သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ILO တိုင်ကြားသူ ရှေ့နေ ဦးဖိုးဖြူအမှု တရားရုံးချုပ် အထူးအယူခံ ကြားနာမည်


ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကို တိုင်တန်းမှုတွေနဲ့ ဆက်နွယ်ပြီး လယ်မြေအသိမ်းခံရတဲ့ လယ်သမားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ရင်း ကိုယ်တိုင် အကျဉ်းကျခံနေရတဲ့ ရှေ့နေ ဦးဖိုးဖြူရဲ့ အမှုကို နေပြည်တော် တရားသူကြီးချုပ်ရုံးက အထူးအယူခံ ကြားနာဖို့ ရှိပါတယ်။ ILO အမှုဆောင် ညွှန်ကြားရေးမှူး ကာရီ တာပီယိုလာ (Kari Tapiola) ကိုယ်တိုင် မြန်မာအာဏာပိုင်တွေဆီ တင်ပြ ဆွေးနွေးခဲ့တဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး အခုလို တရားဥပဒေအရ ဆက်လက် ဆောင်ရွက်မှုတွေ ရှိလာတာ အပြုသဘော ဆောင်တယ်လို့ ILO ဌာနေ ကိုယ်စားလှယ်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရှေ့နေ ကိုဖိုးဖြူခေါ် ကိုရန်နိုင်အောင်ဟာ မကွေးတိုင်းထဲက တောင်သူလယ်သမားတွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေရင်း ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ အာဏာပိုင်တွေက သူ့ကို အသင်းအပင်း အဖွဲ့များဆိုင်ရာ ဥပဒေနဲ့ အရေးယူတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အခု နေပြည်တော် တရားသူကြီးချုပ်ရုံးက အထူးအယူခံ အဖြစ်နဲ့ ပြန်လည်ကြားနာဖို့ ရှိတယ်လို့ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“၁၅ ရက်နေ့ နေပြည်တော်မှာ အပြီးသတ် လျှောက်လဲရမှာပါ။ တရားသူကြီးချုပ်က ညွှန်ကြားချက်နဲ့ အမှု ပြန်ဖွင့်ပေးတာပါ။ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၈ အရ တရားသူကြီးချုပ် ကိုယ်တိုင် ဖွင့်ရပါတယ်။ အဲဒီလို ဖွင့်ထားတာကို ကျနော်တို့က ၁၅ ရက်နေ့ နေပြည်တော်မှာ ဝန်ကြီး ၃ ပါးထိုင်နဲ့ လျှောက်လဲချက်ပေးဖို့ ချိန်းထားပါတယ်။”

ကိုဖိုးဖြူရဲ့ အမှုဟာ အထက်မြန်မာပြည်ဘက်က အမှု ဖြစ်တဲ့အတွက် တရားသူကြီး ၃ ပါးထိုင် ကြားနာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကိုဖိုးဖြူရဲ့ အမှုအတွက် လျှောက်လဲဖို့ ပြင်ဆင်ထားတာတွေနဲ့ ပတ်သက်ပြီး …

“ကျနော်တို့ကတော့ အစကတည်းက အယူခံတွေ၊ ပြင်ဆင်တွေ တက်ပေးထားပါတယ်။ ကိုဖိုးဖြူဟာ အသင်းအဖွဲ့ ဥပဒေပုဒ်မ ၆ နဲ့ မငြိစွန်းပါဘူး။ သူက အသင်းအဖွဲ့ ဥပဒေပုဒ်မ ၃(ဂ) တို့၊ ၅(ဂ) တို့ ကျူးလွန်တယ် ဆိုပြီးတော့ ပုဒ်မ ၆ အရ ထောင်ဒဏ် ၄ နှစ် ချထားတာပါ။ သူ့မှတ်တမ်းထဲမှာ သူငယ်ချင်းတွေနဲ့ ရေးထားတဲ့ အဖွဲ့သေးလေးကို အသင်းအဖွဲ့ ဖွဲ့တယ်ဆိုပြီးတော့ စွပ်စွဲပြီး ပြစ်ဒဏ်ချတဲ့အတွက် လွှတ်ပေးဖို့ပဲ ကျနော်တို့ လျှောက်လဲမှာပါ။” လို့ ဆက်ပြောသွားပါတယ်။

အခုလို နေပြည်တော် တရားသူကြီးချုပ်ရုံးက ကြားနာတာမျိုးဟာ သိပ်ကို ရှားပါးတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ အခု အောက်ရုံးတွေမှာ ဆင့်ကဲဆင့်ကဲ တက်တာတောင်မှ ပုဒ်မ ၇ နဲ့ အပယ်ခံရရင် ပုဒ်မ ၈ နဲ့ လျှောက်ရင်တောင်မှ တရားမတို့ ရာဇဝတ်တို့ဟာ ဖွင့်ခဲပါတယ်။ အခုဟာကတော့ ညွှန်ကြားချက်နဲ့ တိုက်ရိုက် ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒီအမှုမျိုးကတော့ ဖွင့်ခဲပါတယ်။ တရားစီရင်ရေး ဥပဒေမှာ အဆင့်မြင့်တဲ့ တရားသူကြီးတွေကနေ အမှုကိုယူပြီး ပြန်ဖွင့်ပေးလေ့ ရှိပါတယ်၊ ဥပဒေအရ။ ကျနော်တို့ လေ့လာမိသလောက်တော့ ပုဒ်မ ၈ နဲ့ ဖွင့်တာက တနှစ်မှ တမှု ရှိခဲပါတယ်။”

ရှေ့နေ ဦးမြင့်သွင် ပြောပြသွားတာ ဖြစ်ပါတယ်။

ရှေ့နေ ကိုဖိုးဖြူဟာ ILO ကို တိုင်ကြားသူ အမှုတွေကို လိုက်ပါဆောင်ရွက်ရာက အခုလို ပြစ်ဒဏ် ကျခံခဲ့ရတာမို့ သူ့အမှုနဲ့ ပတ်သက်ပြီး ILO က အထူးဂရုစိုက် ဆောင်ရွက်နေပါတယ်လို့ ရန်ကုန်က ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall) က ပြောပါတယ်။

“သူ့ရဲ့အမှုကို မစ္စတာ တာပီယိုလာ ကိုယ်တိုင် မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ILO က ဒါကို မပြတ် ဆွေးနွေးနေတာပါ။ သူ့ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ILO က သိပ်အလေးထားပြီး ဆောင်ရွက်နေတာပါ။ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာမို့ ဒီရှေ့နေ အပါအဝင် တခြား ဖမ်းထားသူ အားလုံးနဲ့ ပတ်သက်ပြီး အကြောင်းပြန်မှာကို ကျနော်တို့ စောင့်ဆိုင်းနေပါတယ်။” လို့ ပြောသွားပါတယ်။

ILO ရဲ့ အနေအထားကို ရှင်းရှင်းလင်းလင်း ပြောပြထားပြီးပြီမို့ မြန်မာအာဏာပိုင်တွေ ဘက်ကလည်း ဒီလို ILO ကို တိုင်ကြားမှုနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ်ချမှတ်မှုတွေ နောင်မှာ မရှိအောင် လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေဘက်က ဘယ်လိုလုပ်ဆောင်မယ် ဆိုတာကို စောင့်ကြည့်နေပါတယ်လို့လည်း ဆိုပါတယ်။

ရှေ့နေ ကိုဖိုးဖြူရဲ့ အမှုကို ၁၅ ရက်နေ့ အယူခံ ကြားနာဖို့ရှိတယ် ဆိုတာကို ILO ကို အကြောင်းမကြားသေးပေမဲ့ ဒီလို ဆောင်ရွက်လာမှုတွေဟာ အကောင်းလက္ခဏာ ဆောင်နေတယ်လို့လည်း ပြောပါတယ်။

“ဒီလို အခြေအနေမျိုး ရောက်နေသူတွေအတွက် တရားဥပဒေအရ ဆက်လက်ပြီး အရေးယူ ဆောင်ရွက်ခွင့် ရတာမျိုးဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီလို အယူခံဝင်ခွင့် ပေးတာမျိုးဟာ အကောင်းလက္ခဏာ ဆောင်လာတာပါ။ သူ့လို အခြေအနေမျိုး ရောက်နေသူတွေနဲ့ ပတ်သက်ပြီး ဒီလို အခွင့်အရေးတွေ ပေးဖို့အတွက် မြန်မာအာဏာပိုင်တွေကို ကျနော်တို့က ဆက်ပြီး တိုက်တွန်းသွားမှာပါ။ ဒါ့အပြင် တရားရေး စနစ်ကလည်း ဒီလိုလူမျိုးတွေကို ချက်ချင်းလွှတ်ပေးမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။” လို့ ILO ဌာနေ ကိုယ်စားလှယ် မစ္စတာမာရှဲလ်က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG