သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်တွေနဲ့ ပြန်လည်သင့်မြတ်ရေး အာဖဂန်သမ္မတ ထပ်မံ ပြောဆို


အာဖဂန်နစ္စတန် အစိုးရအပေါ် တိုက်ခိုက်နေတာတွေကို ရပ်ပြီး နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံဖို့ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) က တာလီဘန် ခေါင်းဆောင်တွေကို ထပ်မံပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့က ကဘူးလ်မြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တာလီဘန်တွေကို ငြိမ်းချမ်းရေးအတွက် လုပ်ကြပါလို့ မစ္စတာ ကာဇိုင်းက တိုက်တွန်းခဲ့ပါတယ်။

အစွန်းရောက် လုပ်ရပ်တွေကို စွန့်လွှတ်ရင် တာလီဘန် တိုက်ခိုက်ရေးသမားဟောင်းတွေကို စီးပွားရေး လုပ်ပိုင်ခွင့်တွေ ပေးဖို့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို သူနဲ့ အနောက်နိုင်ငံ မဟာမိတ်တွေကြား သဘောတူခဲ့ပြီး ၃ ရက်အကြာမှာ သမ္မတ ကာဇိုင်းက အခုလိုပြောတာ ဖြစ်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းတဲ့ အနေနဲ့ လိုယာ ဂျာဂါ (Loya Jirga) လို့ခေါ်တဲ့ တိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင် အားလုံးပါဝင်တဲ့ စည်းဝေးပွဲကြီးကို မကြာခင်မှာ ကျင်းပပေးမယ်လို့လည်း သမ္မတက ပြောပါတယ်။

လက်နက်စွန့်ရင် စီးပွားရေး အခွင့်အလမ်းတွေ ပေးမယ့် ကမ်းလှမ်းချက်မှာ အယ်လ် ကိုင်းဒါး အဖွဲ့ဝင်တွေတော့ မပါဘူးဆိုတာကိုလည်း သမ္မတ ကာဇိုင်းက ထပ်ဖြည့်ပြောပါတယ်။

ဆွေးနွေးမှု တစုံတရာ မလုပ်ခင်မှာ အာဖဂန်နစ္စတန်ကနေ နိုင်ငံတကာတပ်တွေ အရင်ရုပ်သိမ်းဖို့ လိုအပ်တယ်လို့ တာလီဘန်တွေက အမြဲပြောနေတာ ဖြစ်ပါတယ်။ သမ္မတ ကာဇိုင်းကတော့ ဒီတောင်းဆိုချက်က သဘာဝမကျဘူးလို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG