သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေး ကိုယ်စားလှယ် ဘူးသီးတောင်မှာ နိုင်ငံရေး အကျဉ်းသား ၅ ဦးနဲ့ တွေ့ဆုံ


မြန်မာနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဒီနေ့မှာတော့ ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီမှာ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂရုံးက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လာမယ့် မတ်လထဲမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီမှာ တင်သွင်းဖို့အတွက် မြန်မာနိုင်ငံကို လာရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ သူ့ရဲ့ တတိယမြောက်နေ့ ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ်က ဘူးသီးတောင်ကို သွားရောက်ခဲ့ပါတယ်။

ဘူးသီးတောင် အကျဉ်းထောင်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ မစ္စတာ ကင်တားနားနဲ့အတူ လိုက်ပါသွားတဲ့ ရန်ကုန် ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးဌာနက ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ အခုပဲ ဘူးသီးတောင်က ပြန်လာပါပြီ။ စစ်တွေကို ပြန်ရောက်နေပါပြီ။”

ဘူးသီးတောင်မှာ ဒီနေ့ ဘယ်သူတွေနဲ့ တွေ့ခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်၊ နည်းနည်းပြောပြပေးပါလား။

“ဘူးသီးတောင် ရောက်ရောက်ချင်းမှာတော့ အဲဒီဒေသမှာရှိတဲ့ နစက အဖွဲ့နဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ ဒေသအခြေအနေ ရှင်းပြတယ်။ ပြီးတော့ ကျနော်တို့ ဘူးသီးတောင် အကျဉ်းထောင်ကို သွားပါတယ်။ ဘူးသီးတောင် အကျဉ်းထောင်ကို လေ့လာပြီးတော့ အဲဒီမှာ ဌေးကြွယ်ရယ်၊ ထွန်းညိုရယ်၊ မြတ်ထွန်းရယ်၊ အာမက်ရယ်၊ ကျော်မင်း ဆိုတာရယ် ၅ ဦး တွေ့ခဲ့ပါတယ်။ ပြီးတော့ ဒေသမှာရှိတဲ့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တချို့နဲ့ တွေ့ခဲ့ပါတယ်။ အဲဒါပြီးတော့ ကျနော်တို့ စစ်တွေကို ပြန်ထွက်လာပါတယ်။”

အကျဉ်းထောင်တွေထဲကို သွားတဲ့အခါမှာ ILO အဖွဲ့က ဌာနေကိုယ်စားလှယ်ပါ လိုက်ပါသလားရှင့်။

“လိုက်ပါလာပါတယ်။ ဒါပေမဲ့ ကျနော်တို့ အကျဉ်းသားတွေ တွေ့တဲ့အချိန်မှာတော့ လူ့အခွင့်အရေး အဖွဲ့နဲ့ပဲ အကျဉ်းသားတွေ တွေ့ပါတယ်။ ထောင်ထဲကို လိုက်ကြည့်တဲ့ အချိန်မှာတော့ ILO အဖွဲ့ ပါပါတယ်။”

အခု စစ်တွေကနေပြီးတော့ မနက်ဖြန် အစီအစဉ်ရော ဘာတွေ ရှိပါသေးလဲ။

“မနက်ဖြန် အစီအစဉ် ကျနော် အခု ပြောလို့မရသေးပါဘူး။ အစီအစဉ်က တော်ကြာမှ သိရမှာပါ။ မနက်ဖြန် အစီအစဉ်ကတော့ မပြောနိုင်သေးပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာမျိုး ရှိပါသေးလား။

“မစ္စတာ ကင်တားနားကတော့ တွေ့ဆုံဖို့ မျှော်လင့်နေပါတယ်။”

ဦးတင်ဦး အပါအဝင် NLD CEC အဖွဲ့တွေနဲ့လည်း တွေ့ဆုံမယ်လို့ NLD ရုံးက ပြောပါတယ်။ အဲဒါရော ဟုတ်ပါသလား။

“ကျနော်တော့ အဲဒါ ဘာမှမသိပါဘူး။ မနက်ဖြန် အစီအစဉ်ကို ဘာမှမသိသေးပါဘူး။”

နေပြည်တော်ကို သွားဖို့တော့ အစီအစဉ် ရှိပါတယ်နော်။

“ဟုတ်ပါတယ်။”

သောကြာနေ့နော်။

“ဟုတ်ကဲ့ခင်ဗျ။”

ဒီကနေ့ မစ္စတာ ကင်တားနား သွားရောက်ခဲ့တဲ့ ဘူးသီးတောင် အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား ၁၈ ဦး ရှိပြီး ဒီအကျဉ်းကျနေသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ရဖို့တွေအပြင် မိသားစုနဲ့ ဝေးလံတဲ့ ထောင်တွေကို ပို့နေတဲ့ကိစ္စတွေကို အဓိကထားပြီး မစ္စတာ ကင်တားနားဘက်က တင်ပြသင့်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

“ဘူးသီးတောင် ထောင်မှာကတော့ နိုင်ငံရေး အကျဉ်းသား ၁၈ ဦး ရှိပါတယ်။ အဲဒီထဲကမှ သူတို့ကလည်း ပွင့်ပွင့်လင်းလင်း ပြန်ဆွေးနွေးနိုင်မယ့် လူတွေကတော့ ကိုဌေးကြွယ် ရှိပါတယ်၊ ၈၈ မျိုးဆက် ကျောင်းသားကပါ။ ကိုအောင်ဇော်ဦး ရှိပါတယ်၊ သူက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ကပါ။ ဦးကျော်မင်း ရှိပါတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပါ။ စည်သူမောင် ရှိပါတယ်၊ သူကတော့ ၂၀၀၇ ဗကသက ကျောင်းသားခေါင်းဆောင်ပါ။ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးထွန်းညိုခေါ် အန်ညိုဆိုတာ ရှိပါတယ်၊ ၇၉ နှစ် ကျထားပါတယ်။ သံဃာတော် အနေနဲ့ဆိုရင် ဦးပြည်ကျော်ခေါ် ဦးကန္တဝံသ ဆိုတာ ရှိပါတယ်၊ ၁၀ နှစ် ကျထားပါတယ်။ သူတို့နဲ့ တွေ့နိုင်မယ်ဆိုရင်တော့ မစ္စတာ ကင်တားနား လိုချင်တဲ့ အချက်အလက်တွေကို သူတို့ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

“ကျန်းမာရေး မကောင်းတဲ့လူတွေ ရှိတယ်။ မိသားစုတွေနဲ့ အရမ်းကို အလှမ်းကွာဝေးတဲ့ နေရာတွေကို ပို့ထားတဲ့ ကိစ္စမျိုးတွေရှိတယ်။ အဲလိုမဖြစ်အောင်လို့ တောင်းဆိုသင့်တယ်လို့ မြင်ပါတယ်။”

ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ လူတွေရဲ့ မိသားစုတွေဟာ ကိုယ်တိုင် သွားရောက် တွေ့ဆုံဖို့ ခက်ခဲတယ်လို့ HRDP လူ့အခွင့်အရေး အဖွဲ့က အကျဉ်းကျနေတဲ့ ကိုအောင်ဇော်ဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“လတ်တလော ဘာမှ အကြောင်းမကြားဘူး။ လွန်ခဲ့တဲ့ အရက် ၂၀ လောက်က သူ့ဆီက စာလာတယ်။ သူကတော့ မိသားစု စိတ်ဆင်းရဲမှာ စိုးလို့ပေါ့။ သူ့အဖေရှိတော့ သူ့အဖေဆီ တိုက်ရိုက်လာတာ၊ စာက။ အဖေက သမီးတို့နဲ့နေတာ။ အသက် ၇၀ ကျော်ပြီလေ။ ကျန်းမာရေးက သိပ်မကောင်းတော့ သူ့အဖေကိုပဲ သူ့ကိုမပူနဲ့၊ ဘာညာပါပဲ အမရယ်။ ဖအေ စိတ်ဆင်းရဲမှာစိုးလို့၊ ဒါပါပဲ။ သူကတော့ အဆင်ပြေတယ် ပြောတာပဲ။ ထောင်ဝင်စာတွေ့လို့ မရပါဘူး အမရယ်၊ လူကြုံနဲ့ပဲ ပေးရတယ်။ သမီးတို့က ဘာသာကွာခြားတော့ အဲဒီကို သွားခွင့်မပေးဘူး။ တလတခါ လူကြုံနဲ့ ပို့ပေးရတယ်။”

ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ လူ့အခွင့်အရေး အဖွဲ့က ကိုအောင်ဇော်ဦးရဲ့ မိသားစုဝင်တဦး ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG