သုံးရလွယ်ကူစေသည့် Link များ

ဒေါ်စု အိမ်ပြင်ဆင်မှု ရှေ့နေအဖွဲ့နဲ့ ဆွေးနွေး


နေအိမ်မှာ ဆက်လက်ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ဥပဒေအကျိုးဆောင်တို့ ဒီကနေ့ တွေ့ဆုံပြီး သူ ရင်ဆိုင်နေရတဲ့ နေအိမ်အမှုကိစ္စ၊ သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီတွင်း နိုင်ငံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ပါတီရုံးချုပ်မှာ တိုင်းနဲ့ပြည်နယ်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုတွေ၊ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုးချဲ့ဖွဲ့စည်းမှုတွေ၊ ပါတီရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ရှိ ဆောင်ရွက်ချက်တွေ အပေါ်မှာ သဘောတူ လက်ခံကြောင်း ပြောခဲ့တယ်လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံခဲ့တဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရစဉ် နေထိုင်နေတဲ့ အိမ်ကို ပြုပြင်ဖို့ လုပ်ဆောင်နေပေမဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကန့်ကွက်မှုတွေ ရှိခဲ့တဲ့နောက် ရပ်ဆိုင်းထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က တားမြစ်မှုတွေဟာ ဥပဒေနဲ့အညီ မဖြစ်တဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရစဉ် ကာလမှာပဲ နေအိမ်ပြင်ဆင်ခွင့် လျှောက်ထားခဲ့ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒီဇင်ဘာလဆန်းကစလို့ ပြင်ဆင်မှုတွေ စတင်ခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်း အမွေဆိုင်အဖြစ် ဦးအောင်ဆန်းဦးဘက်က ကန့်ကွက်ရာကစလို့ ရပ်နားထားရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး တရားဝင် ကန့်ကွက်ချက်နဲ့ ပတ်သက်လို့ ရှေ့လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်သွားဖို့လည်း ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG