သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲအရာရှိတဦး ထိုင်းနယ်စပ် ထွက်ပြေးလာ


ကရင်ပြည်နယ်က ရဲအရာရှိတဦးဟာ မနေ့က ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။ ဒုရဲအုပ်အဆင့် ရှိတဲ့ အဲဒီရဲအရာရှိဟာ ဝန်ထမ်းလစာ မလောက်ငှမှုနဲ့ တချို့ တာဝန်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ဥပဒေကြောင်းအရ ဆောင်ရွက်ခွင့် မရတာတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို မနေ့က ထွက်ပြေးတိမ်းရှောင်လာခဲ့တာ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်မှာ သံလွင်တံတား လုံခြုံရေး အပါအဝင် ကရင်ပြည်နယ်တွင်း ပြဿနာ တစုံတရာ မပေါ်ပေါက်စေဖို့အတွက် အထက်အာဏာပိုင်တွေက ရဲဝန်ထမ်းတွေကို နေ့ရောညပါ အလုပ်ခိုင်းစေမူတွေကြောင့် ဝန်ထမ်းလစာ မလုံလောက်မူ အခက်အခဲတွေကို ရဲဝန်ထမ်းတွေ တွေ့ကြုံနေရတယ် ဆိုတဲ့အကြောင်း လုပ်သက် ၁၄ နှစ်ရှိတဲ့ ရဲအရာရှိက အခုလို ပြောပြ ပါတယ်။

"ဥပမာ၊ ကျနော်တို့ ဟိုမှာအလုပ်လုပ်ရတာ နေ့ရောညရော။ နေ့လည်းမနားရဘူး။ ညလည်း မနားရဘူး အလုပ်လုပ်ရတယ်။ နောက်ပြီးတော့ မိသားစုအတွက်ကျတော့ ဘာမှပြန်မကြည့်နိုင်ဘူးပေါ့။ ဒီအလုပ်ထဲမှာပဲ သူတို့ခိုင်းတဲ့အလုပ်ကို တာဝန် ကျေအောင် လုပ်ရတာပေါ့။ ကျနော်တို့ကတော့ လုံခြုံရေး၊ ရဲနဲ့မဆိုင်တာ တခုမှမရှိဘူးဗျ။ အကုန်လုံးက ဘာပဲဖြစ်ဖြစ် ရဲမပါလို့ မရဘူး။ အကုန်လုံးက ကျနော်တို့ချည်းပဲ သွားပြီးတော့ ဆောင်ရွက်နေရတယ်။ နေ့ခင်းပိုင်းရော၊ ညပိုင်းရော။ ညပိုင်းဆိုရင် လှည့်ကင်း၊ ဝပ်ကင်း၊ ပတ်ကင်းပေါ့၊ တာဝန်ခွဲပြီးတော့ မိုးလင်းပေါက် တာဝန်ယူပေးရတယ်။ ကျနော်တို့ဆီမှာ တပ်ဖွဲ့ဝင်အင်အားက နည်းတော့ ယောကျ်ားတွေ ရှေ့မှာ မြို့ပေါ် လှည့်ကင်းသွားတယ်၊ တခြားလုံခြုံရေး၊ တံတားလုံခြုံရေး၊ အရေးကြီးတဲ့ အဆောက်အဦး လုံခြုံရေး သွားတယ်ဆိုလို့ရှိရင် စခန်းမှာအင်အားနည်းတာကိုး။ အဲဒါကြောင့် တပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်စား အမျိုးသမီးတွေကို အဲဒီမှာ ကျနော်တို့ အပေါက်မှာ လုံခြုံရေး ချထားပေးတာပေါ့။ ကရင်ပြည်နယ်က နယ်စပ်မြို့ ဖြစ်တော့ ဒီဘက်ကနေ ဖောက်ခွဲဖျက်ဆီးရေး သတင်းတွေ ရတယ်၊ ပြည်တွင်းကိုဝင်တဲ့ သတင်းတွေ ရတယ်။ တခြား လှုပ်ရှားမှု သတင်းတွေ ရတယ်ပေါ့။ မြို့နယ်အတွင်းမှာ ဝင်ရောက်ဖောက်ခွဲမှု မခံရရေးအတွက် အထက်လူကြီးတွေကနေ ပြီးတော့ လုံခြုံရေးတာဝန်တွေ ခွဲပြီးတော့ ဆောင်ရွက်စေတာပေါ့လေ။"

အခုအခါမှာတော့ ရဲဝန်းထမ်းတွေရဲ့ မိသားစုတွေပါ ညဘက် ကင်းစောင့်ရတဲ့အလုပ်ကို လုပ်ဆောင်နေရတာကြောင့် မိသားစုတွေရဲ့ စားဝတ်နေရေး အရ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဆက်ပြောသွားပါတယ်။

"မိသားစုတွေကတော့ ကျနော်တို့ရဲ့ အလုပ်များသလို နောက်က မိသားစုတွေလည်း အကုန်လုံး အလုပ်များတာ။ ညဘက်ဆို ကင်းစောင့်၊ တော်ကြာနေ အစည်းအဝေးတက်၊ ဟိုဆွေးနွေးပွဲသွား၊ ဒီဆွေးနွေးပွဲသွားပေါ့။ မိသားစုကလည်း စောစောက ပြောသလိုပေါ့ ကျနော်တို့ အမျိုးသမီးတွေဆို အိမ်ကိစ္စ ဘာမှမလုပ်နိုင်ဘူး။ ကျနော်ဆို လစာ ၃၆,၀၀၀ ရတာကို ကလေးက နှစ်ယောက်ရှိတယ်။ သူတို့ကျူရှင်ထားတာက ၂၅,၀၀၀ လောက်ရှိတယ်။ ကျန်တဲ့ ၁၀,၀၀၀ ကျော်ကတော့ ကျနော်တို့ မိသားစု ၄ ယောက် ဒီလိုပဲ ဘဝ ရပ်တည်ရတယ်။"

ကရင်ပြည်နယ်တွင်းမှာ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်တဲ့အခါမှာ ကန့်သတ်ကုန်တွေ ဖမ်းဆီးရတာ၊ တရားမဝင် ကုန်ပစ္စည်းတွေ ခိုးသွင်းတဲ့ကားတွေကို ဖမ်းဆီးရတာအပြင် ဥပဒေအရ ချိုးဖောက်သူတွေကို အရေးယူခွင့်တွေက အကန့်အသတ်တွေ ရှိတယ်လို့လည်း ပြောပါတယ်။ ဥပဒေဆိုတာ အထက်လူကြီးတွေရဲ့ လက်ထဲမှာပဲ ရှိနေတဲ့အကြောင်း ရဲအရာရှိက ဆက်ပြောပြပါတယ်။

"ဥပဒေအတိုင်း ဆောင်ရွက်တဲ့နေရာမှာလည်း တချို့ဟာတွေကျတော့ အဖွဲ့အစည်းတွေ ပါတာကိုး။ ငြိမ်းချမ်းရေး အဖွဲ့အစည်းတို့၊ အလင်းဝင်တဲ့ အဖွဲ့အစည်းတို့၊ ဒီအဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် ကျနော်တို့က ပြဿနာမဖြစ်အောင် ရှောင်တိမ်းပြီး နေရတာပေါ့။ ပြဿနာဖြစ်ရင် အရေးယူခံရတာတို့ ဘာတို့ရှိတဲ့အတွက် ဥပဒေနဲ့တော့ မညီညွတ်ဘူးပေါ့။ အရင်ကတော့ အဲဒီအဖွဲ့တွေရဲ့ ကားတွေကို ဖမ်းတယ်ဗျ။ အခုနောက်ပိုင်းတော့ ရဲက ကားတောင်မတားတော့ဘူး။ အဲဒီ ကားတွေက တံတားတွေကို သူတို့ဟာသူတို့ တိုက်ရိုက်တန်းသွားနေတာ။ ကျနော်တို့ ရဲကတော့ အထက်ကပေးတဲ့ အမိန့် ကိုပဲ နာခံရတာကိုး။ တားဆိုလည်းတား၊ မတားနဲ့ဆိုလည်း မတားနဲ့ပေါ့။"

လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင် လပခ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကို ရဲ့ ညီမဖြစ်သူကားနဲ့ ရှေးဟောင်း ပစ္စည်း တွေ ခိုးထုတ်တာကို ဖမ်းမိခဲ့ပေမဲ့ ဗိုလ်ချုပ် ကိုကို ရဲ့ အမိန့်အရ ကားကို ချက်ချင်း ပြန်လွှတ်ပေးခဲ့ရကြောင်း၊ ရဲ ဆိုတာဟာ ဥပဒေအရထက် အထက်ကလာတဲ့ အမိန့်ကိုပဲ စောင့်ပြီး အလုပ်လုပ်နေရကြောင်း၊ ဗိုလ်ချုပ်ကြီးတွေနဲ့ ဆက်နွယ် ပတ်သက် သူတွေကိုလည်း မှားယွင်းစွာ ဖမ်းမိတယ်ဆိုရင် အရေးယူခံရမှာစိုးလို့ အရာအားလုံးကို သတိနဲ့ အလုပ် လုပ်နေရကြောင်း လည်း ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG