သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား တိဘက်ဘုန်းတော်ကြီးနဲ့ တွေ့မယ့်အစီအစဉ် တရုတ်အစိုးရကန့်ကွက်


တိဘက်လွတ်မြောက်ရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား တို့ နောက်တပတ်ထဲ အိမ်ဖြူတော်မှာ တွေ့ဆုံကြမယ့် အစီအစဉ်ကို ချက်ချင်း ပယ်ဖျက်ပေးပါလို့ တရုတ်ဘက်က တိုက်တွန်း လိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မ ဂျောင်စူ (Ma Zhaoxu) ကတော့ အခုလို တွေ့ဆုံမယ့်အစီအစဉ်ကို လုံးဝကန့် ကွက်တယ်လို့ဆိုပါတယ်။

အမေရိကန်ခေါင်းဆောင်ဘက်ကသာ ဒလိုင်းလားမားနဲ့ တွေ့ဆုံဖို့ကိစ္စကို ရွေးချယ်လိုက်မယ်ဆိုရင် တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံအကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို ထိခိုက်လိမ့်မယ်လို့ ပြောသွားတာပါ။ တိဘက်နဲ့ပတ်သက်တဲ့ ကိစ္စတွေဟာ တကယ့်ကို အထိအခိုက်မခံတဲ့ ကိစ္စတွေ ဖြစ်တယ် ဆိုတာကို အမေရိကန်ပြည် ထောင်စုအနေနဲ့ သဘောပေါက်ထားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

အခုလာမယ့်ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ သမ္မတ အိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ တွေ့ဆုံကြမယ်ဆိုပြီး အိမ်ဖြူတော်က မနေ့ကပဲ ကြေညာခဲ့တာပါ။ တိဘက် လွတ်လပ်ရေးအတွက် တရုတ်ကနေ ခွဲထွက်ဖို့ ကြိုးပမ်းနေတဲ့သူလို့ တရုတ်ဘက်ကပြောနေတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ အမေရိကန် သမ္မတအိုဘားမားတို့အကြား ဘယ်လို ပြောဆိုမှုမျိုးကိုမဆို ဆန့်ကျင်တဲ့အကြောင်း တရုတ်ဘက်က ထုတ်ပြောနေတာပါ။ ဘုန်းတော်ကြီး ပြောနေတာကတော့ တိဘက်ခွဲထွက်ရေး မဟုတ်ဘဲ တရုတ်နိုင်ငံအတွင်း တိဘက်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ပိုရနိုင်ရေးကို ပြောနေတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG