သုံးရလွယ်ကူစေသည့် Link များ

အပစ်ရပ် မွန်ပြည်သစ် နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံ


အပစ်အခတ် ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံဘူးလို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲအတွက် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ဥပဒေထဲက တချို့အချက်အလက်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံတဲ့ အပစ်ရပ် အဖွဲ့တွေဟာ တူညီတဲ့ ရပ်တည်ချက်တွေ ရှိနေကြတယ်လို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ကျနော်တို့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေကြားမှာ တူညီတဲ့ ဒီနယ်ခြားတပ် ဒါမှမဟုတ် ပြည်သူ့စစ်ဖွဲ့ဖို့ ပြောလာတဲ့အပေါ်မှာ ကျနော်တို့အမြင်ပေါ့လေ၊ တူညီတဲ့ မူတွေကို ချုပ်ပြီးပြောရင်တော့ နံပါတ် ၁၊ စစ်မှန်တဲ့ ပြည်ထောင်စု တခုတည်းမှာ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့အောက်မှာ တပ်မတော်တခုတည်း ရှိရမယ်ဆိုတာ ကျနော်တို့ မူအားဖြင့် လက်ခံတယ်။

“နံပါတ် ၂၊ အဲဒီ ရှိနေတဲ့ သူတို့ လူမျိုးစု တိုင်းရင်းသားတွေရဲ့ တပ်အသီးသီးကလည်း မိမိတို့ရဲ့ ဆိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်။ အဲဒီအခြေခံမူ ၂ ခုကို ကျနော်တို့ ချုပ်ပြီးပြောရင် တူညီကြတယ်လို့ မြင်တယ်။ အဲဒီအမြင်ကိုလည်း ကျနော်တို့ပါတီ အနေနဲ့ ဒါ မူအနေနဲ့တော့ လက်ခံတယ်။ ဒါပေမဲ့ လက်တွေ့ ပြေလည်အောင်တော့ အချင်းချင်း အားလုံးညှိနှိုင်းဖို့ လိုမှာပေါ့။”

မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံဘူးလို့ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က အခုလို ဆိုပါတယ်။

“တဘက်ကလည်း နယ်ခြားစောင့်တပ် ဆိုပြီးတော့ ကျနော်တို့ တိုင်းရင်းသားတပ်တွေကိုလည်း အသွင်ပြောင်းဖို့ အဲဒီလိုလုပ်နေတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ပါတီ အမြင်ကလည်း ထင်ထင်ရှားရှား ပြန်ကြားပြီးတော့ ပြောထားပြီးသား ဖြစ်တယ်။ လောလောဆယ် နယ်ခြားစောင့်တပ် ဖွဲ့ဖို့လည်း လူထုတွေရဲ့ အမြင်အရ လက်မခံနိုင်သေးဘူး။ အဲဒီအခြေအနေမျိုး ဖြစ်နေတော့ တဘက်က စစ်အစိုးရက ကျနော်တို့ရဲ့ ရပ်တည်ချက်အပေါ်ပေါ့၊ လက်မခံနိုင်တဲ့ ရပ်တည်ချက် အပေါ်မှာ သူတို့လည်း သဘောမတိုက်ဆိုင်တော့ အဲဒီအပေါ်မှာ သူတို့က ဘယ်လိုလှုပ်ရှားလာမလဲဆိုတာ ကျနော်တို့က တဘက်က သတိထား စောင့်ကြည့်နေရတာပေါ့။”

လက်ရှိအခြေအနေမှာ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရအကြား ဆက်ဆံရေး အပိုင်းတွေမှာ အေးစက်မှု ရှိလာသလို မွန်ပြည်သစ်ပါတီ အနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ဥပဒေထဲက တချို့ အချက်အလက်တွေကို မပြင်ရင် လက်မခံနိုင်ဘူးလို့ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က အခုလို ပြောပါတယ်။

“ကျနော်တို့က အပစ်အခတ် ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ အဖြေရှာချင်တယ်။ ဒီကနေ့ ကျနော်တို့နိုင်ငံရဲ့ အခြေအနေကလည်း ဒီမိုကရေစီ အရေးရော၊ တိုင်းရင်းသား အရေးရော ပြေလည်အောင် အကောင်းဆုံးနည်းက တွေ့ဆုံဆွေးနွေးပြီးတော့ အချင်းချင်း ညှိနှိုင်းပြီး အဖြေရှာရေးပဲလို့ ကျနော်တို့ မြင်တယ်။ ဒီနေ့ ဒီအချိန်ထိလည်း အချိန်က ရှိနေသေးတယ်လို့ မြင်တယ်။ အဲဒီအမြင်နဲ့ပဲ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်ရေးအတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

“တချိန်တည်းမှာ စစ်အစိုးရကလည်း ရွေးကောက်ပွဲအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံကို အခြေခံပြီးတော့ ကြိုးပမ်းနေတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံကိုလည်း သင့်လျော်တဲ့ အချက်တွေကို မပြင်ရင် ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့အမြင်က ဘယ်လိုဖြစ်ဖြစ်ပေါ့၊ အခြေအနေက အဲဒီလို ရှိနေသည့်တိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ ပြဿနာရော၊ ကျနော်တို့ တိုင်းရင်းသား ပြဿနာရော ပြေလည်မှာဖြစ်လို့ အဲဒီဖြစ်ရေးအတွက်အပေါ် ဆက်ပြီးတော့ ကြိုးစားပြီး တိုက်ပွဲဝင် တင်ပြနေဆဲ ဖြစ်ပါတယ်။”

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီးတော့ ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်မှာ ကျင်းပခဲ့ပါတယ်။ မွန်အမျိုးသား တပ်မတော်ရဲ့ စစ်ရေးပြ အခမ်းအနားတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ပြည်တွင်းပြည်ပက မွန်ပြည်သူတွေ အများအပြား တက်ရောက်ခဲ့သလို ဘုရားသုံးဆူမြို့က ဒေသခံ အာဏာပိုင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မွန်အမျိုးသားနေ့ဟာ သံမလကုမ္မာနဲ့ ဝိမလကုမ္မာ မင်းသားနှစ်ပါး ဟံသာဝတီ မွန်နေပြည်တော်ကို တည်ထောင်ခဲ့တဲ့ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG