သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည်တွေ ပြည်တွင်း ပြန်ပို့မည်


ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်မှာ တည်ရှိတဲ့ ယာယီဒုက္ခသည် စခန်းတွေက ကရင်ဒုက္ခသည် ၃,၀၀၀ လောက် အနက်က လူ ၁၅၀ ကျော်လောက်ကို ပထမအသုတ် အနေနဲ့ မနက်ဖြန်မှာ နေရပ်ရင်း ပြန်ပို့ဖို့အတွက် ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။ သူတို့ပြန်ရမယ့် နေရာတွေဟာ မြေမြှုပ်မိုင်းတွေ မရှင်းလင်းရသေးတာကြောင့် ဒီလို ပြန်ပို့မယ့် အစီအစဉ်ကို ရပ်တန့်ပေးဖို့ ကရင်အမျိုးသမီးအဖွဲ့က ထိုင်းအာဏာပိုင်တွေကို အရေးတကြီး တောင်းဆိုနေပါတယ်။ ဒီသတင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

တာ့ခ်ခရိုင် ထာ့ဆောင်ယန်မှာ ယာယီဒုက္ခသည်စခန်း ၃ ခုရှိပြီး အဲဒီစခန်းက ကရင်ဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက မြန်မာစစ်အစိုးရတပ်နဲ့ DKBA ခေါ် ကရင် ဗုဒ္ဓဘာသာ တပ်တွေက ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက်ချိန်မှာ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက် ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့တွေကို ထိုင်းအာဏာပိုင်တွေက နောင်ဘို၊ မယ့်ဥဆု၊ မယ့်စလစ် ဒုက္ခသည် စခန်းတွေမှာ ယာယီခိုလှုံခွင့် ပေးခဲ့ပြီး လွန်ခဲ့တဲ့ အပတ်အတွင်းက သူတို့ကို နေရပ်ရင်း ပြန်ပို့ဖို့အတွက် စီစဉ်လာတာ ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ယာယီခိုလှုံနေသူ ကရင်ဒုက္ခသည် ၃,၀၀၀ လောက်အနက်က ပထမအသုတ်အဖြစ် အိမ်ထောင်စု ၃၀ ကို ပြန်ပို့ဖို့ ထိုင်းစစ်တပ်က စီစဉ်နေတယ်လို့ ကရင် ဒုက္ခသည်ရေးရာ ကော်မတီက စောရောဘတ်ထွေးက အခုလို ပြောပါတယ်။

“ထိုင်းစစ်တပ် ရိမ်းဂျားတွေ ပြောတာတော့ မနက်ဖြန် ၅ ရက်နေ့မှာ သူတို့ ပို့မယ်တဲ့။ ပထမ သူတို့ပြောတာတော့ အိမ်ခြေ ၃၀ ပေါ့။ သူတို့က ပြောတယ်၊ သူတို့မှာ ပေါ်လစီ ရှိတယ်တဲ့၊ အဲဒီလူတွေကို ဟိုဘက်ပြန်ခိုင်းမယ်တဲ့။ ဟိုဘက်မှာ တိုက်ပွဲတွေ ဘာတွေ မရှိလို့ သူတို့ကလည်း ပြန်ခိုင်းတယ်ပေါ့။”

ဒုက္ခသည်တွေ ပြန်ရမယ့် နေရာဟာ စစ်ပွဲအတွင်းက အသုံးပြုခဲ့တဲ့ မြေမြှုပ်မိုင်းတွေ မရှင်းလင်းရသေးတဲ့ နေရာ ဖြစ်တာကြောင့် ဒုက္ခသည်တွေ ပြန်မယ်ဆိုရင် အသက်ရှင် ရပ်တည်ဖို့အတွက် ခက်ခဲမယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့အပတ်က သူတို့တွေကို ပြန်ပို့ဖို့အတွက် ထိုင်းအစိုးရ တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေနဲ့ ကရင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ပေမဲ့ တစုံတရာ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။ နောက် ထိုင်းအာဏာပိုင်တွေဘက်က ဒုက္ခသည်တွေရဲ့ စိတ်ဆန္ဒ မပါဘဲ အတင်းအကျပ် ပြန်မပို့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အခုအခါမှာတော့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့ဖို့အတွက် ထိုင်းစစ်တပ်က အတင်းအကျပ် ဖိအားပေးတာတွေ ရှိနေတယ်လို့ ကရင်အမျိုးသမီးအဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး ၁ ဖြစ်တဲ့ နော်ဘလူးမင်းနိုက်ဇံက ပြောပါတယ်။

“ပြန်ပို့ဖို့ သူတို့ စီစဉ်နေတာပဲ။ နေ့တိုင်းပဲ လူကြီးတွေ သွားပြီးတော့ ခြောက်လှန့်နေတယ်၊ ဖိအားပေးနေတယ်။ ခြောက်လှန့်ပြီး ပြန်ရမယ်ဆိုတဲ့ ပုံစံနဲ့။ သူတို့ရွေးထားတဲ့ မိသားစု အားလုံး ၃၅ အိမ်ထောင်စု၊ လူပေါင်း ၁၆၁ ယောက်လောက် ရှိနေတယ်။”

ကရင်ဒုက္ခသည်တွေကို ပြန်မပို့ဖို့အတွက် ကရင်အမျိုးသမီးအဖွဲ့က ထိုင်းအစိုးရကို ဒီလ ၂ ရက်နေ့က အသနားခံစာတစောင် ပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကာလတွေ အတွင်းက တချို့ ဒုက္ခသည်တွေ သူတို့နေအိမ်တွေမှာ ကျန်ရစ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သွားပြန်ကြည့်တဲ့ အချိန်မှာ မိုင်းထိပြီး သေဆုံးဒဏ်ရာ ရခဲ့တယ်၊ ဒါကြောင့် သူတို့တွေကို နေရပ်ရင်းကို ပြန်မပို့ဖို့အတွက် နော်ဘလူးမင်းနိုက်ဇံက ထိုင်းအစိုးရကို အခုလို ပန်ကြားထားပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေ့ကနေ ဒီနေ့အထိ ၈ လအတွင်းမှာ ပြန်သွားလို့ မိုင်းနင်းမိတာ အားလုံး ၅ ယောက်ရှိတယ်။ ၂ ယောက်ကတော့ မိုင်းနင်းမိပြီး သေသွားတယ်။ မနှစ်က စက်တင်ဘာလမှာ ၁၃ နှစ်လောက်ပဲ ရှိသေးတယ် ယောက်ျားလေးပေါ့၊ သူက တိရစ္ဆာန် ပြန်ကြည့်တဲ့အချိန် မိုင်းနင်းမိတယ်။ သူ့ရဲ့ ဘယ်ခြေထောက် ခြေသလုံးအောက်က ပြတ်ထွက်သွားတယ်။

“အဲဒီလိုပဲ ၂၀၁၀ ဇန်နဝါရီ ၁၈ ရက်နေ့မှာတုန်းကလည်း အမျိုးသမီးတယောက်၊ သူလည်း ကျန်ရစ်ခဲ့တဲ့ ကျွဲ၊ နွားတွေ ပြန်ကြည့်တာ၊ အဲဒီပြန်တဲ့ အချိန်မှာပဲ သူလည်း လယ်ကွင်းတနေရာမှာ မိုင်းနင်းမိတယ်။ အဲဒီအမျိုးသမီးကလည်း ကိုယ်ဝန်က ၈ လ ရှိတယ်။ ဖြစ်တော့ သူ့ကို မယ်တန် ဆေးရုံတင်တယ်။ အဲဒီကနေပြီးတော့ မဲဆောက်ဆေးရုံ ထပ်ပို့တယ်။ မဲဆောက်ရောက်ပြီး ၂ ရက်လောက်နေတော့ သူ့ကို ဗိုက်ခွဲမွေးပေးလိုက်ရတယ်။ အခုဆိုရင် သူ့ကလေးတော့ ရှင်လာတယ်။ ဒါပေမဲ့ သူကတော့ ဒဏ်ရာနဲ့ လုံး၀ လမ်းမလျှောက်နိုင်တော့ဘူး။

“ကျမ ထပ်ပြီးတော့ အလေးအနက် တောင်းဆိုချင်တာက ဒီလို အသက်ပေါင်း မြောက်မြားစွာ မြေမြှုပ်မိုင်းထဲ ပြန်ပို့တယ်ဆိုတာ လူကို သေတွင်းထဲ ပို့တာနဲ့ အတူတူပဲ။ အဲဒါကြောင့် လူသားချင်း စာနာစွာနဲ့ စစ်တပ်အနေနဲ့ ရပ်ပေးဖို့၊ ထိုင်းအစိုးရက ရပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

ဒီနေ့မနက်မှာလည်း ကရင်အမျိုးသမီးအဖွဲ့က ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဒုက္ခသည်တွေ ပြန်မပို့ရေးကို ထပ်မံ တင်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားကြတဲ့ အဖွဲ့အစည်း ၃၅ ခုကလည်း ဒီလို ပြန်မပို့ဖို့အတွက် ဝိုင်းဝန်း လက်မှတ်ရေးထိုးပြီး ထိုင်းဝန်ကြီးချုပ်ထံကို ဒီနေ့ပဲ စာတစောင် ပေးပို့ခဲ့ပါတယ်။

အခုပြန်ပို့ဖို့ စီစဉ်နေတာကတော့ လွန်ခဲ့တဲ့နှစ်က ထိုင်းနိုင်ငံကို လာရောက်ပြီး ယာယီခိုလှုံခွင့် ပေးထားတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ လောလောဆယ်မှာ ထိုင်း၊ မြန်မာ နယ်စပ်ဒေသ တလျှောက်မှာ ဒုက္ခသည်စခန်း ၇ ခု ရှိနေပြီး အနည်းဆုံး ဒုက္ခသည် ၁၄၀,၀၀၀ လောက် ခိုလှုံနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG