သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရမယ့်အချိန် မဟုတ်သေးဟု ဒေါ်စု ပြော


အခုနှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာ ဆုံးဖြတ်ချက်ချဖို့ စောသေးတယ်လို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တဲ့အကြောင်း မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ အကြောင်းစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဝင်ဖို့၊ မဝင်ဖို့ ဆုံးဖြတ်ရမယ့် အချိန် မဟုတ်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေလည်းဖြစ်၊ NLD ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဆိုတာ အခုနှစ်ထဲမှာ ကျင်းပမယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲနဲ့ သူညွှန်းတာ မဟုတ်ဘူး။ ဘယ်ရွေးကောက်ပွဲမဆို Freedom of Information ရယ်၊ Freedom of Express ရယ်၊ ဒါမရှိရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဘယ်တော့မှ မဖြစ်ဘူးဆိုတာ ပြောတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ဖို့ဆိုတာ အခုအချိန်မှာ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေ သိဖို့လိုသေးတယ်။ ဘာမှမသိရသေးဘူး၊ ဒါပြောတယ်။”

ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ စတဲ့ အခြေခံအချက်တွေ ရှိဖို့ လိုအပ်တာကြောင့် အဲဒီအချက်တွေ မပြည့်စုံဘဲ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူးဆိုတာ ဆုံးဖြတ်လို့ မရနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့လည်း မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG