရုံးက အပြစ် မရှိကြောင်း ဆုံးဖြတ်နိုင်တဲ့ အလားအလာ အင်မတန်နည်းပါးသွားပြီးလို့ ဆိုရပါလိမ့်မယ်။ လက်ရှိမြန်မာနိုင်ငံမှာ တရားစီရင်ရေးဟာ အုပ်ချုပ်ရေး သြဇာအာဏာ လွှမ်းမိုးမှုက လွတ်ကင်းတဲ့ ယန္တယားမဟုတ်ပါဘူး။ ဒါထက် ပိုဆိုးတာက ဒီလို ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းဆီးချုပ်နှောင်းထားတာဟာ တရားဥပဒေကို ဘန်းပြပြီး နိုင်ငံရေးအရ လုပ်ဆောင် ထားခြင်းသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကိစ္စတွေကို ပြည်ပမှာ ဥပဒေအကြောင်းအရ ကိုယ်စားပြု ဆောင်ရွက်ပေးနေတဲ့ အမေရိကန်ရှေ့နေ Jared Genser ကလည်း အောက်ပါအတိုင်း သုံးသပ်ထားပါတယ်။

Jared Genser ။ ။ တကယ်တော့ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို စဖမ်းခဲ့ကတည်းက ဒါဟာ တရားဥပဒေနဲ့ ညီညွှတ်ခြင်း မရှိဘူးဆိုတာကို ကုလသမဂ္ဂအဖွဲ့ကြီးက အကြိမ်ကြိမ်ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို အမြန်ပြန်လွတ်ပေးဖို့ တောင်းဆိုနေတာကိုက ရွေးကောက်ပွဲ နဲ့ ဆက်နွယ်မှုရှိနေတာဆိုတာကို သိသာပါတယ်။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ နိုဝင်ဘာလဆိုတာ ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့တဲ့ကာလ ဖြစ်ပါတယ်။ ဒီအချိန်ရောက်မှ လွတ်ပေးမယ်ဆိုတာ တကယ်တော့ မြန်မာစစ်အာဏာပိုင်တွေ ကိုယ်တိုင်လုပ်ထားတဲ့ အစီအစဉ်အရ လွတ်ပေးရမယ့်ကာလ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသား John Yettaw ရေကူးဝင်ရောက်လာခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် (၃) နှစ် ချခဲ့ရာမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ပြစ်ဒဏ်တဝက်ကို သက်ညှာခွင့်ပေးပြီး တနှစ်ခွဲပဲ ကျခံစေခဲ့တာပါ။ ဒီလို တနှစ်ခွဲကျန်တဲ့ထဲမှာ ကောင်းမွန်စွာ နေထိုင်မယ်ဆိုရင် လျှော့ပေါ့ ပေးမယ်လို ဗိုလ်ချုပ်မှုးကြီးက ဆိုထားပါတယ်။ အခုတော့ ပြည်ထဲရေးဝန်ကြီးရဲ့ စကားအရဆိုရင် ဗိုလ်ချုပ်မှုးကြီးရဲ့ အမိန့် ဟာ အလဟဿ ဖြစ်သွားလေပြီလားလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ရဲ့ စီအီးစီ တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း က ထောက်ပြသုံးသပ်ထားပါတယ်။

ဦးဉာဏ်ဝင်း ။ ။ အဲဒီလို ပြောတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၀၉ ခုနှစ် မေလ (၁၃) ရက်နေ့ကစပြီး လက်ရှိ အမှုနဲ့ ပတ်သက်ပြီး အချုပ်စခဲ့တယ်။ (၁၈) လ နေရမယ်လို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့ အမိန့်မှာပါတော့ (၁၈) လက အခု ၂၀၁၀ နိုဝင်ဘာလမှာ ပြည့်တယ်။ ပြည့်တဲ့အချိန်မှာ လွတ်မယ်လို့ပြောတော့ သိပ်တော့ မထူးဆန်ဘူး။ သို့သော်လည်းပဲ ဒီမှာ တခုပြောစရာရှိတာက ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အမိန့်စာထဲမှာ ကောင်းမွန်စွာနေထိုင်ရင် စောစီးစွာလွတ်နိုင်တဲ့ အဓိပ္ပါယ်မျိုးပါတယ်။ အခု ဗိုလ်ချုပ်မောင်ဦး က ဒီလိုပြောလိုက်တော့ ဗိုလ်ချုပ်မှုးကြီး ပြောထားတာကို ပယ်ဖျက်လိုက် သလားလို့ အဲဒီလိုမြင်လာရတယ်။ အခု ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ စာသဘောအရ ကောင်းမွန်စွာ နေတယ်ဆိုတဲ့ကိစ္စက ဒေါ်အောင်ဆန်းစုကြည် က အခု တင်းတင်းကျပ်ကျပ် နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အခါမှာ စည်းကမ်းဖေါက်ဖျက်တာ တခုမှ မရှိဘူး။ ဖောက်ဖို့လည်း ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ အဲဒီတော့ ကောင်းမွန်စွာနေတဲ့ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်သူ က ဆုံးဖြတ်မလဲ။ အခု ဗိုလ်ချုပ်မောင်ဦးကတော့ မဆုံးဖြတ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးပြောတယ်။ ဒါနဲ့ ပတ်သက်ပြီး နောက်တခု ကျနော်တို့ သတိထားမိတာက ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အပေါ်မှာ အပြစ်ချတဲ့ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်တရားရုံးချုပ်မှာ ပြင်ဆင်မှု လျှောက်ထားတယ်၊ ပြင်ဆင်မှုကိုလည်း ကြားနားပြီးပြီ။ အမိန့်မထွက်သေးဘူး။ အဲဒီတော့ ပြင်ဆင်မှု တရားရုံးတော်က ဥပဒေသဘောအရ လွတ်ချင်လည်း လွတ်နိုင်တယ်၊ အတည်ပြုချင်လည်း ပြုနိုင် တယ်။ အဲဒီတော့ လွှတ်ချင်လို့ လွတ်နိုင်တဲ့ဟာကို အခုပြောလိုက်တဲ့ စကားအရ အနှောက်အယှက်ဖြစ်နိင်တယ်လို့ တွေးမိ တယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကို (၃) နှစ် ပြစ်ဒဏ်ချပြီး နိုင်ငံတော်အကြီးအကဲက တဝက်သက်ညှာခဲ့ပြီး တနှစ်ပဲ ဆက်ထားမယ်ဆိုတာကို ကြားခဲ့ရချိန်တုန်းက ကောင်းမွန်စွာနေမယ်ဆိုရင်လည်း လျှော့ပေါ့ပေးဦးမယ်ဆိုတာကို ကြားရခဲ့စဉ်က အားတက်စရာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစ တကယ်မြင်ရတော့မှာလားလို့ လူတိုင်းက မျှော်လင့်ခဲ့ကြပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာလမှ လွတ်မယ်။ ရွေးကောက်ပွဲကို ဒီထက်စောပြီး အောက်တိုဘာမှာ လုပ်မယ်လို့ သတင်းထွက်နေပါတော့ ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ရွေးကောက်ပွဲပြီးမှ လွှတ်ဖို့ အကွက်စေ့စေ့နဲ့ လုပ်ခဲ့တာလားလို့ သဘောပေါက်ရမလို့ ဖြစ်နေပါတယ်။ စစ်အစိုးရ ကြီးကြပ်ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေထဲမှာ ပြစ်မှုတခုကို ကျူးလွန် သဖြင့် သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းခံရ၍ ထောင်ဒဏ်ကျခံနေရသူဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံခွင့် မရှိဘူးလို့ ဆိုထားပါတယ် (ပုဒ်မ ၁၂၁ က)။ အခုပြန့်လွှင့်နေတဲ့ သတင်းတခုက ၂၀၁၀ အောက်တိုဘာမှာ ရွေးကောက်ပွဲလုပ်မယ်၊ နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်မယ်ဆိုတော့ ဒီပုဒ်မ အရ အရွေးခံခွင့် မရဘဲ ရှိနေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကရော ဒီလိုလုပ်ရပ်မျိုးကို လက်ခံကြပါသလား။ တနေ့ကမှ ပြုလုပ်ကျင်းပခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် Philip Crowley က ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးမယ်ဆိုတာကို လက်မခံနိုင်ကြောင်း၊ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

Philip Crowley ။ ။ မြန်မာနိုင်ငံအစိုးရနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ကျနော်တို့ မူဝါဒကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်ကို ဖွင့်ပေးဖို့ ကျနော်တို့လိုလားပါတယ်။ သူတို့မှာ ဒီနှစ်အတွင်း အရေးကြီးတဲ့ ရွေးကောက်ပွဲပြုလုပ်စရာ ရှိနေပါတယ်။ နိုင်ငံရေးသမားတွေသာမက တိုင်းရင်းသား လူမျိုးစု တွေပါ အားလုံးပါဝင်ခွင့် ပေးရမှာဖြစ်ပါတယ်။ ဒီအတွက် မြန်မာစစ်အစိုးရဘက်က ပိုပြီးလုပ်ဖို့ လိုအပ်နေတယ်ဆိုတာကို Mr. Kurt Campbell ကလည်း ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တောင်းဆိုနေတာ ကျနော်တို့ အနေနဲ့ ကြာခဲ့ပါပြီ။ စစ်အစိုးရကတော့ အခုထိ မလွတ်သေးပါဘူး။ အမြန်ဆုံး ပြန်လွတ်ပေးဖို့ လိုပါတယ်။ အခု ရွေးကောက်ပွဲ ပြီးမှ လွတ်မယ်ဆိုတာကတော့ အင်မတန် ကံမကောင်းအကြောင်းမလှတဲ့ ကိစ္စဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ သူမကို လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုနေမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်ဘက်က လက်မခံသလို ဥရောပသမဂ္ဂဘက်ကလည်း လက်ခံလိမ့်မယ် မဟုတ်ပါ။ ဥရောပ တဝှမ်း မြန်မာ့အရေးဆောင်ရွက်နေသူ ဦးနွယ်အောင်က အခုလိုရှင်းပြပါတယ်။

ဦးနွယ်အောင် ။ ။ ကျနော်တို့ကတော့ စစ်ဗိုလ်တွေပြောနေတာ ကြားရတာများတော့ သူတို့စကားကို ယုံရခက် မယုံရခက် ဖြစ်နေတယ်။ သူတို့ပြောချင်ရာပြောတယ်၊ ဆိုချင်ရာဆိုတဲ့သဘောတွေ။ ဟိုအရင်ကဆိုလည်း နိုင်ငံခြားရေးဝန်ကြီး (ဦးဝင်းအောင်) က ဒီတပတ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးမယ်လို့ ပြောခဲ့ပြီး သူလည်းထောင်ထဲရောက် ဆုံးသွားပြီး ဒေါ်စုကတော့ မလွတ်သေးဘူး။ အခုလည်း မောင်ဦး ကလည်း ပြောဆိုပြန်တယ်။ တခုတော့ရှိတာက လွတ်ရက် အချိန်ကိုက်ဖြစ်နေတော့ တိုက်ဆိုင်မှုရှိနေတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ကြိုလည်းကြိုဆိုရမှာအခက် ယုံရမှာလည်း ခက်ခက်ကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ လွတ်လာ တော့မှပဲ ကြိုဆိုနိုင်မယ်။ သတင်းကြားရုံလောက်နဲ့ ကျနော်တို့ ကြိုဆိုနိုင်မှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာတို့အနေနဲ့ ဒီလို လွှတ်မယ်ဆိုတဲ့ သတင်းတွေထွက်လာတာကို နိုင်ငံတကာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် နိုင်ငံတကာကို Lobby လုပ်ပြီးတော့ လှုံဆော်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုတော့ ဦးနွယ်အောင်တို့အနေနဲ့ ဒီသတင်းကို အခြေခံပြီးတော့ ဘယ်လိုများ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဆက်လုပ်မလဲ။

ဦးနွယ်အောင် ။ ။ ကျနော်တို့က ဒီလွတ်မယ်ဆိုတဲ့ အသံကြားကတည်းက UK (အင်္ဂလန်) မှာဆိုရင် နိုင်ငံခြားရေးဝန်ကြီး ရုံးသွားပြီး စကားပြောတဲ့အခါကျတော့ သူတို့ကလည်း ငါတို့လည်း ကြားတာများပြီ၊ အဲဒီတော့ လွတ်တဲ့အထိတော့ ငါတို့ စောင့်ကြည့်ရဦ်းမယ်လို့ ပြောပါတယ်။ တကယ်လို့ သေချာတယ် လွတ်တယ်ဆိုရင်တော့ သူတို့အနေနဲ့ ကြိုဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း political process မှာ အပြည့်အဝ ပါဝင်နိုင်အောင် သူတို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးနွယ်အောင် ဟာ မြန်မာ့အရေးလှုပ်ရှားနေသူ တဦးဖြစ်ပါတယ်။ မြန်မာ့အရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မြန်မာလူမျိုးမဟုတ်တဲ့ အမေရိကန်သံတမန်ဟောင်း Priscilla Clapp ကလည်း စစ်အစိုးရရဲ့ အပြောအဆိုကို သူအနေနဲ့ မယုံနိုင်ကြောင်း ပြောဆိုပါတယ်။

Priscilla Clapp ။ ။ ဟုတ်ကဲ့ ကျမကတော့ ဒီသတင်း တကယ်မှန်ပါစေလို့ပဲ ဆုတောင်းပါတယ်။ ဒါပေမဲ့ ကျမအနေနဲ့ တခုမှ အယုံအကြည် မရှိပါဘူး။ ကြားရတဲ့ဟာတွေ ဖြစ်မလာချင်း မယုံကြည်ပါဘူး။ ကောလဟလတွေက အင်မတန်မှ များပါ တယ်။ အတိတ်မှာလည်း ဒါတွေယုံမှတ် မှားခဲ့တာတွေ အများကြီးပါ။ အခုဟာက မြင်ရမှ ယုံမယ်ဆိုတာမျိုးပါ။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဒီတကြိမ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ပြောသွားတာကို အဲဒီ အခမ်းအနားမှာ တက်ရောက်ခဲ့သူ တွေက ပြောတာဖြစ်ပါတယ်။

Priscilla Clapp ။ ။ ဒါပေမဲ့ ဒီလိုအကြိမ်ကြိမ်ပဲ ပြောပြီးတော့ ရမယ်ရှာပြီးတော့ ဆက်လက်ချုပ်နှောင်ထားခဲ့တာပဲ။ သူတို့ တဘက်စောင်းနင်း တရားစီရင်တယ်၊ ဥပဒေနဲ့ မကိုက်ညီဘဲ တရားမဝင် ဖမ်းဆီးတယ်၊ ချုပ်နှောင်တယ်။ မကြာခဏ လုပ်ခဲ့တာပဲ။ ပြစ်မှုထင်ရှား တစုံတရာမရှိ စွဲဆိုနိုင်ခြင်းမရှိဘဲနဲ့ ဒီလိုလုပ်ခဲ့တာပါ။ ဒါဟာ လုံးဝ အဓိပ္ပါယ်မရှိပါဘူး။ သူတို့ကတော့ တရားဥပဒေအရ လုပ်တယ်ဆိုပြီးတော့ ပြောနေပေမဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ လုံးဝမရှိပါဘူး။ တကယ်တော့ စဖမ်းခဲ့ကတည်းက မတရားလုပ်ခဲ့တာပါ။ ဒါပေမဲ့ တကယ်လွတ်လာတယ်ဆိုရင် ကောင်းတယ်လို့ ဆိုရမှာပါ။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာရဲ့ သဘောထားတွေ၊ လုပ်ရပ်တွေဟာ ပြည်တွင်းအခြေအနေကို ထင်ဟပ်ဖြစ်ပေါ်လာခြင်း သာ ဖြစ်တယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ အဓိက အရေးကြီးတာကတော့ ပြည်တွင်းမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်မှု ရရှိရေးသာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့် မပေးဘဲထားတာကို မြန်မာ ပြည်သူတွေကရော ဘဝင်ကျမလား။ ၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က လက်ခံနိုင်မလား။ တိုင်းရင်းသားတွေကလည်း လက်ခံကြမှာလားဆိုတဲ့ လားပေါင်းများစွာနဲ့ မေးစရာ ဖြစ်နေပါပြီ။ ဒါကြောင့် ဒီလာမယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေအတွက် အဖြေတစုံတရာ မထွက်ပေါ်ဘဲ မေးခွန်းသစ်တွေပဲ ပိုမိုပေါ်ထွက်လာလေမလားလို့ စဉ်းစားမိပါကြောင်း။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG