သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုညီညီအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရ


မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ဒီနေ့ အင်းစိန် အထူးတရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ သူ့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ ရန်ကုန် အမေရိကန် သံရုံးကတော့ အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာဟာ တရားမျှတမှု မရှိဘဲ နိုင်ငံရေးအရ အရေးယူတာမျိုးလို့ ယုံကြည်ကြောင်း ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မနှစ် စက်တင်ဘာလ ၃ ရက်နေ့ကတည်းက မြန်မာအာဏာပိုင်တွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ မှတ်ပုံတင်ကတ်ပြားအတု ကိုင်ဆောင်မှုတွေနဲ့ စွဲချက်တင်ထားရာက ဒီနေ့တော့ အင်းစိန် အထူးတရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ အမှုရဲ့ အခြေအနေကို သိရအောင် ဆက်သွယ် မေးမြန်းတဲ့အခါ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။

“ဒီနေ့မနက် ၁၀ နာရီမှာ တရားရုံးက အမှု ၃ မှုစလုံး အမိန့်ချပါတယ်။ ပထမအမှုက ပုဒ်မ ၄၆၈ အရ မှတ်ပုံတင်အတု လုပ်တယ်ဆိုတဲ့အမှု၊ အဲဒီအမှုမှာ ထောင်ဒဏ် ၃ နှစ် ချပါတယ်။ ဒုတိယတမှုဖြစ်တဲ့ နိုင်ငံခြားငွေ သတ်မှတ်တာထက် ပိုပြီး ယူလာတယ်ဆိုတဲ့ ပုဒ်မ ၂၄/၁၊ ဒီဟာကိုတော့ ထောင်ဒဏ် ၁ နှစ် ချတယ်။ နောက်ဆုံးတခုဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး ၁ နှစ်ချတယ်။ စုစုပေါင်း ၅ နှစ်ချတယ်။ အဲဒီ ၅ နှစ်က တပေါင်းတည်း ကျခံစေလို့ အမိန့်မှာ ပါတဲ့အတွက် ၃ နှစ် ကျခံရမှာ ဖြစ်တယ်။ ဒါပေမဲ့ ကိုညီညီအောင်က သူ့ရဲ့ ချုပ်ရက်တွေလည်း နှုတ်ရမှာ။ ချုပ်ရက်က ၅ လလောက် ရှိပါတယ်။”

ဒီအမှုနဲ့ ပတ်သက်ပြီး အန်ကယ်တို့ဘက်က ပြန်ပြီး အယူခံဝင်ဖို့ ရှိပါသလား။

“ဟုတ်ကဲ့၊ လာမယ့်အပတ်ထဲမှာ အန်ကယ်တို့ စပြင်ဆင်မှာပါ။ အယူခံက တက်ဦးမှာပါ။”

ကိုညီညီအောင်ရဲ့ ကျန်းမာရေး အခြေအနေကရော။

“ကျန်းမာရေး ကောင်းပါတယ်။ သူ ခြေထောက်တော့ နည်းနည်းနာနေတယ်။ အကြောညပ်တယ်လို့ ပြောတယ်။ ဆရာဝန်နဲ့ပြဖို့ သူ တင်ပြထားတယ်တဲ့။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး မပြတ် စောင့်ကြည့်နေတဲ့ ရန်ကုန်က အမေရိကန်သံရုံး တာဝန်ခံတွေဟာ ဒီနေ့တရားခွင်ကို သွားရောက်ခဲ့ပေမဲ့ တိုက်ရိုက် စကားပြောခွင့်တော့ မရခဲ့ဘူးလို့ အမေရိကန်သံရုံး ပြောခွင့်ရ မစ္စတာ ဒရစ် ဝိုင်းဇက်က ပြောပါတယ်။

“ဒီနေ့တရားရုံးကို ကျနော်တို့ အမေရိကန်သံရုံးက တာဝန်ရှိတဲ့သူတွေ သွားခဲ့ပါတယ်။ ဒါပေမဲ့ ကိုကျော်ဇောလွင်နဲ့တော့ တိုက်ရိုက်စကားပြောခွင့် မရခဲ့ပါဘူး။”

အခုလို ပြစ်ဒဏ်ချမှတ်မှုမျိုးဟာ တရားမျှတမှု မရှိပါဘူးလို့လည်း မစ္စတာဝိုင်းဇက်က ပြောပါတယ်။

“အခုလို တရားမျှတမှု မရှိတဲ့ ပြစ်ဒဏ်ချမှတ်မှုမျိုးအတွက် ကျနော်တို့ တကယ်ပဲ စိတ်ပူပါတယ်။ ကိုကျော်ဇောလွင်အပေါ် တရားစွဲဆိုမှုတွေဟာ နိုင်ငံရေးအရ အရေးယူတာမျိုးလို့ ကျနော်တို့က ယုံကြည်ပါတယ်။ သူဟာ အမေရိကန် နိုင်ငံသားတယောက် ဖြစ်တာမို့ သူ့ကို သွားရောက် တွေ့ဆုံတာတွေ၊ သူ့အတွက် လိုအပ်ချက်တွေနဲ့ သူ့ရဲ့ အခြေအနေတွေကို အနီးကပ် မပြတ်ဘဲ စောင့်ကြည့်နေမှာပါ။ သူ့ကို ပြန်ပြီး လွှတ်ပေးဖို့နဲ့ အမေရိကန်နိုင်ငံကို ပြန်ခွင့် ပေးဖို့အတွက် နိုင်ငံတကာ စံနှုန်း စံထားတွေနဲ့အညီ ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းနေမှာပါ။”

အမေရိကန်သံရုံး ပြောခွင့်ရ မစ္စတာ ဒရစ် ဝိုင်းဇက် ပြောသွားတာ ဖြစ်ပါတယ်။

ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို အခုလို ပြစ်ဒဏ်ချမှတ်တာမျိုးဟာ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာမျိုးမို့ တရားမျှတမှု မရှိဘူးလို့ AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က တာဝန်ခံ ကိုတိတ်နိုင်က ပြောပါတယ်။

“ပထမဦးဆုံး ကိုညီညီအောင်ကို ဖမ်းပြီးသွားတဲ့အခါမှာ လက်ပစ်ဗုံးမိတဲ့ သူတွေနဲ့ ကိုညီညီအောင်နဲ့ ဆက်စပ်တယ်ဆိုပြီး သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ အများကြီး ယိုးစွပ်ခဲ့တာတွေ ရှိပါတယ်။ အခုနောက်ပိုင်းကြတော့ ဘယ်လိုမှ အဲဒါတွေနဲ့ ချိတ်ဆက်လို့ မရတော့ သူတို့ မပြောပလောက်တဲ့ ပုဒ်မတွေနဲ့ လျှောက်တပ်ပြီးတော့ အခုလို အမိန့်ချလိုက်တာပေါ့လေ။

“ချလိုက်တဲ့ပုဒ်မတွေအရ ဆိုရင်လည်း ကိုညီညီအောင်က တကယ်တမ်း ဘယ်လိုမှ ကျူးလွန်ခဲ့တဲ့သူ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ အခု မှတ်ပုံတင်အတု လုပ်တယ်ဆိုတာလည်း သူတို့ဆီကို လာတိုင်တဲ့လူက ဘယ်ကလူမှန်းမသိ၊ နောက်တခုက နိုင်ငံခြားငွေ ဆိုတာကလည်း ဗမာပြည်သွားမှတော့ နိုင်ငံခြားငွေ ပါမှာပေါ့လေ။ ဒါကြောင့် အဲဒီကိစ္စတွေနဲ့ စွဲပြီးချတယ်ဆိုတာ ဘယ်လိုမှ တရားမျှတမှု မရှိတဲ့ကိစ္စပါ။ ကိုညီညီအောင်ကို ထောင်ချမယ်ဆိုတဲ့ အစီအစဉ်ရှိရှိ တမင်ရည်ရွယ်ပြီး လုပ်ကြံတာလို့ မြင်ပါတယ်။

“အဓိက ကိုညီညီအောင်က သူတို့မသိဘဲ တိတ်တဆိတ်ဝင်တယ်ဆိုတဲ့ အပေါ်မှာ သူတို့ကို အရှက်ရစေတယ်လို့ ခံစားရမယ်လို့ ထင်ပါတယ်။ ကိုညီညီအောင် ပြည်တွင်းကို ဝင်တာ ၈ ခေါက်ရှိပြီဆိုတာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားတယ်။ ဆိုတော့ ပထမအခေါက်တွေတုန်းက သူတို့ မသိလိုက်တဲ့အတွက် ဒီတခေါက်မှ မိသွားတဲ့အတွက် သူတို့က အာဃာတထားပြီး အစီအစဉ်ရှိရှိ လုပ်တယ်လို့ မြင်ပါတယ်။”

AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က တာဝန်ခံ ကိုတိတ်နိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG