သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို အရေးယူခြင်း ထိရောက်မှု ဆော်ဒီ သံသယဖြစ်


ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးက အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာ ထိရောက်မှုကို သံသယရှိကြောင်း ပြောပါတယ်။ ပိတ်ဆို့အရေးယူတာက ရေရှည်ဖြေရှင်းရေးဖြစ်ပြီး အီရန်ရဲ့ နျူကလီးယား ကိစ္စက လက်ငင်း ခြိမ်းခြောက်နေတဲ့ကိစ္စ ဖြစ်နေပါတယ်လို့ သူက ဆိုပါတယ်။

သူက ရီးယာ့ဒ်မြို့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ အတူလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်နိုင်ငံကို ဖိအားပေးကြဖို့ စည်းရုံးတဲ့အနေနဲ့ မစ်စ်ကလင်တန်က ပင်လယ်ကွေ့နိုင်ငံတွေကို သွားရောက်နေပါတယ်။

ကလင်တန်က ဆော်ဒီဘုရင် အဗ္ဗဒူလာ (Abdullah) နဲ့ရော နိုင်ငံခြားရေးဝန်ကြီး မင်းသားကြီး ဆော့ဒ် အယ်လ် ဖိုင်ဆယ်လ် (Saud al-Faisal) နဲ့ပါ အီရန်အပေါ် ပိတ်ဆို့အရေးယူရေး ထောက်ခံဖို့အတွက် တွေ့ဆုံခဲ့ပါတယ်။

တချိန်တည်းမှာပဲ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အဆိုပြုချက် အသစ်တရပ်ကို အီရန်နိုင်ငံကို ပေးခဲ့တယ်လို့ အီရန်အစိုးရက ပြောတာကို အမေရိကန်၊ ရုရှားနဲ့ ပြင်သစ်တို့က ငြင်းဆိုလိုက်ကြပါတယ်။ အဲဒီ အဆိုပြုချက် အသစ်ကို လေ့လာနေတယ်လို့ အီရန်က တနင်္လာနေ့က ပြောခဲ့ပါတယ်။

ယူရေနီယမ်ကို အဆင်မြှင့်ပြီး ထုတ်လုပ်နေတယ်လို့ အီရန်အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် အဆိုပြုချက်ကို လက်ခံရရှိခဲ့တာ ဖြစ်တယ်လို့ အီရန်နိုင်ငံရဲ့ နျူကလီးယား စွမ်းအင်ဌာန အကြီးအကဲ အလီ အက်ခ်ဘာ ဆာလေးဟီး (Ali Akbar Salehi) က ပြောကြောင်း အီရန် မီဒီယာ ILNA က ဆိုပါတယ်။

အီရန်ကို ပေးထားတဲ့ အဆိုပြုချက်က မနှစ် အောက်တိုဘာလမှာ ပေးထားတဲ့ အဆိုပြုချက်သာ ဖြစ်တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘားနာဒ့် ဗလယ်ရို (Bernard Valero) က ပြောပါတယ်။ အမေရိကန်နဲ့ ရုရှားကလည်း ဒါကို အတည်ပြု ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG