သုံးရလွယ်ကူစေသည့် Link များ

နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ


မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အနက်မှ ကလေးသူငယ် ဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ တိုးတက်မှုတွေ ရရှိနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်ထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ဆက်လက် လုပ်ကိုင်စရာတွေ အများကြီး ကျန်နေဆဲပဲလို့ ကုလသမဂ္ဂ မြန်မာပြည် ဌာနေရုံးက တာဝန်ရှိသူ မစ္စတာ အက်စ်ဘန်း ဟာဘိုး (Mr. Esben Harboe) က ပြောခဲ့ပါတယ်။ အထူးသဖြင့် လူတွေရဲ့ နိစ္စဓူဝ လုပ်ကိုင် စားသောက်ရေး နဲ့ နေထိုင်ရေးတွေမှာ လိုအပ်တာတွေ အများကြီး ရှိသေးတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြစ်ဝကျွန်းပေါ် ဒေသဟာ ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျနေတာကြောင့်နဲ့ ဆင်းရဲမွဲတေမှုတို့ကြောင့်လည်း စိန်ခေါ်မှုတွေကို ပိုပြီး ရင်ဆိုင်နေရတာ ဖြစ်တယ်လို့လည်း မစ္စတာ ဟာဘိုးက ပြောခဲ့ပါတယ်။

၂၀၀၈ ခုနှစ် မေလက နာဂစ်မုန်တိုင်း ၀င်ရောက်တိုက်ခတ်သွားတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတလွှားမှာ ပြီးခဲ့တဲ့ ၂ နှစ် နီးပါးတာ ကာလအတွင်း ပြန်လည် နာလန်ထလာနိုင်မှုတွေကို ကုလသမဂ္ဂက လေ့လာဆန်းစစ် အကဲဖြတ်ထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ အထိ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး လူပေါင်း ၂,၀၀၀,၀၀၀ ကျော် မုန်တိုင်းဒဏ် သင့်ခဲ့တာ ဖြစ်ပါတယ်။ အဆုံးအရှုံး ငွေသားအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ ကျော်တယ်လို့ ခန့်မှန်းပါတယ်။

နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၉၀ သုံးဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရ သုံးပွင့်ဆိုင်အဖွဲ့က အဆိုပြုထားတာ ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကြီးတခုလုံး ကောင်းကောင်းမွန်မွန် ထူထူထောင်ထောင် ဖြစ်လာအောင်ဆိုရင် ဒီ့ထက်မက ရန်ပုံငွေတွေ လိုဦးမယ်လို့ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေက ပြောနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG