သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပ


၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အရေးအခင်းအပြီး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရာက စနေနေ့မှာ ပြန်လည်လွတ်မြောက်လာတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးဟာ ဒီနေ့ NLD ဌာနချုပ်မှာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ NLD တာဝန်တွေကို ဆက်လက် တာဝန် ထမ်းဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ သူ အကျဉ်းကျနေစဉ်အတွင်း သူ့ရဲ့ အဖွဲ့ဝင်တွေ နှိပ်စက်ညှဉ်းပန်း ခံရမှုတွေကို ဘာမှ လုပ်မပေးနိုင်တဲ့အတွက် စိတ်မချမ်းသာတဲ့အကြောင်း မအေးအေးမာက စုစည်းပြီး သတင်းပေးပို့ထားပါတယ်။

နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးဟာ ဒီနေ့ အဖွဲ့ချုပ်ရုံးကို လာတဲ့အချိန်မှာပဲ သူဟာ အဖွဲ့ချုပ် တာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း အခုလို စတင်ပြောကြားသွားပါတယ်။

“ဒီအဖွဲ့ချုပ်အနေနဲ့ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ လိုက်ပါဆောင်ရွက်သွားတဲ့ အချိန်ကစပြီး အကျဉ်းထောင်နဲ့ အိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီမို့ အဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ သတင်းပို့ကြောင်း၊ အဖွဲ့ချုပ် အလံတော်ကို အလေးပြုပြီး ပြန်လည် ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်ပြီ ဖြစ်တဲ့အကြောင်း ကျနော် ကတိပြု ကြေညာပါတယ်။”

ဒီနေ့မှာပဲ နိုင်ငံခြား သတင်းဌာနတွေက သတင်းစာ ဆရာတွေကို ခေါ်ယူပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့လည်း အခုလို ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်နဲ့က သမိုင်းရှိတယ်၊ အစဉ်အလာရှိတယ်။ ကျနော်လွတ်ပြီးရင် တလ နှစ်လမှာ သူ လွတ်တယ်။ အခုလည်းပဲ ဗိုလ်သန်းရွှေက ပြောထားတာပဲ၊ သူလျှော့လိုက်လို့ တနှစ်ခွဲ အိမ်မှာ အခု အကျယ်ချုပ်ကျနေတဲ့ ကိစ္စမှာ သူ ကောင်းကောင်းမွန်မွန်နေရင် ဒါကို စဉ်းစားပြီး လွှတ်မယ်ဆိုတဲ့သဘော ပြောထားတဲ့ဟာရှိတယ်။ အဲဒီကတိအတိုင်း တည်ပါ။ ဒေါ်အောင်ဆန်းစုကြည်က ဘာလုပ်လို့လဲ၊ ကောင်းကောင်းမွန်မွန်ပဲ နေတဲ့ သဘော ရှိတဲ့အတွက် ဒီဟာကို ထောက်ထားပြီး မြန်မြန်စဉ်းစားဖို့ ကျနော် ပြောလို့ရတယ်။”

ဒါ့အပြင် သူ နေအိမ်အကျယ်ချုပ်မှာ နေထိုင်နေရစဉ်အတွင်း စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းအချက်တွေကိုလည်း ပြောသွားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူငယ်အဖွဲ့ဝင် တဦးကလည်း အခုလို ပြောသွားပါတယ်။

“မလွတ်မလပ် နေရတဲ့ ဘဝမှာ သူ မပျော်ပိုက်ဘူးဆိုတဲ့ ဟာမျိုးပေ့ါ။ နောက် ဒီမှာ သတင်းတွေ ကြားတိုင်း ကြားတိုင်း သူ စိတ်မကောင်းဘူးပေါ့။ ဟိုလူ့ ဖမ်းပြန်ပြီ၊ ဒီလူ့ ချုပ်ပြန်ပြီ၊ ထောင်ချပြန်ပြီဆိုတာ။ စိတ်မကောင်းဘူးပေါ့လေ။ ပြီးတော့ ဟိုလူ့ လိုင်စင်ဖြုတ်တယ်၊ ဒီလူ့ လိုင်စင် ရုပ်တယ်၊ ဟိုလူ့စီးပွားရေး ဒုက္ခပေး၊ ဒီလူ့စီးပွားရေး ဒုက္ခပေးဆိုတာ သူ ကြားသာကြားနေရတယ်၊ လက်တွေ့မှာ ဘာမှ မလုပ်ပေးနိုင်တဲ့အတွက် သူ တော်တော်လေး အချုပ်အနှောင် ခံရတာထက်ကို ပိုပြီး စိတ်မကောင်း ဖြစ်မိတယ်ဆိုတဲ့ အကြောင်းတွေပေ့ါ။

“အခုတော့ သူ ပြန်လွတ်လာပြီ။ ပြန်လွတ်လာတဲ့အတွက် အဖွဲ့ချုပ်ကို ဝိုင်းရံကြပါပေါ့။ အဖွဲ့ချုပ်ကို သူကလည်း ဝိုင်းရံမယ်။ သတင်းဌာနတွေ အနေနဲ့သော်လည်းကောင်း၊ ပြည်ပရောက် မိတ်ဆွေများ၊ ပြည်တွင်းမှာ ရှိနေတဲ့ ဒီမိုကရေစီ လိုလားသူများ အားလုံး အဖွဲ့ချုပ်ကို ဝိုင်းရံကြပါဆိုပြီးတော့ အဲလိုပြောတယ်။”

ဦးတင်ဦး ပြန်လည် လွတ်မြောက်လာတဲ့အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းက မြို့နယ် ၁၀ မြို့နယ်လောက်က ဦးတင်ဦးကို ဒီနေ့မှာပဲ သွားရောက် ဂါရ၀ ပြုခဲ့ကြပါတယ်။ ဂါရဝပြုခဲ့သူ လူငယ်အမျိုးသမီးတဦး ပြောပြတာကတော့ …

“ကျမတို့ လူငယ်တွေ အားလုံးအပေါ်မှာ အားထားစရာကောင်းတဲ့၊ တကယ့် ခေါင်းဆောင်ကောင်း တယောက်ပါ။ အဘလွတ်လာတဲ့အခါ ကျမတို့ လူငယ်တွေအနေနဲ့ အရမ်းအားတက်တယ်။ အဘကိုလည်း အားထားတယ်။ အဘရဲ့ စိတ်ဓာတ်၊ အဘရဲ့ ခံယူချက် အပေါ်မှာလည်း အရမ်းယုံကြည် လေးစားတယ်။ အဲတော့ အဘကို သွားပြီးတော့ အားပေးတဲ့ အနေနဲ့လည်း ပါတယ်။ အဘကို ကြိုဆိုတဲ့ အနေနဲ့လည်း ပါတယ်။ ကျမတို့ လူငယ်တွေ အနေနဲ့က ကြိုဆိုတယ်ဆိုတဲ့ ပုံစံနဲ့ သွားကန်တော့တာပါ။

“အဘက အမြဲတမ်း သူ့ရဲ့စိတ်ဓာတ်က NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား အပေါ်မှာရော၊ ပြည်သူလူထုရဲ့ သဘောဆန္ဒ အပေါ်မှာရော အမြဲတမ်း ရပ်တည်နေတယ်ဆိုတာ ထုတ်ပြောတယ်လေ။”

ဦးတင်ဦး အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ရပ်တည်ချက် သဘောထား အပေါ်မှာပဲ ဆက်လက်ပြီး ရပ်တည်သွားမယ် ဆိုတဲ့အကြောင်းကိုလည်း ပြောဆိုသွားတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီးတော့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အန်ကယ် ဦးတင်ဦး ဒီနေ့ ရုံးတက်တဲ့ အခြေအနေလေး ဆရာ နည်းနည်းပြောပြလို့ ရမလား။

“အန်ကယ် ဦးတင်ဦးက ရုံးကို ဒီနေ့ ၁၁ နာရီခွဲလောက် ရောက်ပါတယ်။ ရောက်ပြီးတော့ အပေါ်မှာ ခဏနားပြီး လူကြီးတွေကို နှုတ်ဆက်ပါတယ်။ လူကြီးတွေကတော့ အန်ကယ် ဦးလွန်းတင်တို့၊ အန်ကယ် ဦးဝင်းတင်တို့၊ CEC အားလုံးပေါ့၊ သူ နှုတ်ဆက်တယ်။ နှုတ်ဆက်စကား ၁၅ မိနစ်လောက် ပြောပြီး အောက်မှာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အားလုံးကို နှုတ်ခွန်းဆက်စကား ပြောတယ်။ ပြောပြီးတဲ့အခါ သတင်းစာ ဆရာတွေမေးတဲ့ မေးခွန်းတွေကို သူဖြေတယ်။ ဖြေပြီးတော့ ၁ နာရီခွဲမှာ CEC အစည်းအဝေး လုပ်တယ်။ ပြီးတာနဲ့ ခဏနားပြီး ၃ နာရီလောက်မှာ သူ အိမ်ပြန်သွားပါတယ်။”

CEC ကိစ္စနဲ့ ပတ်သက်ပြီး အန်ကယ် ဦးတင်ဦးဆီက အကြံဉာဏ် ထူးထူးခြားခြား ပေးတာများ ရှိပါသလား။

“လောလောဆယ်တော့ သူ ဒီဟာနဲ့ ပတ်သက်လို့ ဘာမှ မပြောပါဘူး။ CEC တွေ တိုးချဲ့ဖွဲ့စည်းတယ်၊ လူကြီးတွေ အသက်ကြီးသွားတဲ့ အတွက် လုပ်နိုင်ကိုင်နိုင်စွမ်း၊ သူတို့မှာ လှုပ်ရှားနိုင်စွမ်း နည်းတဲ့အချိန်မှာ အခုလို CEC တိုးချဲ့ဖွဲ့စည်းတာကို သူ့အနေနဲ့ ကြိုဆိုတယ်၊ ထောက်လည်း ထောက်ခံတယ်ဆိုတဲ့ အကြောင်းကိုတော့ သူ ပြောပါတယ်။ ကျန်တာတော့ သူ အဖွဲ့ချုပ်နဲ့ ပတ်သက်လို့ တချို့ကိစ္စတွေ သူ သိတာတွေလည်းရှိတယ်။ အဆက်မပြတ်ပါဘူးတဲ့။ သူ နားထောင်နေရတယ်၊ ကြားနေရတယ်။ တချို့ကိစ္စတွေတော့ သူ လေ့လာရဦးမှာပေါ့။

“သူ အဓိကကိုင်တာတော့ ဒီမှာ ဗဟိုလူမှု အထောက်အကူ ဥက္ကဋ္ဌနဲ့ ဗဟိုဥပဒေအဖွဲ့ ဥက္ကဋ္ဌဆိုတော့ ဒီဥစ္စာအတွက် သူ ဆက်ပြီးတော့ ဒီလုပ်ငန်းတွေ ပြန်ပြီး တာဝန်ယူနိုင်ဖို့ အဲဒီက ပုဂ္ဂိုလ်တွေနဲ့ တွေ့ထိပြီး၊ လုပ်ငန်းတွေအကြောင်း လေ့လာပြီး ဆက်ပြီးတော့ ဒီလုပ်ငန်းတွေ သူ ဦးဆောင်သွားမယ် ဆိုတဲ့အကြောင်း ပြောပါတယ်။”

NLD အဖွဲ့ကနေပြီးတော့ ချထားတဲ့လမ်းစဉ်၊ ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း ဆုပ်ကိုင်သွားမယ်ဆိုတော့ အန်ကယ် ဦးတင်ဦးကလည်း အဲဒီလိုပဲ ပြောခဲ့ပါတယ်။ ဒီ ရှေ့လမ်းစဉ်နဲ့ ပတ်သက်ပြီး အန်ကယ် ဦးတင်ဦး ထူးထူးခြားခြား ပြောသွားတာများ ရှိပါသလား။

“အဲဒီမှာတော့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ ကျနော်တို့က ရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူး၊ စသဖြင့် ဘာမှ ဆုံးဖြတ်ထားတာ မဟုတ်ဘူးလေ။ ကျနော်တို့အနေနဲ့ နအဖနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် တောင်းဆိုထားတာ အဓိကပေါ့။ တကယ်လို့ တွေ့ဆုံဆွေးနွေးရေး၊ ပထမအချက် ရွှေဂုံတိုင်မှာ ပါတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးပွဲမှ တဆင့် ရလဒ်တွေအတိုင်း တိုင်းပြည်ရဲ့ အနာဂတ် လမ်းကြောင်းကို သွားရေး။

“အဲလိုမှ မလုပ်နိုင်ရင်လည်း ရွှေဂုံတိုင်မှာ ပါတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ အခြေခံဥပဒေပါ အချက်တွေ ပြင်ဆင်ရေးကို ဆောင်ရွက်ပေးမယ်၊ ပြီးတော့ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ ရှေ့မှောက်မှာ လုပ်ပေးမယ်ဆိုရင် ကျနော်တို့က ပြောထားတာကိုး။ ဒီမှာကတော့ ဝင်ရေး၊ မဝင်ရေး မပါဘူး။ အဲဒီအချက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောထားတာကို သဘောတူပါတယ်တဲ့။ ဒီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့၊ ကော်မရှင် ဥပဒေတို့ မထွက်သေးတဲ့အခါမှာ ဒီဟာကို ကျနော်တို့အနေနဲ့ အဆုံးအဖြတ် ဘယ်လိုမှ မပေးနိုင်ပါဘူးတဲ့။ ဒါကိုလည်း သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ရပ်တည်ချက် အတိုင်းပါပဲတဲ့။

“ရှေ့မှာ အဓိကကတော့ ကျနော်တို့ ရှေ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ရှေးရှုပြီး ချနိုင်ဖို့ အတွက်ကတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ စုံစုံညီညီ တွေ့ဖို့က အဓိက ဖြစ်နေတယ်။ ဒီကိစ္စကိုလည်း သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စုံညီ တွေ့ခွင့်ရဖို့လည်း နအဖကို မေတ္တာရပ်ခံ တောင်းဆိုမယ့်အကြောင်း၊ အဲဒီကမှတဆင့် ရှေ့လုပ်ငန်းစဉ်တွေ ဆက်သွားမယ့်အကြောင်း ပြောပါတယ်။”

အန်ကယ် ဦးတင်ဦးကို နေအိမ်အကျယ်ချုပ် ချထားတာ ဒီပဲယင်း အရေးအခင်း ပြီးမှဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီးရော အန်ကယ် ဘာတွေ ပြောပါသေးလဲ၊ သတင်းစာ ရှင်းလင်းပွဲမှာ။

“ဒီဟာနဲ့ ပတ်သက်လို့ အန်ကယ် ဘာမှမပြောဘူး။ ဒါနဲ့ ပတ်သက်လို့လည်း သတင်းထောက်များက မေးတာ မြန်းတာ မရှိပါဘူး။ သတင်းထောက်တွေ အနေနဲ့ ဒီနေ့ အဓိက မေးကြတာတွေက ဒေါ်စုနဲ့တွေ့ဖို့ Request လုပ်မယ်လို့ သူပြောတာ ကြားရတယ်၊ အဲဒါ ဘယ်လို ဆက်လုပ်မလဲဆိုတဲ့ ကိစ္စကို မေးပါတယ်။ နောက်တခုကတော့ CEC တွေ စုံညီတွေ့ဖို့ ခွင့်တောင်းထားတာ၊ အဲဒါကိုလည်း ဘယ်လိုဆက်လုပ်မလဲ၊ တွေ့ခွင့်ရမရ အဲဒါတွေကို သူတို့မေးတယ်။ နောက်တခုက ကင်တားနား (Quintana) လာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထားလဲ။ အဓိက အဲဒါတွေ မေးပါတယ်။”

မစ္စတာကင်တားနား လာတာနဲ့ ပတ်သက်ပြီးတော့ အန်ကယ် ဦးတင်ဦးရဲ့ သဘောထား ဘာပြောသွားပါလဲ။

“ကင်တာနား လာတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတရပ်က လာတာကို ကြိုဆိုရမယ်တဲ့။ ကြိုလည်း ကြိုဆိုပါတယ်တဲ့။ ခဏခဏလာလို့ရှိရင် ပိုကောင်းပါတယ်တဲ့။ အကျိုးရှိပါတယ်တဲ့။ တကယ်ကို ခြေခြေမြစ်မြစ် တွေ့ရမယ့် အဖွဲ့တွေလည်း ဖြစ်ပါတယ်တဲ့။ လောလောဆယ်တော့ သူနဲ့ ဒီနေ့ တွေ့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိက သူတောင်းထားတာကတော့ ရှေ့နေ ၄ ယောက်နဲ့ တွေ့ဖို့။ သူ့အနေနဲ့တော့ လောလောဆယ် ဟိုက တွေ့မယ်ဆိုရင်လည်း သူ မတွေ့ဘူးတဲ့။ ဟိုကလည်း တွေ့ဖို့တောင်းထားတာ ရှေ့နေ ၄ ယောက်ဆိုတော့ သူနဲ့တွေ့ဖို့ အကြောင်းမရှိဘူးပေါ့။ အဲလောက်ပဲ သူပြောပါတယ်။”

အန်ကယ် ဦးတင်ဦး အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရော တင်ထားတာမျိုး ရှိပါသလား။ ဘာပြောသွားပါလဲ။

“အဲဒါကိုတော့ သူ့အနေနဲ့ သူလွတ်ပြီဖြစ်တဲ့အတွက် သူနဲ့တွေ့ဖို့၊ ဒါမှမဟုတ်လည်း CEC စုံညီတွေ့ဖို့ကို ဥက္ကဋ္ဌကတဆင့် တောင်းဆိုပေးပါမယ်တဲ့။ နအဖ ဥက္ကဋ္ဌဆီကို NLD ဥက္ကဋ္ဌကြီးက နေပြီးတော့ တောင်းဆိုပေးမယ်ဆိုပြီး ပြောပါတယ်။ အဓိကကတော့ သူတို့ မနေ့က အန်ကယ် ဦးအောင်ရွှေနဲ့ တွေ့တဲ့အခါမှာ ဒီကိစ္စကို သူတို့ တိုင်ပင်ပြီးပါပြီ။ သူလွတ်တဲ့အချိန်မှာ သူက တွေ့ဖို့ တောင်းဆိုတယ်။ တောင်းဆိုတာကို ဥက္ကဋ္ဌကြီးကတဆင့် တောင်းဆိုပေးမယ့် သဘောပါပဲ။ ဥက္ကဋ္ဌက လက်မှတ်ထိုးပြီး တောင်းဆိုပေးမယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့က သမိုင်းရှိတယ်တဲ့။ သူလွတ်ပြီး တလနှစ်လကြာရင် ဒေါ်အောင်ဆန်းစုကြည် လွတ်တတ်တယ်တဲ့။ အရင် ၉၅ တုန်းကထင်တယ်၊ အဲဒီတုန်းကလည်း ဒီလိုပဲ၊ သူလွတ်ပြီး သိပ်မကြာခင် ဒေါ်စု လွတ်တယ်ပေါ့။ ဒေါ်စုအနေနဲ့လည်း ကောင်းကောင်းမွန်မွန် နေနေတဲ့အတွက် မကြာခင် ပြန်လွတ်မယ်လို့ သူမျှော်လင့်တယ်တဲ့။”

ဒီကနေ့ NLD ဌာနချုပ်မှာ ကျင်းပတဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG