သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကြက်ဆူ အခြေအနေ


လွန်ခဲ့တဲ့ (၃) နှစ်ကာလဖြစ်တဲ့ ၂၀၀၆ ခုနှစ်မှာ တပြည်လုံး မစိုက်မနေရ ခွဲတမ်းချပြီး စိုက်ပျိုးခဲ့ကြတဲ့ ကြက်ဆူပင်တွေကို အခုတော့ ဘယ်သူကမှ လှည့်မကြည့်တော့ဘူးလို့ သိရပါတယ်။ ကြက်ဆူစေ့ကရတဲ့ ကြက်ဆူဒီဇယ်ဆီကိုသုံးဖို့ အမိန့်ပေးသူူဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဖြစ်ပါတယ်။ ၂၀၀၅ နိုဝင်ဘာလ အစောပိုင်းက ပျဉ်းမနားကို အစိုးရရုံးပြောင်းရွှေ့ပြီး ဒီဇင်ဘာလမှာ ကြက်ဆူပင်စိုက်ဖို့ အမိန့်ထုတ်တာပါ။ သုံးနှစ်အတွင်း တပြည်လုံးကြက်ဆူပင်နဲ့ ပြည့်သွားအောင်လုပ်ဖို့ အမိန့်ပေးခဲ့တာပါ။ ၂၀၀၆ ခုနှစ် တနှစ်လုံး ကြက်ဆူပင်အကြောင်း အစိုးရသတင်းစာက နေ့စဉ်ဖော်ပြပါတယ်။ ကြက်ဆူပင် မစိုက်လို့ အရေးယူခံရမှာကြောက်ပြီး ထွက်ပြေးကြတဲ့ ကြက်ဆူပင်ဒုက္ခသည်တွေတောင် ရှိလာပါတယ်

အခုတော့ ကြက်ဆူပင်စိုက်တာ သုံးနှစ်ကျော်သွားပြီမို့ အခြေအနေ သုံးသပ်ဖို့ လိုလာနေပါတယ်။ ကြက်ဆူပင်ဟာ မြေရိုင်းမှာ အလေ့ကျပေါက်တဲ့အပင်ဖြစ်ပြီး အနှစ် (၅၀) လောက် သက်တမ်းရှိတဲ့အပင် ဖြစ်ပါတယ်။ တိရစ္ဆာန်မစားတဲ့အပင်ဖြစ်ပြီး ရေလေတိုက်စားမှုကို ကာကွယ်နိုင်တာမို့ ခြံစည်းရိုးအဖြစ် စိုက်ကြတာများပါတယ်။ "အနှစ်မရှိသည့် တောကြက်ဆူပင်မင်းမူ" ဆိုတဲ့ ဗမာစကားပုံကိုကြည့်ရင် ကြက်ဆူပင်ကို တန်ဖိုးမထားတာ သိနိုင်ပါတယ်။ ဒါပေမဲ့ ကြက်ဆူပင်စေ့က ထွက်တဲ့ဆီကို ဒီဇယ်ဆီ အသုံးပြုနိုင်ကြောင်း သိရတဲ့အတွက် ကြက်ဆူဒီဇယ် ထုတ်လုပ်ရေးကို စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ကြက်ဆူပင်စီမံကိန်း အောင်မြင်ပေမယ့် မြန်မာပြည်မှာတော့ အတတ်ပညာ ခေါင်းပါးပြီး အရင်းအနှီးမရှိတဲ့အတွက် မအောင်မြင်ကြောင်း နိုင်ငံခြားသတင်းဌာနတွေက ရေးကြပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖွဲ့ (၇) ဖွဲ့ ပါဝင်တဲ့ 'လူထုဖွံ့ဖြိုးရေးစုံရပ်' ဆိုတဲ့အဖွဲ့ ၂၀၀၈ ခုနှစ်က ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ (၆၀) အစီရင်ခံစာဟာ စိတ်အချဆုံးနဲ့ ယုတ္တိအရှိဆုံး ဖြစ်ပါတယ်။ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ မွန်၊ ရှမ်း နဲ့ ရခိုင် တို့ပါဝင်တဲ့ လူထုဖွံ့ဖြိုးရေးအဖွဲ့က ထုတ်ဝေတာဖြစ်ပါတယ်။ ဒေသခံ သုတေသီ (၁၅) ဦးက ပြည်နယ် (၇) နယ်က မြို့နယ် (၃၂) ခုမှာ ကွင်းဆင်းလေ့လာပြီး တွေ့ဆုံမေးမြန်းတဲ့အပြင် အစိုးရစာရွက်စာတမ်းနဲ့ နိုင်ငံတကာကြက်ဆူစီမံကိန်းကိုပါ ကိုးကာထားပါတယ်။ တပြည်လုံး ကြက်ဆူပင်စိုက်ပျိုးနေရတဲ့အတွက် ဒုက္ခရောက်ရပုံကိုလည်း အသေအချာ ဖော်ပြထားပါတယ်။ ရာသီဥတုနဲ့ မြေဆီလွှာကို မစစ်ဆေးဘဲ ပရမ်းပတာ စိုက်ပျိုးကြတာကြောင့် မြေဧကထောင်သောင်းချီနေတဲ့ စိုက်ခင်းကြီးတွေ ပျက်စီးရတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ ဧကသန်း (၂၀) ကျော် ကြက်ဆူပင်စိုက်ပြီး ဒီဇယ်ဆီတန်ချိန် (၂) သန်းထုတ်ယူဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ အရင်းအနှီးက ဒေါ်လာသန်း (၆၀၀၀) အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ တရုတ်ပြည်မှာလည်း ဂွေ့ဂျောင်၊ ဆုချွမ် နဲ့ ယူနန်ပြည်နယ်မှာ ကြက်ဆူပင်စိုက်ပြီး ဒီဇယ်ဆီထုတ်ယူမယ့် စီမံကိန်းတွေရှိပါတယ်။ ကမ္ဘောဒီယားနဲ့ လာအိုမှာလည်း မြေရိုင်းမှာ ကြက်ဆူပင်စိုက်ပြီး ဒီဇယ်ဆီထုတ်ယူနိုင်ဖို့ စမ်းသပ်သုတေသနလုပ်နေကြပါတယ်။ မြေရိုင်းဧက (၂) သောင်းမှာ ကြက်ဆူပင်စိုက်ပြီး ဒီဇယ်ဆီ ထုတ်ယူနိုင်အောင် တဖြည်းဖြည်း အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဒီဇယ်ဆီ တန်ချိန်သိန်းချီ ထုတ်နိုင်ဖို့အတွက် အရင်းအနှီး ဒေါ်လာသန်း ရာချီပြီး လိုအပ်ပါတယ်။ ဒါပေမဲ့ သုတေသနလုပ်ရတာကချည်း သုံးလေးနှစ်လောက်ကြာတာမို့ စဉ်းစားချိန်ရပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အကြံဉာဏ်မပါ၊ စနစ်တကျလေ့လာမှုမပြု၊ နည်းပညာအခြေခံ မခိုင်မာဘဲ အမိန့်အာဏာတခုတည်းကိုသုံးပြီး အကောင်အထည်ဖော်လို့ မြန်မာကြက်ဆူပင်စီမံကိန်း မအောင်မြင်တာလို့ ဆိုကြပါတယ်။ တကယ်တော့ မြန်မာပြည်က ကြက်ဆူပင်စီမံကိန်းဟာ ယတြယာချေတဲ့ ဖြစ်ကတတ်ဆန်း အစီအစဉ်တခုသာ ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ ကြက်ဆူပင်ကို သင့်လျော်တဲ့ မြေနေရာမှာ စိုက်ပျိုးတာမဟုတ်ဘဲ အာဏာပိုင်တွေ မြင်နိုင်တဲ့နေရာမှာ စိုက်ပျိုးတဲ့အတွက် စီမံကိန်း မအောင်မြင်တာလို့လည်း ဆိုကြပါတယ်။

ကြက်ဆူပင် စိုက်ဖို့သင့်လျော်တဲ့ နေရာတွေ မြန်မာပြည်မှာရှိပေမယ့် စီမံကိန်း အကောင်အထည်ဖော်တဲ့နေရာဟာ မသင့်လျှော်ဘူးလို့ သိရပါတယ်။ ရာသီဥတုနဲ့ မဆီလျော်လို့ ကြက်ဆူပင်တွေ သေကုန်တာဖြစ်ပါတယ်။ တရုတ်ပြည်တောင်ပိုင်းက ကြက်ဆူပင် စိုက်ပျိုးရေးကို ကြည့်တဲ့အခါ အသေအချာ လေ့လာရေးနဲ့ ကောင်းမွန်တဲ့ မျိုးစေ့ရရေးအတွက် (၅) နှစ်စောင့်ကြည့်ပြီး သုတေသနလုပ်ဖို့ လိုတယ်လို့ ကမ္ဘာ့သစ်တောဌာနက မှတ်ချက်ချပါတယ်။

မြန်မာ့ကြက်ဆူကိုတော့ ဗိုလ်ချုပ်တွေ မြင်နိုင်မယ့်နေရာမှာသာ စိုက်ပျိုးကြပါတယ်။ လမ်းဘေး၊ ရွာဝင်ရွာထွက်၊ ဘူတာရုံ၊ စာတိုက်၊ ကျောင်း၊ ဆေးရုံ နဲ့ ရဲစခန်းတွေမှာ အမျိုးသားရေးတာဝန် ထမ်းဆောင်တဲ့အနေနဲ့ ကြက်ဆူပင် စိုက်ထားကြပါတယ်။ ကြက်ဆူသီးကို စားမိရင် အဆိပ်သင့်တဲ့တာမို့ ကလေးတွေအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ အခုတော့ ကြက်ဆူပင်တွေ မင်းမူနေတဲ့အတွက် ခုတ်ထွင်ရှင်းလင်းပစ်ရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ကြက်ဆူပင်က ဒီဇယ်ဆီ ထုတ်ယူတာကို သရုပ်ဖော်တဲ့အနေနဲ့ ဒီဇယ်ကြက်ဆူလို့ လူသိများပေမယ့် မြန်မာပြည်မှာတော့ စိုက်ပျိုးရေးဌာနက ခြံစည်းရိုးကြက်ဆူးလို့ အမည်ပေးထားပါတယ်။ ဒါလို အမည်ပေးထားတဲ့အတိုင်း ကြက်ဆူပင်တွေဟာ ခြံစည်းရိုးဘဝမှာပဲ နိဂုံးချုုပ် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG