သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားစုဆောင်းမှု ILO ကို တိုင်မည်


ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့၊ အောင်ကုန်းကျေးရွာက အသက် ၁၆ နှစ်အရွယ် ကလေးတဦးဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကျောင်းသွားရင်း ပျောက်ဆုံးသွားခဲ့လို့ မိဘတွေက စိတ်ပူပြီး စုံစမ်းတဲ့အခါ ချေမြန်တပ်ရင်းတခုကနေ ကလေးစစ်သား အဖြစ် စုစောင်းသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေးမိဘတွေအနေနဲ့ ကလေးပြန်ရရေး ကမ္ဘာ့အလုပ်သမားအဖွဲ့ အိုင်အယ်လ်အို ကို တောင်းခံဖို့ ကြိုးစားနေကြပါတယ်။ ဒီအခြေအနေကို ဒေါ်မေငြိမ်းက စုံစမ်းတင်ပြထားပါတယ်။

အသက် ၁၆ နှစ်ပဲရှိသေးတဲ့ မောင်အောင်မင်းသူ ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အမာမြို့မှာ ကျောင်းတက်နေရင်းနဲ့ ပျောက်သွားခဲ့တာပါ။ နှစ်လနီးပါး ပျောက်နေတဲ့အတွက် မိသားစုမှာတော့ စိတ်ပူပန်သောက ရောက်နေကြရပါတယ်။

"ကျနော်က ကျနော့်သားကို ပြန်ခေါ်ချင်တယ်။ ကျနော့်သားလေးက အသက် ၁၆ နှစ်၊ ကျနော့်မှာ ရှင်တောင် မပြုရသေးပါဘူး။ သူ့အမေကလည်း ကျန်းမာရေးမကောင်းဘူး၊ ဒီကလေးအတွက်နဲ့။ သူ့အစ်မ အကြီးဆုံးက နှလုံးရောဂါသည်။ အဲဒီ အစ်မအကြီးဆုံးကို ကျနော်တို့ မပြောရဲဘူး။ ကျောင်းတက်နေတယ် ဆိုပြီးတော့ လိမ်ထားရတာ။ ကျနော့်မှာ လိုက်စရာလည်း ပိုက်ဆံမရှိတော့ဘူး။ ကျနော်တို့မှာလည်း လူငှားလုပ်စားရတဲ့အခါကတော့ ဒီခရီးကို သွားဖို့ဆိုတာ တသိန်းကျော် နှစ်သိန်းမပါဘဲနဲ့ မရဘူး။ ငွေလည်းကုန်ပြီ။ လူလည်းမောနေပြီ။ အဲဒါကြောင့် အခု ဦးအေးမြင့်ဆီ လာပြီးတော့ အကူအညီ တောင်းရတာပါ။"

မောင်အောင်မင်းသူရဲ့ အဖေ ဦးလှမြင့် ပြောပြသွားတာပါ။ ကလေးပျောက်သွားတာနဲ့ ပတ်သက်ပြီး အလုပ်သမားအရေးနဲ့ ကလေးစစ်သားအရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပဲခူးမြို့က လမ်းပြကြယ် ရှေ့နေ ဦးအေးမြင့်ကို တိုင်ပင်ပြီး ကလေးကိစ္စကို တိုင်တန်းဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။ ကလေး ပျောက်သွားပုံနဲ့ပတ်သက်ပြီး ရှေ့နေ ဦးအေးမြင့်က အခုလို ရှင်းပြပါတယ်။

"ကလေးက ၁၄ ရက် ၁၂ လ ၂၀၀၉ ခုနှစ်မှာ ကျောင်းထဲကနေ ပျောက်သွားတော့ ဆရာဆရာမတွေက လိုက်ရှာတယ်။ ဆရာဆရာမ စုံစမ်းတဲ့အရ တပ်သား နိုင်အောင် နဲ့ တပ်ကြပ် ခင်စိုး တို့က အောင်ကုန်း ကျေးရွာကို ရောက်ရှိလာတယ်။ တပ်ကြပ် ခင်စိုး ကိုယ်ပိုင်နံပါတ် (၇၅၃၆၃၂)၊ တပ်သား နိုင်အောင် (၃၉၈၀၂၆)။ တပ်သား နိုင်အောင်က အောင်ကုန်း ကျေးရွာသား။ သူတို့အမျိုး အသုဘရှိလို့ လာတုန်း ကလေးကို အဲဒီမှာ စည်းရုံးသွားတယ်။ စည်းရုံးသွားပြီး ကလေးကို နှစ်ညသိပ်ပြီးတော့ နေပြည်တော်ဘက် ခေါ်သွားတာပေါ့ဗျာ။ မိဘက အဲဒီတပ်ကိုသိတော့ သူ့အဖေ ဦးလှမြင့်ကလိုက်တယ်။ ဟိုရောက်တော့ နေပြည်တော်ကိုရောက်တော့လည်း တွေ့သမျှလူကလည်း သူတို့စစ်တပ်မှာ ခမ (၆၀၅) ဆိုတာ မရှိဘူးလို့ တွေ့ရာရဲဘော်က လိမ်လွှတ်လိုက်တယ်။ ကလေးကို ခုချိန်ထိ အဲဒီတပ်ထဲမှာ ရှိတယ်ဆိုတာသိပေမယ့် ငြင်းလွှတ်လိုက်တ ဲ့အတွက် မိဘက စိတ်လည်းပျက်လာပြီး။ ထပ်သွားဖို့လည်း မရှိတော့တဲ့အတွက် ကျနော်တို့ဆီ ရောက်လာတာ။"

မြန်မာစစ်အစိုးရက ကုလသမဂ္ဂနဲ့ပူးပေါင်းပြီး ကလေးစစ်သားပြဿနာကို ဖြေရှင်းနေတယ်လို့ ဆိုပေမဲ့ မြန်မာနိုင်ငံမှာတော့ ကလေးတွေကို စစ်သားတွေအဖြစ် စုစောင်းတဲ့ပြဿနာတွေ ရှိနေဆဲပဲလို့ ဦးအေးမြင့်က ပြောပါတယ်။

"အခု ၂၀၁၀ ထဲမှာဆိုရင် ပဲခူးမြို့ အ.ထ.က (၃) ကပျောက်သွားတဲ့ မောင်ဝေဦးချို ဆိုရင် ၁ လပိုင်း ၁၄ ရက်နေ့က ပျောက်တယ်။ ၂၅ ရက်နေ့မှာ ပြန်ရတယ်။ မကွေးတိုင်း တောင်တွင်းကြီးမြို့ အောင်ဇေယျ ရပ်ကွက်က မောင်ကျော်မင်းထွန်း ဆိုရင် ၁၉ ရက် ၁ လပိုင်းက ပျောက်တယ်။ ၃၀ ရက်နေ့ ၁ လပိုင်းမှာ ပြန်ရတယ်။ အဲဒါက အိုင်အယ်လ်အို ကို တရားဝင်လည်း တိုင်တယ်။ အိုင်အယ်လ်အို က လူကြီးတွေဆီကို စာနဲ့တရားဝင် အကြောင်းကြားတဲ့ အချိန်လည်း ဖြစ်တယ်။ အရင်ကဆိုရင် အဲဒီလို အိုင်အယ်လ်အို ကလုပ်ပေးရင် ၂ လ၊ ၃ လ အထိ ကြာတာရှိတယ်။ ၁ လလောက် ကြာတယ်။ အခု ၂၀၁၀ မှာ မောင်ဝေဦးချို နဲ့ ကျော်မင်းထွန်း ကျတော့ ပြည်ပအသံလွှင့်ဌာနတွေကနေ အသံလွှင့်လိုက်တဲ့အတွက် လူကြီးတွေဆီကိုလည်း နားပေါက်တယ်။ ဒီလို ကလေးခေါ်သွားတဲ့တပ်တွေက သူတို့နားထောင်လို့ကြားရင် ပြန်ပို့တဲ့အတွက် ဒါဟာ အသံလွှင့်ဌာနတွေကို ကလေးမိဘတွေကအစ ကျနော်တို့ လမ်းပြကြယ်တွေကလည်း အားကိုးတယ်။ အသံလွှင့်ဌာနတွေကြောင့် ပြန်အရမြန်တယ်။"

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေးကိစ္စတွေနဲ့ ကလေးစစ်သားကိစ္စတွေကို တိုင်ကြားဖို့ အိုင်အယ်လ်အို အနေနဲ့ ရန်ကုန်မြို့က ထရိတ်ဒါး ဟိုတယ် မှာ ရုံးခန်းတခု ဖွင့်လှစ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူလူထု အတွက်ကတော့ အဲဒီအထိ သွားရောက်တိုင်တန်းဖို့ဆိုတာ အခက်အခဲ၊ ပြဿနာတွေ ရှိနေတုန်းပဲလို့လည်း ရှေ့နေ ဦးအေးမြင့်က ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG