သုံးရလွယ်ကူစေသည့် Link များ

UNHCR ဒုက္ခသည်တွေအတွက် မလေးရှားအစိုးရ ယာယီနေထိုင်ခွင့် ကတ်ပြား ထုတ်ပေးမည်


မလေးရှားက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံထားရသူတွေကို တတိယနိုင်ငံ တခုခုမှာ အခြေချခွင့် မရခင်စပ်ကြား တရားဝင် နေထိုင်နိုင်ဖို့ အသိအမှတ်ပြုကတ်တွေ ထုတ်ပေးသွားမယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ဒုက္ခသည်လက်မှတ် ကိုင်ထားသူတွေကို တရားဝင် နေထိုင်ခွင့်ကတ်တွေ ထုတ်ပေးမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်ချုပ် မာမွတ် အဒမ်က မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အသိအမှတ်ပြု ကတ်ရသူတွေဟာ တတိယနိုင်ငံ တခုခုကို အခြေချခွင့် မရခင်မှာ ယာယီနေထိုင်ခွင့် ရမှာဖြစ်ပြီး ကျပန်းအလုပ်တွေကို လုပ်ကိုင်ခွင့် ပေးမယ်လို့လည်း ဆိုပါတယ်။

ကွာလာလမ်ပူ UNHCR ရုံး ပြောရေးဆိုခွင့်ရှိသူ မစ်စ် ယန်တီ အစ်စ်မေးလ် (Ms. Yante Ismail) က ဒီအစီအစဉ်ကို ကြိုဆိုလိုက်ပါတယ်။

“မလေးရှား အစိုးရက ဒုက္ခသည်တွေကို အသိအမှတ်ပြု လက်မှတ် ထုတ်ပေးဖို့ အလေးအနက် စဉ်းစားပြီး ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်လာတာကို UNHCR က ကျေးဇူးတင်ပါတယ်။ ဒုက္ခသည်တွေ လုံခြုံရေးအတွက် ခိုင်လုံတဲ့ စာရွက်စာတမ်း အထောက်အထားက သိပ်ကို အရေးကြီးပါတယ်။” လို့ ပြောသွားပါတယ်။

ဒီကတ်တွေရဲ့ သက်တမ်း အပါအ၀င် အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့ UNHCR ဟာ အာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

အလုပ်သမားအရေး ကူညီနေတဲ့ ကွာလာလမ်ပူက ကိုထွန်းထွန်းက အခုအစီအစဉ်ဟာ UNHCR ရော၊ မလေးရှားအစိုးရ အတွက်ပါ အဆင်ပြေတယ်လို့ ဆိုပါတယ်။

“မလေးရှား UNHCR ကနေပြီးတော့ နိုင်ငံခြားကို တနှစ်တနှစ် သူတို့ပို့ပေးနိုင်တဲ့ လူအင်အားနဲ့ ဒီမှာရှိတဲ့ Refugee အင်အားနဲ့ မမျှတဘူး ဖြစ်နေတယ်။ နောက်တခါ မလေးရှားအစိုးရ အနေနဲ့ ရှေ့လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စပြီးတော့ တရားမ၀င် နိုင်ငံခြား အလုပ်သမား နှိမ်နင်းရေး လုပ်လာတဲ့အခါမှာ ဒီ ID ကတ်ကိစ္စကို သဘောမတူဘူးဆိုရင် Refugee ကတ်တွေကို အကုန်လုံး ဖမ်းလို့ရတယ်။

“ဒါပေမဲ့ ဖမ်းပြီးလို့ရှိရင် တခါ UNHCR ကနေပြီး လ၀ကမှာ ဘယ်သူ၊ ဘယ်သူ ပြန်လွှတ်ပေးပါဆိုပြီး လူသားချင်း စာနာတဲ့ Humanitarian ground နဲ့ လျှောက်လို့ရှိရင် အကုန် ပြန်လွှတ်ပေးတယ်။ အဲဒီအခါကျတော့ ဒီ Refugee တွေက ဖမ်းလိုက် လွှတ်လိုက်၊ ဖမ်းလိုက် လွှတ်လိုက်ဆိုတဲ့ သူတို့မှာ လုပ်ငန်းစဉ်တခု ရှုပ်နေတယ်။ အဲဒီရှုပ်တဲ့ဟာကို သူတို့ ဖြေရှင်းလိုက်တယ်လို့ ကျနော်မြင်တယ်။”

မလေးရှားဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်ကို လက်မှတ်မထိုးထားတာကြောင့် ဒုက္ခသည်လက်မှတ် ကိုင်ထားသူတွေကို မကြာခဏ ဖမ်းဆီးလေ့ ရှိပါတယ်။

ကွာလာလမ်ပူက ဒုက္ခသည် တယောက်ကလည်း အခုအစီအစဉ်သစ်ဟာ သူတို့အတွက် လုံခြုံမှုရှိတယ်လို့ ပြောပါတယ်။

“အေးပေါ့၊ ဒီမှာနေတဲ့အချိန်မှာ ရဲမဖမ်းဆီးဘူး ဆိုလို့ရှိရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမဲ့ ဒုက္ခသည် တော်တော်များများကတော့ ဒီနိုင်ငံမှာ စားဝတ်နေရေး အခက်အခဲရှိတယ်။ တတိယနိုင်ငံကို ရောက်လို့ရှိရင် သူတို့ဟာ လုံလုံခြုံခြုံနဲ့ လုပ်ကိုင်စားသောက်လို့ ရမယ်လို့ မျှော်လင့်တဲ့ အတွက်ကြောင့် ဒုက္ခသည် တော်တော်များများဟာ တတိယနိုင်ငံကိုပဲ သွားချင်ကြတယ်။ အလုပ်အကိုင် ရှာဖွေပေးတဲ့ အဖွဲ့အစည်း တခုခုကနေပြီး ဒီလူတွေကို အလုပ်အကိုင်ရအောင် တခုခု လုပ်ပေးနိုင်ရင်တော့ ကောင်းတဲ့ အစီအစဉ် တခုပေါ့။ ဒီမှာနေတဲ့ အချိန်မှာ။”

ပြီးခဲ့တဲ့ ၂၀၀၆-၂၀၀၇ နှစ်တွေမှာလည်း ရိုဟင်ဂျာတွေကို အခုလို အသိအမှတ်ပြုကတ်တွေ ထုတ်ပေးခဲ့ပြီး မကြာခင်မှာဘဲ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ မလေးရှား UNHCR ရဲ့ စာရင်းအရ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူ ၇၅,၀၀၀ ကျော် ရှိတဲ့အထဲ ၆၀,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ အများစုက ချင်းလူမျိုးတွေနဲ့ ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG