သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာ စက်မှုဇုန် လုံခြုံရေး ရုပ်သိမ်း


ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လှိုင်သာယာ စက်မှုဇုန်မှာ ဆန္ဒပြနေတဲ့ စက်ရုံအလုပ်သမားတွေထဲက တချို့ဟာ သူတို့ တောင်းဆိုချက်တွေ ရပြီးတာမို့ ဆန္ဒပြမှုတွေ ရပ်နားလိုက်သလို တချို့ရုံတွေကို ကူးစက်မှာ စိုးတာကြောင့် လုပ်အားခတွေ တိုးပေးလိုက်တာတွေလည်း ရှိပါတယ်။ အာဏာပိုင်တွေဘက်က စနေနေ့ကစပြီးလုံခြုံရေးတွေလည်း ပြန်လည်ရုပ်သိမ်းသွားပြီလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

လှိုင်သာယာ စက်မှုဇုန်ထဲမှာ ဇုန် ၇ ခုရှိပြီး ဇုန်တခုကို စက်ရုံပေါင်း ၂၀၀ ထက်မနည်း ရှိတာကြောင့် စက်ရုံတခုမှာ ဆန္ဒပြပြီဆိုတာနဲ့ တခြားနေရာတွေအထိ ချက်ချင်း ပျံ့နှံ့သွားပါတယ်။ ၂ ရက်ခန့် ဆန္ဒပြပြီး တောင်းဆိုချက်တွေ ရသွားတဲ့ စက်ရုံကတော့ ခင်ချိုလို့ခေါ်တဲ့ ကျားမင်း အထည်ချုပ်စက်ရုံ ဖြစ်ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တချို့ ရသွားတဲ့အကြောင်း လှိုင်သာယာက အလုပ်သမားတဦးက အခုလို ပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ အသိတယောက်၊ ခင်ချိုကပဲ၊ သူတို့ အဆင်ပြေသွားတယ်တဲ့။ ခင်ချိုက သူတို့လစာ ၅,၀၀၀ တိုးပေးလိုက်တယ်တဲ့။ သူတို့ အဓိကတောင်းဆိုတာ လစာတိုးပေးဖို့။ နောက်တချက်က စက်ရုံမှာ ရေက မကောင်းဘူး။ ရေက အဝီစိတွင်းရေကို သုံးရတာ၊ အဲဒါ ကျန်းမာရေးအတွက် အရမ်းထိခိုက်တယ်ပေါ့။ အဲဒီအတွက် ရေသန့်အောင် စီစဉ်ပေးဖို့ တောင်းဆိုတယ်။ အဲဒါလည်း အဆင်ပြေတယ် ပြောတယ်။

“သူတို့ အခြေခံလစာတွေက နည်းတယ်၊ ၂၅,၀၀၀၊ ၃၀,၀၀၀ လောက်ပဲ ရတာကိုး။ အဲဒီအတွက်ကြောင့် တောင်းဆိုတာတဲ့။ သူတို့ အလုပ်သမား ဦးစီးဌာနနဲ့ ပိုင်ရှင်နဲ့တွေ့တယ်၊ အာဏာပိုင်လည်း ပါတယ်။ တွေ့ပြီးတော့ ဆွေးနွေးလိုက်တဲ့ အနေအထားအရ လစာ တိုးပေးမယ်ပေါ့။ သောက်သုံးရေ မသန့်တဲ့ဟာကိုလည်း သူတို့ အားလုံး လုပ်ပေးမယ်ပေါ့။”

စက်ရုံပိုင်ရှင် အများစုဟာ ဖက်စပ်လုပ်ကိုင်ကြသူတွေ ဖြစ်ပြီး နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။ အဲဒီ ခင်ချိုစက်ရုံကတော့ အင်အား ၇၀၀ လောက် ရှိပါတယ်။ သူတို့ဆန္ဒပြပုံကိုလည်း အခုလို ပြောပြပါတယ်။

“၂ ရက် ဆန္ဒပြတယ်တဲ့။ စက်ရုံထဲမှာပဲ ထမင်းစားချိန် ရောက်တဲ့အချိန်မှာ သူတို့ အလုပ်ကို ပြန်မဆင်းတော့ဘူး၊ ခင်ချိုက။ ၂ ရက်ဆက်တိုက်ပေါ့။ ၂ ရက်ပြီးသွားတော့ အလုပ်သမား ဦးစီးဌာနလည်း လာတယ်။ လာပြီး ပိုင်ရှင်နဲ့တွေ့တယ်။ ပိုင်ရှင် တောင်ကိုရီးယား၊ တရုတ်နဲ့ ဟောင်ကောင်လည်း ပါတယ်။ ဖက်စပ်တွေပေါ့။”

နောက်တခုကတော့ သုံးထပ်ကြီးလို့ အမည်ရတဲ့ စက်ရုံကလည်း ဆန္ဒပြနေပါတယ်။ ပြဿနာတွေ ပြေလည်သွားပြီဆိုတဲ့ သတင်းတော့ မထွက်လာသေးဘူးလို့လည်း ဆိုပါတယ်။

“သုံးထပ်ကြီးတဲ့၊ သူကလည်း အထည်ချုပ်စက်ရုံပေါ့။ အင်အား ၅၀၀ ကျော်၊ ၇၀၀ လောက်ရှိတယ်တဲ့။ သူတို့လည်း ဆန္ဒပြတယ်တဲ့။ ဒါပေမဲ့ အကျိုးအကြောင်း မသိရသေးဘူး။”

စက်မှုဇုန်တခုမှာ စက်ရုံအနည်းဆုံး ၂၀၀ ထက်မနည်း ရှိတာကြောင့် တခြားရုံတွေက စိုးရိမ်ပြီး လုပ်အားခတွေ မတောင်းခင် တိုးပေးမယ်ဆိုတဲ့ အကြောင်းတွေ၊ ပြောဆိုမှုတွေတော့ ရှိလာတယ်လို့ ဆိုပါတယ်။

“ဇုန် ၁၊ ၂၊ ၃၊ ၄ က ဘုရင့်နောင် အဆင်း၊ ဇုန် ၅ ကျတော့ အတွင်းထဲမှာ။ ၆၊ ၇ ကျတော့ ရွှေပြည်သာ တံတားအောက်မှာ။ ကျနော်တို့ကြားတာတော့ တချို့စက်ရုံတွေက ခုနလို အနေအထား ဖြစ်မှာစိုးလို့ လစာကို ကြိုတိုးပေးတယ်တဲ့။ အဲဒါကို တချို့ အလုပ်သမားတွေက ဒီဟာကို မကျေနပ်နိုင်ဘူးပေါ့။ သူတို့လစာကို ကြိုတိုးပေးတဲ့ နှုန်းထားက နည်းသေးတယ်ပေါ့။ တနင်္လာနေ့တော့ အဖြေတခု ထွက်မယ်ထင်တယ်။”

အာဏာပိုင်တွေ ဘက်ကတော့ လုံခြုံရေး တင်းကျပ်မှုတွေ လုံး၀ မရှိတော့တဲ့ အကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“လုံခြုံရေးကတော့ သူတို့ လုံးဝကို ရုပ်သိမ်းသွားပြီ။ လမ်းမပေါ်မှာ ဘာမှမရှိတော့ဘူး။ မနေ့ကစပြီး သူတို့ ရုပ်သွားတယ်။”

အာဏာပိုင်တွေဘက်က ပြဿနာကို ပြေလည်အောင် ဆောင်ရွက်ပေးမယ့် အခြေအနေတွေမှာရှိပြီး အလုပ်သမား ဆန္ဒပြမှုတွေ ဆက်မဖြစ်ရေးအတွက် လုပ်ဆောင်ပေးမယ့် အခြေအနေတွေကြောင့် လုံခြုံရေးကို ရုပ်သိမ်းလိုက်တယ်လို့ ယူဆရကြောင်း၊ တနင်္လာနေ့မှာတော့ ဆန္ဒပြနေတဲ့ စက်ရုံတွေ ပြန်ဖွင့်ရတော့မှာ ဖြစ်တဲ့အတွက် အခြေအနေတွေကို ပိုသိမှာ ဖြစ်ကြောင်းတွေကိုလည်း ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG