သုံးရလွယ်ကူစေသည့် Link များ

လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား


လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် ၃ က အလုပ်သမားတွေ သူတို့ရဲ့ လစာ တိုးရေးနဲ့ အလုပ်သမား အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အပေါ် ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒီဆန္ဒပြခဲ့တဲ့ နေရာတွေကို လုံထိန်းရဲတပ်ဖွဲ့တွေနဲ့ မီးသတ်ကားတွေလည်း ရောက်လာခဲ့တဲ့အတွက် အခြေအနေ တင်းမာမှုတွေ ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

လှိုင်သာယာ စက်မှုဇုန်က မနေ့ကစပြီး လုပ်အားခ တိုးတောင်းနေတဲ့ အိုပယ်စက်ရုံနဲ့ တိုင်ယီစက်ရုံက အလုပ်သမားတွေဟာ ဒီနေ့မှာလည်း ဆက်ပြီး ဆန္ဒပြနေတဲ့အကြောင်း မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအံ့ကြီးမောင်က အခုလိုပြောပြပါတယ်။

“မနေ့က အိုပယ် ၂ နဲ့ တိုင်ယီ အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေ လစာကိစ္စပေါ့။ လစာက Supervisor တွေကို ၁၀,၀၀၀ တိုးပေးပြီးတော့ ကျန်တဲ့အလုပ်သမားတွေကို တိုးမပေးဘဲ ဒီအတိုင်းထားတယ်။ အဲဒါကို အလုပ်သမားတွေက မကျေနပ်လို့ လစာတိုးပေးဖို့ကိစ္စ ဆန္ဒပြတာပါ။ ဒီနေ့တော့ အိုပယ် ၂ က အလုပ်သမားတွေကို စက်ရုံက တာဝန်ရှိသူတွေက လိုက်ပြီး ကလေးတွေ ပင်ပန်းတယ်၊ ဘာညာဆိုပြီး နှစ်သိမ့်ပြီး မဆင်းခိုင်းဘူး။ ဒီနေ့ အိုပယ် ၁ နဲ့ တိုင်ယီက ဆက်ပြတယ်။ အလုပ်သမား အခွင့်အရေးရဖို့၊ လစာတိုးပေးဖို့ကိစ္စ ဒီနေ့ ဆက်ပြနေပါတယ်။ အခုချိန်ထိလည်း ပြနေတုန်းပဲ။”

နောက်ဆုံးအခြေအနေအရ လုံခြုံရေး တင်းကျပ်ထားပြီး စက်ရုံပတ်လည်ကိုလည်း လုံခြုံရေး အာဏာပိုင်တွေက ၀ိုင်းထားတယ်လို့ ဆိုပါတယ်။

“လုံထိန်းကားတွေပဲ အစီး ၄၀ ကျော်တယ်။ လုံထိန်းကားကြီးပဲ အစီး ၄၀ ကျော်၊ မီးသတ်ကား ၅ စီး၊ အချုပ်ကား ၄ စီး၊ လမ်းပိတ်တဲ့ သံဆူးကြိုးကားက လေးငါးစီးလောက်ရှိမယ်။ အဲဒီလောက် အင်အားများများ စောင့်နေတယ်၊ ဒီနေ့ ဒီအချိန်ထိ။”

အလုပ်သမားတွေ ဆန္ဒပြရတဲ့ အကြောင်းရင်းကတော့ လုပ်အားခ လစာ နည်းပါးတဲ့အပြင် သူတို့ရဲ့ နစ်နာမှုတွေအတွက် ထိုင်သပိတ် မှောက်နေတယ်လို့လည်း ဆိုပါတယ်။

“ညအချိန်မတော်ကြီး ခိုင်းတယ်၊ All Night ဆိုပြီးတော့ တခါတလေခိုင်းတယ်။ ကလေးတွေက တညလုံး ဆင်းရတယ်။ တညလုံး ဆင်းရပြီး အထည်တွေ မှားတာ၊ အလုပ်လုပ်နေရင်းနဲ့ မှားဖြတ်မိတာတို့ စွန်းတာတို့ဆို လျော်ကြေးပေးရတယ်။ အဲဒီကိစ္စတွေ အများကြီးပါတယ်။ နေမကောင်းရင် ခွင့်ယူလို့မရဘူး။ ခွင့်ယူပြီး အလုပ်မဆင်းဘူးဆိုရင် အဲဒီ မဆင်းတဲ့ တရက်အတွက် ၅,၀၀၀ ဖြတ်တယ်။ ၂ ရက်ပျက်ရင် ၁၀,၀၀၀ ဖြတ်တယ်။ အလုပ်သမားတွေက သူတို့အခွင့်အရေး မရတော့ အဲဒီအခွင့်အရေးတွေပါ ပေါင်းပြီး တောင်းနေတယ်။

“အလုပ်သမားတွေ ဆန္ဒပြတာ ရုန်းရင်းဆန်ခတ် မပြဘူး၊ သူတို့က ထိုင်သပိတ်ပေါ့။ အလုပ်ထဲကို မ၀င်ဘူး၊ အလုပ်မဆင်းဘူး။ ထိုင်သပိတ်၊ သူတို့က သူတို့ အခွင့်အရေး မရမချင်း ဒီအတိုင်းပဲ ၅ ရက်အထိ ဆန္ဒပြမယ်။”

အလုပ်သမားတွေ အနေနဲ့ သူတို့ရဲ့ နစ်နာကြေးကိုသာ တောင်းဆိုတဲ့အတွက် အကြမ်းဖက် နှိမ်နင်းမှုတွေ မလုပ်ဖို့ကိုလည်း အလုပ်သမားခေါင်းဆောင် ကိုအံ့ကြီးမောင်က ဆက်ပြောသွားပါတယ်။

“အလုပ်သမားတွေက သူတို့ရဲ့ လစာအခွင့်အရေး၊ သူတို့ စားဝတ်နေရေး ပြေလည်ဖို့အတွက် အခွင့်အရေးတွေ တောင်းတာပါ။ အခုလို အင်အားပြပြီး ခြိမ်းခြောက်တာတို့ ဘာတို့ မလုပ်သင့်ဘူးလို့ ကျနော်တို့အနေနဲ့ ပြောချင်တယ်။ အလုပ်သမားတွေ အခု လက်ရှိ အခွင့်အရေး တောင်းနေတာ အာဏာပိုင်တွေကို အာဏာတောင်းနေတာ မဟုတ်ဘူး။ သူတို့ မိသားစု စားဝတ်နေရေး ပြေလည်ဖို့အတွက်၊ အများတန်းတူ အခွင့်အရေး ရဖို့အတွက် တောင်းနေတာ။ ဒါ တရားပါတယ်။

“အာဏာပိုင်တွေ အနေနဲ့ အဲဒီလို မလုပ်ဘဲနဲ့ အလုပ်သမားတွေဘက်က ကာကွယ်ပေးပြီး အလုပ်သမား အခွင့်အရေးတွေကို မျှမျှတတ ညှိပေးစေချင်တယ်။ ကျနော်တို့က အဲဒါ တောင်းဆိုချင်တယ်။ အလုပ်သမားတွေ ဒီကိစ္စက သူတို့အိတ်ထဲက စိုက်ပေးရတဲ့ကိစ္စ မဟုတ်ဘူး။ သူတို့အနေနဲ့ တာဝန်ရှိတယ်၊ အလုပ်သမားတွေဘက်က ရပ်တည်ပေးသင့်တယ်လို့ မြင်ပါတယ်။”

လှိုင်သာယာ စက်မှုဇုန်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး အရင်တုန်းကလည်း ဆန္ဒပြမှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။

အခုအချိန်မှာ ဆန္ဒပြတာတွေ ပြီးဆုံးသွားပြီး အလုပ်သမားတွေကို အိမ်ပြန်ကြဖို့ အတင်း ပြန်လွှတ်လိုက်ပေမဲ့ မနက်ဖြန် သူတို့တောင်းဆိုထားတဲ့ အချက်တွေ မရရင် ဆက်ပြီး ဆန္ဒပြ တောင်းဆိုသွားကြမယ်လို့ သိရပါတယ်။ အလုပ်သမားတွေ အနေနဲ့ သူတို့ကို ရှားပါးစရိတ် တလမှာ ၁၀,၀၀၀ ထပ်တိုးပေးဖို့နဲ့ အလုပ်သမား လုပ်ငန်းခွင် အဆင်ပြေရေး အပါအ၀င် တခြား အလုပ်သမား အခွင့်အရေးတွေကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG