သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကို လက်နက်ရောင်းမှု တရုတ်လုံခြုံရေး ထိခိုက်နိုင်


အမေရိကန် ပြည်ထောင်စုက ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့် အစီအစဉ်ဟာ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးနဲ့ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် အပြင်းအထန် ဆန့်ကျင်တဲ့အကြောင်း ဆိုက်ပရပ်စ်မှာ ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ယန် ဂျီးချီ (Yang Jiechi) က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။ ထိုင်ဝမ်ရေလက်ကြားက ငြိမ်းချမ်းရေး ကြီးထွားမှုတွေကို အမေရိကန်က ပံ့ပိုးပေးနေတာတွေအပေါ် တန်ပြန် အကျိုးဆက်တွေ ဖြစ်စေတယ်လို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P J Crowley) က ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက်သာ ဖြစ်တယ်လို့ မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်ကို ဒေါ်လာ သန်း ၆,၄၀၀ တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေ ရောင်းချမယ့် အစီအစဉ်ကို အမေရိကန် အစိုးရက သောကြာနေ့တုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာဆိုရင် တရုတ်၊ အမေရိကန် ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်လို့လည်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။

မနေ့တုန်းကတော့ အမေရိကန်နဲ့ စစ်ဘက်ဆိုင်ရာ ဖလှယ်မှု အစီအစဉ်တွေ၊ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေကို ရွှေ့ဆိုင်းတဲ့အကြောင်း တရုတ်အစိုးရက ကြေညာခဲ့တာ ဖြစ်သလို ထိုင်ဝမ်ကို လက်နက်ရောင်းမယ့် အမေရိကန် ကုမ္ပဏီတွေကို ပိတ်ဆို့ အရေးယူမယ်လို့ သတိပေး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG