သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးချစ်တပ်မတော်သားတဦးရဲ့ ရင်ဖွင့်စကား (အပိုင်း တစ်)


မြန်မာစစ်တပ်မှာ အဆင့်မြင့်ပညာတွေ သင်ကြားခွင့်ရရှိခဲ့ပြီး အနာဂတ်အလားအလာ၊ အခွင့်အရေးတွေရှိတဲ့ တပ်မတော် အရာရှိငယ်ဘဝကနေ စစ်တပ်ကို စွန့်ခွာပြီး ထိုင်းနိုင်ငံနယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာ အမြောက်တပ် အရာရှိ ဗိုလ်ရဲထက် က မြန်မာတပ်မတော်ဟာ ပြည်သူတွေနဲ့ တသားတည်းမရှိတော့ဘဲ မူလရည်မှန်းချက်တွေနဲ့ ကင်းကွာ နေပါတယ်လို့ ဆိုပါတယ်။ သူ ဘာကြောင့် တပ်မတော်ကို စွန့်ခွါလာရတဲ့အကြောင်း၊ ခံစားချက်အမြင်များကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း နဲ့ အောက်ပါအတိုင်း ဆွေးနွေးတင်ပြထားပါတယ်။

ဗိုလ်ကြီးရဲထက် ။ ။ အခုလက်ရှိ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုအနေအထားနဲ့ အဲဒီအပေါ်မှာရှိတဲ့ နိုင်ငံရေး သဘောတရားအရ မကျေနပ်တာရယ်၊ နောက်ပြီးတော့ ကျနော်တို့တပ်မတော်ထဲမှာ ဖြစ်နေတဲ့၊ ကျနော်တို့ သိထားတဲ့ ဖတ်ထား လေ့လာထားတဲ့ တပ်မတော်မူနဲ့ ဒီနေ့ ကျနော်တို့ ကျင့်သုံးနေရတဲ့မူနဲ့ မတူတဲ့အချက်တွေရယ်ပေါ့။ ကျနော် ရည်ရွယ် ထားတဲ့ အနေအထားနဲ့ တကယ်လုပ်နေရတဲ့ အနေအထားနဲ့ မတူညီတဲ့အချက်တွေပေါ်မှာ အဓိက သဘောထား မတိုက်ဆိုင်တာကြောင့် ထွက်လာတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ များသောအားဖြင့် မြန်မာစစ်တပ်အနေနဲ့ စစ်တပ်ကနေ ဒီလို တပ်မတော် တပ်သား၊ အရာရှိ တွေအပါအဝင် တခြားတဘက်ကို ထွက်လာခဲ့လို့ရှိရင် ပထမဦးဆုံး ပြောကြားတဲ့အချက်က ပြစ်မှုတစုံတရာ ကျူးလွန်လို့ ထွက်ပြေးတယ်။ ဒါမှမဟုတ် တစုံတရာကိစ္စကြောင့်၊ နိုင်ငံရေးယုံကြည်မှု တခုခုကြောင့် ထွက်ပြေးလာတယ်။ သွေးဆောင် ဖြားယောင်းမှုတွေကြောင့် ထွက်ပြေးလာတယ်ဆိုပြီး စွပ်စွဲလေ့ရှိတယ်။ အဲဒါတွေနဲ့ စွပ်စွဲရလောက်အောင် ဗိုလ်ကြီးရဲထက်မှာ လောလောဆယ် တစုံတရာ မကျေနပ်ဖြစ်ခဲ့ရတဲ့ကိစ္စတွေ မရှိဘူးလား။

ဗိုလ်ကြီးရဲထက် ။ ။ မရှိပါဘူး။ ကျနော်သွားခဲ့တဲ့သင်တန်း၊ တက်ခဲ့တဲ့သင်တန်းတွေ တပ်အနေအထားမှာ ကျနော် မကျေနပ် စရာမရှိပါဘူး။ ကျနော်နဲ့ အထက်လူကြီး ဆက်ဆံရေးကလည်း ပြောမယ်ဆိုရင် ကျနော်ရဲ့ နေပုံထိုင်ပုံကို သဘောကျခဲ့ကြ ပါတယ်။ ကျနော်အနေနဲ့ ပြစ်မှုအနေနဲ့ ဘာမှမရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဗိုလ်ကြီးတို့အနေနဲ့က တကယ်တမ်း ကျနော် ဗိုလ်ကြီးအကြောင်းကို နည်းနည်း လေ့လာကြည့်တဲ့အခါ မှာ မြန်မာတပ်မတော်ထဲမှာကို ပညာတတ်အရာရှိအဆင့်။ ဥပမာ တပ်မတော်ထဲမှာ နည်းပညာတန်းအရ မဟာသိပ္ပံတန်း အထိ တက်ခွင့်တွေရထားခဲ့တဲ့ အရာရှိတယောက်အနေနဲ့ အနာဂတ်မှာ တစုံတရာမျှော်မှန်းချက်တွေ မရှိဘူးလား။ အဲဒီ မျှော်မှန်းချက်တွေက ဖြစ်မလာနိုင်ဘူးလားလို့ ယူဆထားလို့လား။

ဗိုလ်ကြီးရဲထက် ။ ။ မဟုတ်ပါဘူး။ ဖြစ်လာနိုင်ပါတယ်။ ကျနော်အနေနဲ့ ဒီမျှော်မှန်းချက်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ စောစောက ကျနော်ပြောခဲ့သလို နိုင်ငံရေးအရနဲ့ လက်ရှိတပ်မတော်ထဲမှာ ဖြစ်နေတဲ့၊ ကျနော်တို့ သိထားခဲ့တဲ့ တပ်မတော်နဲ့ မတူညီတဲ့ အချက်တွေ အဲဒီအပေါ်မှာဘဲ အဓိကဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တယောက်တည်းနဲ့ ကျနော်ရဲ့ ရည်မှန်းချက်တွေ၊ ကြိုးစားမှုတွေနဲ့ ကျနော်တယောက်ပေါ့။ ဒါ့အပြင် ပါလာမယ့် ကျနော့်မိသားစုတစုရဲ့ ကောင်းစားမှုထက် ကို ကျနော်လို့ ရှေ့ဘဝတက်လမ်းတွေ အများကြီးရှိလျက်နဲ့ ဒါတွေကို စွန့်လွှတ်ပြီးမှ ပြည်သူလူထုအပေါ်မှာ ဖြစ်နေတဲ့ ဒုက္ခတွေကို ကယ်တင်ချင်တဲ့ ရည်ရွယ်ချက်ပေါ့။ ကျနော်အနေနဲ့ ဒီလို မျှော်မှန်းချက်တွေရှိတဲ့ လူတောင် စွန့်လွှတ်လို့ရှိရင် ကျန်တဲ့လူတွေအနေနဲ့လည်း ဒါတွေကို တွန်းလှန်တိုက်ခိုက်သင့်တယ်ဆိုတဲ့ ခံယူချက်လေးတွေ ရအောင်ရယ်၊ နောက်ပြီး ကျနော်ကိုယ်တိုင် အဲဒါတွေကို မကျေနပ်တဲ့အတွက်၊ မဖြစ်သင့်ဘူးထင်တဲ့အတွက် ကျနော့်ဘဝ တက်လမ်းကို မကြည့်တော့ ဘဲနဲ့ ကျနော်မိသားစု၊ ကျနော်ဘဝ တက်လမ်းကို စတေးခဲ့တာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ တပ်မတော်ထဲမှာ ဖြစ်နေတဲ့ကိစ္စတွေကို မကျေနပ်တဲ့ကိစ္စဆိုတာတွေက ဥပမာတခုလောက် ပြောပြပါလား။

ဗိုလ်ကြီးရဲထက် ။ ။ ဒါကတော့ ကျနော်ကိုယ်တိုင်တော့ လုပ်ခဲ့တာမရှိပါဘူး။ ကျနော်တို့ သိထားတဲ့ဟာတွေပေါ့။ ကျနော်တို့ သိထားတဲ့ တပ်မတော်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကား တခွန်းအရဆိုရင် ဒီတပ်မတော်ဟာ ပြည်သူလူထုရဲ့ ကိုးကွယ်ရာ၊ အားထားရာ၊ လဲလျောင်းရာ သာဖြစ်သင့်တယ်။ ဒီ တပ်မတော်က အဲဒီလိုမှ မဟုတ်ဘဲနဲ့ ပြည်သူလူထုရဲ့ အော့နှလုံးနာစရာတခုဖြစ်လာလို့ရှိရင် ဒီတပ်မတော်ဟာ သူရဲ့ ဖွဲ့စည်း ထားတဲ့ ရည်ရွယ်ချက်က အလကားပဲလို့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားတခွန်းရှိတယ်။ အဲဒီအပေါ်မှာကိုပဲ ကြည့်မယ်ဆိုရင် လက်ရှိ ကျနော်တို့ တပ်မတော်ရဲ့ အစိုးရအနေနဲ့ အမိန့်ပေးပြီး စေခိုင်းတဲ့အပေါ်မှာ လိုက်လုပ်ဆောင် နေရတဲ့ အခုတပ်မတော်သားတွေရဲ့ လုပ်ရပ်တွေနဲ့ မကိုက်ညီတာကို သွားတွေ့ရတယ်။ တော်တော်များများပေါ့။ ဒီရှေ့တန်း စစ်ဆင်ရေးနယ်မြေတွေမှာဆိုရင် ပေါ်တာဆွဲတဲ့ကိစ္စမျိုးတွေ၊ ပြီးခဲ့တဲ့ မကြာသေးခင်က ဖြစ်ပွားသွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး အရပေါ့။ ဒါတွေကို ပြောမယ်ဆိုရင် လက်ရှိတပ်မတော်ထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အများဆုံးပါပဲ။ နိုင်ငံအနေ နဲ့လည်း ဗုဒ္ဓဘာသာဝင်အများဆုံးဖြစ်တဲ့ နိုင်ငံဖြစ်ပြီးတော့ ဒီလိုကိစ္စမျိုးမှာ အစိုးရက အေးအေးဆေးဆေး ညှိနှိုင်းမှုမရှိဘဲနဲ့ အစိုးရအာဏာ၊ တပ်အာဏာတွေကို စွဲကိုင်ပြီးတော့ အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ ကိစ္စတွေမျိုးပေါ့။ အဲဒီလိုမျိုးတွေမှာ မဖြစ်သင့် ဘူးလို့ ထင်လို့။

ဒီလို လုပ်လိုက်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားနဲ့ တပ်မတော်နဲ့ ပြည်သူ တသားတည်း ဖြစ်ရမယ်ဆိုတဲ့ ကိစ္စမျိုးတွေ မဖြစ်တော့ဘဲနဲ့ ပြည်သူကို ပြန်ပြီးတော့ နှိပ်စက်ညှင်းပန်းနေတဲ့ တပ်မတော်ပုံစံမျိုး ဖြစ်သွားနေတယ်။ ရင်ချင်း မအပ် ကျောချင်းမကပ်တော့ဘဲနဲ့ ကျနော်တို့က ဆန်ကျင်ဘက် လမ်းနှစ်ဖက်ကို သွားနေတဲ့ ပုံစံမျိုးကို သွားနေရတဲ့ အနေအထားမျိုးတွေမှာ ကျနော်လည်း ဒီယူနီဖောင် ကို ဝတ်ထားရတဲ့ဟာကို ကျနော်လည်း ဂုဏ်မယူနိုင်တော့ဘူး။ ဒီ ယူနီဖောင် အပေါ်မှာ ချစ်ခင်လေးစားပြီးတော့ လုပ်ချင်ခဲ့တဲ့ စိတ်ဓါတ်တွေဟာ အဲဒီမှာတင် စိတ်ဓါတ်တွေ ပျက်စီးလာတယ်။ ကျနော်တို့ သိခဲ့တဲ့ မူနဲ့ အခုလက်ရှိလုပ်နေရတဲ့ မူနဲ့က လုံးဝမတူတော့ဘူးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အလားတူ ဗိုလ်ကြီးရဲထက်လို တပ်မတော်ထဲမှာ ခံစားချက်ရှိတဲ့လူတွေ တော်တော်များများရှိမယ်လို့ ယူဆသလား။

ဗိုလ်ကြီးရဲထက် ။ ။ ဟုတ်ကဲ့ ယူဆပါတယ်။ ယူဆတယ်ဆိုတာကတော့ ဘယ်လိုဘဲဖြစ်ဖြစ် တရားဝင်ကြီး လမ်းမပေါ်မှာ မပြောရဲကြပေမယ့် အခုလို သူငယ်ချင်းတွေ ဘေးလွတ်ရာရောက်နေတဲ့ အချိန်အခါမျိုးတို့၊ အခန်းထဲမှာ စကားပြောတဲ့ အချိန်အခါမျိုးမှာတော့ ဒါတွေကို ပြောကြတယ်။ ကျနော်တို့ ဗိုလ်လောင်းဘဝမှာတုန်းက ကျနော်တို့ ဆရာတဦးဖြစ်တဲ့ အခုတော့ ဗိုလ်မှုးဖြစ်နေပါပြီ။ ဒီဆရာတယောက်ဆိုရင် ကျနော်တို့ကို ပြောပြခဲ့ဘူးတယ်။ တပည်တို့ ငါဆိုလည်း ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ကို လေးစားအားကျလို့ တပ်မတော်ဝင်လာခဲ့တာ။ ဒါပေမဲ့လည်း လက်ရှိ အနေအထားမှာတော့ ဒါတွေက မဖြစ်တော့ဘူး။ ဒါပေမဲ့ ငါတို့မှာရှိတဲ့ မိသားစုတွေ၊ နောက်မှာရှိတဲ့ မိသားစုတွေနဲ့ နောင် generation တွေရဲ့ ရှေ့ရေးကိုကြည့်ပြီးတော့ ကိုယ့်ကိုကိုယ် အောင့်အီးပြီးတော့နေနေရတယ်ဆိုတဲ့ အနေအထားမျိုးတွေ အဲဒီလိုအနေအထားနဲ့ အောင့်အီးပြီး နေနေရတဲ့လူတွေ အများကြီးပါ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဒီလိုခံစားမှုတွေဟာ တပ်မတော်၊ တပ်သားနဲ့ အငယ်တန်းအရာရှိတွေကြားမှာပဲ ဖြစ်နေတဲ့ ခံစားမှုလား။ တကယ်တမ်း ကြီးကြီးမားမား အရာရှိတွေရော ဒီလိုခံစားမှုတွေ မရှိဘူးလား။

ဗိုလ်ကြီးရဲထက် ။ ။ ရှိကြပါတယ်။ ရှိကြတယ်ဆိုပေမဲ့ စစ်သားသုံးနဲ့ ပြောမယ်ဆိုရင်တော့ အမိန့်ပေါ့။ ကျနော်တို့ စစ်သား တွေရဲ့ လုပ်ရမယ့်တာဝန်က ဘာမှမတွေးရဘူး၊ အထက်ကပေးတဲ့အမိန့်ကို တာဝန်ကျေအောင် ထမ်းဆောင်ရမည်ဆိုတာ စစ်သားတယောက်ရဲ့ တာဝန်။ စစ်သားစိတ်အပြည့်ရှိတဲ့ အထက်အရာရှိကြီးတွေလည်း အများကြီးရှိပါတယ်။ မကျေနပ်ဘူး ဆိုရင်တော့ သူတို့က စစ်သားစိတ် ပြည့်ဝတဲ့အခါကျတော့ မကျေနပ်လိုရှိရင်တောင်မှ မတတ်နိုင်တော့ဘူးပေါ့။ ကိုယ်ကို တိုင်ကလည်း စစ်သားဖြစ်နေတဲ့အတွက် အမိန့်အတိုင်း လုပ်ရတော့မယ့် အနေအထားမျိုးနဲ့ အောင့်အီးနေနေရတဲ့ အထက် အရာရှိကြီးတွေ အများကြီးပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို အထက်အရာရှိကြီးတွေ ကြားထဲမှာ ဒီလို စစ်သားစိတ်မရှိဘဲနဲ့ ဒီလို အကျင့်ပျက်ခြစားမှုတွေ ရှိနေတဲ့လူတွေ ကျနော်တို့အနေနဲ့ အများကြီးကြားသိနေရတော့ အဲဒီလို လူမျိုးတွေအပေါ်မှာ အောက်ခြေလက်အောက်ခံ တပ်သားအရာရှိငယ်တွေနဲ့ ဘယ်လိုသဘောထားတွေ ရှိနေကြလဲ။

ဗိုလ်ကြီးရဲထက် ။ ။ ကျနော် ခံစားချက်အနေနဲ့ ပြောမယ်ဆိုရင်တော့ မဖြစ်သင့်ဘူး။ သူလည်း တပ်မတော်သား၊ ကိုယ်လည်း တပ်မတော်သား။ တပ်မတော်သား အချင်းချင်း အတူတူ နိုင်ငံတာဝန်၊ တိုင်းပြည်တာဝန် ထမ်းဆောင်နေတာခြင်း အတူတူ။ ပြီးတော့ ကိုယ့်မိဘနှစ်ပါးဆိုတာလည်း ပြည်သူက မွေးဖွားလာခြင်း အတူတူ ဒီမျက်နှာတွေကို မထောက်ဘဲနဲ့ ကိုယ်ကျိုး စီးပွား၊ ကိုယ့်မိသားစု ကြီးပွားရေး၊ ကိုယ့်ဆွေမျိုးသားချင်း ကြီးပွားရေး၊ ကျန်တဲ့လူ ဘာတွေပဲ ဖြစ်နေဖြစ်နေဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ကြတဲ့အခါကျတော့ ကျနော်တို့လည်း မကျေနပ်ကြတာတော့ များပါတယ်။ ဒါပေမဲ့ ကျနော်ပြောသလို ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ မူပုံစံတွေနဲ့ဆိုတော့ ဘာမှမတတ်နိုင်ဘူး။ သူတို့ခိုင်းတာလုပ်။ စစ်သားလည်း ဖြစ်နေတော့ အမိန့်တခု ကိုပဲ ကျနော်တို့က လုပ်သွားရတဲ့အနေအထားမျိုးဘဲ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို စစ်သားစစ်ဗိုလ်အရာရှိတွေကြားထဲမှာ စစ်သားဆိုတော့ တိုင်းပြည်ကာကွယ်ရေးနဲ့ အမိန့်ကို နာခံပြီးတော့ တိုင်းပြည်ကောင်းကျိုးကို လုပ်ရမယ်၊ မြန်မာတပ်မတော်ဟာ တကယ်တမ်းကြလို့ဆိုရင် ပြည်ထောင်စုကြီး စည်းလုံးမှု၊ မပြိုကွဲရေး၊ တိုင်းပြည်တိုးတက်ရေးအတွက် အစစအရာရာ အနှစ်နာခံပြီးတော့ လုပ်နေတယ်ဆိုတဲ့ ပြောဆိုမှု တွေလည်း ရှိနေတော့ တချို့စစ်ဗိုလ်စစ်သားတွေဆိုရင် ဒီအချက်ကိုပဲ တစိုက်မတ်မတ် ယုံကြည်မှုတွေရှိနေကြပြီးတော့ ဘေးကိုမမြင်နိုင်တဲ့ အနေအထားတွေကော ရှိမနေဘူးလား။

ဗိုလ်ကြီးရဲထက် ။ ။ ဟုတ်ကဲ့ ရှိပါတယ်။ ဒါကတော့ တရားသဘောနဲ့ပြောရင် ဗုဒ္ဓကပြောခဲ့သလို ငါ ဘုရားပြောတာတောင် မယုံနဲ့ ကိုယ်တိုင် ဒီကိစ္စဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတာကို လေ့လာသုံးသပ်ပြီးမှ ကိုယ်တိုင်လက်ခံနိုင်မှ ယုံကြည်ပါလို့ ဘုရားကိုယ်တိုင် ဟောခဲ့တဲ့ အနေအထားပေါ့။ အဲဒီလိုဘဲ ကျနော်တို့က အထက်ကနေ မူတွေချပေးတယ်။ သူတို့ပြောတဲ့ မူတွေအတိုင်းကတော့ ဟုတ်တယ်။ တကယ့်တကယ် ဒီမူတွေအတိုင်း သွားနိုင်လိုရှိရင် တိုင်းပြည်တိုးတက်မှာ အမှန်ပါပဲ။ ဒါပေမဲ့ ချပေးတဲ့ မူပေါ်မှာ တကယ်လိုက်နာလုပ်ဆောင်ခြင်း မရှိတဲ့အခါမျိုးကြတော့ မူအရဆိုတော့ အားလုံးကြားတဲ့ အတိုင်း ပေါ့ သူတို့ပြောသလိုပဲ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ် ဒီအတိုင်းတွေလုပ်ရင်တော့ တကယ် ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ မူ အပေါ်မှာ လူတွေကမလိုက်နာနိုင်ဘဲ မူနဲ့လူက တခြားစီဖြစ်နေတဲ့ အနေအထားမျိုးပေါ့။ အဲဒါကို လေ့လာမသုံးသပ်ဘဲနဲ့ မူပဲ ကြည့်ပြီးတော့ လက်ခံနေတဲ့လူတွေလည်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မကြာသေးခင်ကဆိုရင် အထူးသဖြင့် အင်းမ (၆၆) လက်အောက်ခံ တပ်တွေကြားထဲမှာ ခမရ (၈၀) တို့ ဘာတို့ကြားထဲမှာ တပ်တွင်းမှာ အချင်းချင်းသွေးကွဲပြီးတော့ ပစ်ခတ်တဲ့အဆင့်တွေအထိ ရောက်ခဲ့တယ်လို့ နိုင်ငံခြား သတင်းဌာန တချို့က သတင်းပို့တာတွေလည်း ရှိခဲ့တယ်။ အဲဒါကို မြန်မာစစ်အစိုးရကတော့ သတင်းစာထဲမှာ ဒါ မဟုတ်ပါဘူးဆိုပြီး ငြင်းဆိုထားတာတွေကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ အယူအဆရကတော့ မီး မလောင်ဘဲနဲ့ မီးခိုးမထွက်နိုင်ဘူးပေါ့။ ဒီလို တပ်တွင်းမှာ အချင်းချင်း သွေးကွဲမှုတွေ ရှိခဲ့သလား။ ဗိုလ်ကြီးရဲထက်တို့အနေနဲ့ ဘယ်လောက်ထိ ဒီကိစ္စတွေကို ကိုယ်တွေ့ကြုံခဲ့ရတာတွေ ရှိခဲ့သလဲ။

ဗိုလ်ကြီးရဲထက် ။ ။ အဲဒီလိုတွေတော့ ကျနော်တို့ မကြုံဖူးဘူးခင်ဗျား။ ဒီသတင်းတွေနဲ့ ပတ်သက်လိုတော့ ကျနော်တို့အနေနဲ့ မကြားမိဘူး။ ဒါပေမဲ့ အဲဒီလို ပစ်တဲ့ခတ်တဲ့အထိ ဖြစ်လာနိုင်တဲ့ အကြောင်းတရားတွေလည်း ရှိနိုင်တယ်။ နောက်တော့ ကျနော်တို့ လက်ရှိနေခဲ့ရတဲ့ အတိုင်းအတာမှာတော့ စိတ်ဝမ်းကွဲမှုတွေတော့ ရှိနေတာပေါ့။ ဒါပေမဲ့ ပစ်ခတ်တဲ့အထိ ဖြစ်လာ တယ်၊ ဘာညာဆိုတာတော့ သတင်းအပေါ်မှာတော့ ကျနော်တို့လည်း ကိုယ်တိုင်မမြင်ရတော့၊ ကိုယ်တိုင် မမြင်တဲ့ကိစ္စ ကိုတော့ ဟုတ်ပါတယ်၊ မှန်ပါတယ်လို့တော့ မပြောတတ်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒီတပ်မတော်တွေရဲ့ တပ်ရင်းတပ်ဖွဲ့တွေကြားထဲမှာဘဲ ဥပမာအားဖြင့် အခွင့်အရေးနဲ့ ခံစားခွင့်တွေ မတူတာတွေ၊ တပ်ရင်းတွေကြားထဲမှာဘဲ ရောက်နေတဲ့နေရာတွေပေါ် မူတည်နေပြီးတော့ ဆင်းဆင်းရဲရဲ နေရတာတွေ၊ အနှစ်နာခံရတာတွေ မညီမျှမှုတွေ ရှိနေမယ်ဆိုတာကရော ဟုတ်ပါသလား။

ဗိုလ်ကြီးရဲထက် ။ ။ အဲဒါကတော့ ဟုတ်ပါတယ်။ ဥပမာ ကျနော်တို့ အခု ကျောင်းဆင်းသွားလို့ရှိရင် တပ်တွေကို တာဝန်ကျ ပြီဆိုလို့ရှိရင် တချို့ကလည်း တကယ့်ခရီးမပေါက်တဲ့ တပ်တွေကို ကျခဲ့တယ်။ တချို့ကျတော့လည်း ကောင်းရာ မွန်ရာ တပ် တွေကို ကျကြတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ စိတ်သဘောထား ကွဲလွဲမှုတွေလည်း ရှိကြတယ်။ နောက်တော့ ကျနော်တို့ တပ်မတော်ဆိုတာက ကြည်၊ ရေ၊ လေ သုံးခုလုံး ပေါင်းမှ မြန်မာ့တပ်မတော်ဆိုတာ တခုတည်း ရှိပေမဲ့ တကယ့် တကယ်တမ်းမှာ စစ်လက်ရုံးတပ်ဖွဲ့တွေမှာ ငါ့တပ်ဖွဲ့က အရေးပါမှု၊ မင်းတပ်ဖွဲ့ရဲ့ အရေးမပါမှု အဲဒီလိုပုံစံမျိုးတွေပေါ့။ အဲဒီလို ပုံစံမျိုးတွေနဲ့ ကွဲလွဲနေတာမျိုးတွေရှိတယ်။ အခု အကိုတို့ ပြောသွားသလိုပဲ တပ်တွေရဲ့ တည်နေရာနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့် ပေါ်တွေ မူတည်ပြီးတော့ တပ်တတပ်နဲ့တတပ် အမြင်စောင်းတာတွေရှိတယ်။ ဥပမာ အစည်းအဝေးတခုမှာ တပ်ရင်းမှုး တွေက ကျနော့်တပ်က စစ်သည်၊ ရဲမေတွေကို ဒီလိုလုပ်ပေးနိုင်ပါတယ် တင်ပြပေးမယ့် အဲဒီလို တခြားလုပ်ပိုင်ခွင့်မရှိတဲ့ တပ်က တပ်ရင်းမှုးအနေနဲ့ကြတော့ ဒါတွေကို သူ့တပ်တွေကို မဖြည့်ပေးနိုင်တဲ့အခါမျိုးတွေမှာ သူ့အနေနဲ့ သူ့စစ်သည်တွေ အတွက်လည်း ဝမ်းနည်းသလို။ အထက်လူကြီးနဲ့ကျတော့လည်း တပ်ရင်းမှုးအဆင့်အတူတူ လုပ်ပေးနိုင်ပြီးတော့ သူကျတော့ မလုပ်ပေးနိုင်ဘူးဆိုတဲ့ အနေအထားမှာလည်း ဒါမျိုးတွေလည်း ဖြစ်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အမြောက်တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ရဲထက်ဟာ မြန်မာစစ်တက္ကသိုလ် သိပ္ပံတန်းမှာ အနုမြူနည်းပညာ၊ ဓာတုလက်နက်နည်းပညာတွေကို သင်ကြားဆည်းပူးခဲ့သူမို့ မြန်မာစစ်တပ်ရဲ့ အနုမြူဓါတု ရည်မှန်းချက်နဲ့ စစ်တပ်အင်အားတိုးချဲ့လိုမှု ရည်မှန်းချက်တွေအကြောင်း ရှေ့တပတ်မှာ ဆက်လက်ပြီး တင်ပြသွားပါမယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG