သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌ မာလာဝီနိုင်ငံ ယူမည်


အာဖရိက သမဂ္ဂရဲ့ အလုပ်အမှုဆောင် ကောင်စီမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးကြပြီးတဲ့နောက် မာလာဝီနိုင်ငံက ဥက္ကဋ္ဌတာဝန်ကို ရရှိသွားပါတယ်။ နောက်နှစ်အတွက် အာဖရိက သမဂ္ဂ ဥက္ကဋ္ဌတာဝန်ကို မာလာဝီ သမ္မတ ဘင်ဂူ ၀ မူသာရီကာ (Bingu wa Mutharika) က တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်ရေး စနစ်တရပ် ဖန်တီးဖို့ ဥက္ကဋ္ဌသက်တမ်း ဒုတိယနှစ် ဆက်လက်ရရှိအောင် လစ်ဗျားခေါင်းဆောင် မိုအမ်မာ ကဒါဖီ (Moammar Gadhafi) က စည်းရုံးခဲ့ပါသေးတယ်။ ဒါပေမဲ့ အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အဒစ်စ် အဘာဘာ (Addis Ababa) မှာ ကျင်းပတဲ့ တနင်္ဂနွေနေ့က ထိပ်သီး အစည်းအဝေးမှာ ကဒါဖီ ဥက္ကဋ္ဌဖြစ်ရေးကို အာဖရိက ခေါင်းဆောင်တွေက ပယ်ချလိုက်ကြပါတယ်။

အာဖရိက ခေါင်းဆောင်တွေမှာ နိုင်ငံရေး စိတ်ဆန္ဒ မရှိဘူးလို့ မစ္စတာ ကဒါဖီက သူ အပယ်ချခံရပြီးတဲ့နောက် ဝေဖန်ပါတယ်။ ၅၃ နိုင်ငံ ပါဝင်တဲ့ အာဖရိက သမဂ္ဂ အစည်းအဝေးမှာ မိန့်ခွန်းရှည်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ကြေညာချက်တွေနဲ့ အချိန်ဖြုန်းနေပြီး ဝန်းကျင်မှာ ဖြစ်နေတဲ့ ကမ္ဘာ့အခြေအနေကို လျစ်လျူပြုနေကြတယ်လို့ သူက ဝေဖန်ပါတယ်။

အာဖရိက ပူးပေါင်းဆောင်ရွက်ရေးကို သူ ဆက်လက်ဆောင်ရွက်မယ်လို့ မစ္စတာ ကဒါဖီက ဆိုပါတယ်။

အစဉ်အလာအားဖြင့် အာဖရိကတိုက်ရဲ့ ဒေသကြီး ၅ ခုကြားမှာ အာဖရိက သမဂ္ဂ ဥက္ကဋ္ဌနေရာကို အလှည့်ကျ နှစ်စဉ် တာဝန်ပေးပါတယ်။ ဒီနှစ်က အာဖရိက တောင်ပိုင်းဒေသအလှည့် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG