သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးတင်ဦး လွတ်မြောက်မှု နဲ့ သူတို့အမြင် သုံးသပ်ချက်များ


အကျယ်ချုပ်သက်တမ်း (၆) နှစ်ပြည့်တဲ့နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး နဲ့ တွေ့ဆုံစကားပြောခွင့်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီ သတင်းစာဆရာကြီး ဦးဝင်းတင် နဲ့ မြန်မာ့အရေး လေ့လာသုံးသပ်နေသူ ရဲဘော်ဖိုးသံချောင်း (ပြောရေးဆိုခွင့်ရှိသူ၊ ဗမာပြည် ကွန်မြူနစ်ပါတီ) တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေ) က ဆက်သွယ်ပြီး ဦးတင်ဦး လွတ်မြောက်လာမှုအပေါ် သူတို့အမြင်၊ သုံးသပ်ချက်များကို မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ ဦးတင်ဦး လွတ်မြောက်လာတဲ့ကိစ္စက သူအနေနဲ့ နေ့ရက်စေ့လို့၊ လွတ်ရက်စေ့လို့ လွတ်လာတာဖြစ်တယ်။ ပြစ်ဒဏ်ကို အဆုံးထိထားပြီးတော့မှ လွှတ်ပေးလိုက်တာ နိုင်ငံရေး လိုက်လျောမှု အဖြစ် မှတ်သား ဝမ်းသာသင့်တဲ့ သတင်းလို့ ဆရာဆိုမလား။

ဦးဝင်းတင် ။ ။ ကျနော်အနေနဲ့ နှစ်ပိုင်း ပြောလို့ရမယ်ထင်တယ်။ အခု လွတ်ရက်စေ့လို့ လွတ်တာကို ကြည့်ခြင်းအားဖြင့် အစိုးရဘက်က ကြည့်ရင်တော့ ဘာမှလိုက်လျောမှု တစုံတရာ မဟုတ်ဘူး။ အထူးသဖြင့်တော့ လွှတ်တဲ့အချိန်မှာတောင်မှ အဲဒီနေ့မှာ လွတ်ရမယ့်အချိန်က ည (၈) နာရီခွဲ ဖြစ်တဲ့အတွက် ည (၈) နာရီခွဲရောက်ချိန်အထိ စောင့်ပြီး လွှတ်တယ်။ လွတ်ရက်စေ့တာ မဟုတ်ဘူး။ နာရီ၊ မိနစ်၊ စက္ကန့် စေ့တဲ့အချိန်ရောက်မှ လွှတ်တယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အစိုးရ ဘက်က တစုံတရာ လိုက်လျောခြင်း၊ သက်ညှာခြင်း၊ ပြေလည်စေခြင်းတို့ ဆန္ဒသဘောထား ဘာမှမရှိဘူး။ ဒါကြောင့် အစိုးရဘက်က ကြည့်မယ်ဆိုရင်တော့ ဦးတင်ဦး ကို လွှတ်ခြင်းအတွက် နိုင်ငံရေးအရေ ထူးခြားချက် တစုံတရာ ဘာမှရှိစရာ အကြောင်းမရှိဘူးလို့ ထင်တယ်။

သို့သော် ဦးတင်ဦး ဘက်က ပြန်ကြည့်ရင် လူပုဂ္ဂိုလ်တဦးအနေနဲ့ ကြည့်ရင် ဦးတင်ဦး က နိုင်ငံရေးနဲ့ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်၊ နောက်ပြီးတော့ သူ့အတိတ်ကို ပြန်ကြည့်ရင်လည်း တပ်မတော်ရဲ့ အကြီးအကဲ တယောက် ဖြစ်ခဲ့ဘူးတဲ့အထိ လုပ်ကိုင်ဆောင်ရွက်ခဲ့ဘူးတဲ့လူလည်း ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးအရလည်း ရိုးသားတယ်၊ ပွင့်လင်း တယ်၊ ဖော်ရွေတယ်၊ မှတ်ဉာဏ်ကောင်းတယ် စတဲ့ အရည်အချင်းတွေကြောင့် သူဟာ ဗမာပြည်နိုင်ငံရေးကို အများကြီး အထောက်အကူပြုနိုင်တဲ့ ပုဂ္ဂိုလ်၊ ရှေ့ဆောင်နိုင် ဦးဆောင်ပြုနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတဲ့အခါကြတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အလားအလာဟာ ဦးတင်ဦး လွတ်မြောက်လာခြင်းအတွက် ကောင်းသောအကျိုး သက်ရောက်မှုတွေ ပေါ်နိုင်တယ်လို့ ယူဆလို့ ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ စိတ်ဓါတ်ရေးရာအတွက်လည်း ပြည်သူတွေအတွက် အများကြီး အားတတ်စရာဖြစ်တာပေါ့ ခင်များ။

ဦးဝင်းတင် ။ ။ ဒါပေါ့ခင်များ။ ပြည်သူအတွက်လည်း အများကြီးအားတက်စရာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒါအပြင် ကြံခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့ကို ရိုက်နှိက်ခဲ့တဲ့ကိစ္စဟာ မျက်မြင်သက်သေဆိုလို ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ပဲရှိတာပါ။ ဒီပုဂ္ဂိုလ် နှစ်ဦး ဖမ်းဆီးပြီးတော့ အကျဉ်းချထား ခဲ့ခြင်းက ဒီကိစ္စကို ဟန့်တားချင်လို့ ဖြစ်တယ်လို့ တချို့က ပြောကြပါတယ်။ အခု ဦးတင်ဦး လွတ်မြောက်လာပြီဆိုတော့ ဒီကိစ္စ ပြန်လည်ပြီးတော့ တရားဥပဒေအတိုင်း ဖြစ်လာနိုင်စရာ အကြောင်းမြင်ပါသလား။

ဦးဝင်တင်း ။ ။ ကျနော်ကတော့ ဘယ်လိုဖြစ်လာမလဲ၊ ဖြစ်နိုင်မလဲ ဆိုတာကိုတော့ ကျနော် သိပ်နားမလည်ဘူး။ ဥပဒေ အကြောင်း၊ နိုင်ငံရေး အခြေအနေပေါ် တည်နေမှာဆိုတော့ ကျနော်ပြောနိုင်တာတခုက ဦးတင်ဦး စိတ်ထဲမှာ ဒီဟာနဲ့ ပတ်သက်ပြီး အလွယ်တကူ မေ့ဖျောက်နိုင်တဲ့ အနေအထားမရှိဘူး။ ဒါက အာဂတတရားနဲ့ မဟုတ်ဘူး။ အာဃာတ တရား အခြေခံ ရှိနေတာမဟုတ်ဘူးဆိုတာကို ပြောလို့ရတယ်။ တရားဥပဒေ အခြေခံနဲ့သာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တစုံတရာ သော တုံ့ပြန်မှုက နောင်သောအခါ သမိုင်းမှာ ရှိမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးတင်ဦး က ကျနော်နဲ့တွေ့ချိန် လွတ်လာခါစမှာ စတွေ့ကတည်းက နှုတ်ဆက်စကားလေးမှအပ ကျန်တာက ခင်များကို သိစေချင်လို့ပါ ဆိုပြီးတော့ အဲဒီက အတွေ့အကြုံတွေ ပြောပါတယ်။ နာရီဝက်လောက် တောက်လျှောက်ပြောဆိုတယ်။ ဒါကိုကြည့်ုခြင်းအားဖြင့် ဘယ်လို ကောက်ချက်ချလဲဆိုတော့ အဲဒီအထဲမှာ နှစ်ခုသုံးခု တွေ့ပါတယ်။ တခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓမ္မသတ္တိ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က အာဂတ မထားနဲ့။ သူကို ရိုက်နေတဲ့အချိန်မှာလည်း သူရဲ့လူတွေ ကာကွယ်မှု အတွက်သာ ကြည့်ပါလို့ပြောတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓမ္မသတ္တိကို ချီးမွမ်းတာကိုထောက်ရင် သူလည်း အငြိုးအာဂတတို့ ဘာတို့ မရှိဘူးလို့ ပြောနိုင် ပါတယ်။ နောက်တချက်က ဘာလည်းဆိုတော့ သူကိုယ်တိုင်လည်း ဥပဒေသမားတယောက်ဖြစ်ခဲ့တော့ သူ့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောလည်းဆိုတော့ ကျနော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေအတိုင်း ဖြစ်စေချင်ပါတယ်တဲ့။ နောက်တချက်က ဘာလဲဆိုတော့ ထွက်ပြေးနေရချိန် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်အောင် တိုက်တွန်း ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကို ကားသမားတွေက မောင်းထွက်ပြေးချိန်မှာ လွတ်လည်းသွားရော၊ သူလည်း သူ့ကားရှိရာကို ထွက်ပြေးရတယ်။ သူ့ကားရှိရာကို ထွက်ပြေးချိန်မှာ သူကို ဝိုင်းပြီးတော့ ရန်ပြုမယ့်လူတွေက တုတ်ဓါးတွေ ကိုင်ပြီးတော့ လာတယ်။ အဲဒီအခါမှာ သူက ဘာပြောလဲဆိုတော့ ငါဟာ လက်နက်တွေ မရှိဘူး။ လက်နက်မရှိတဲ့လူကို မင်းတို့ ရန်ပြုမယ် ဆိုလို့ရှိရင် မင်းတို့ကို ငါတရားစွဲမယ်ဆိုတဲ့ စကားပါတယ်။ အမှတ်တမဲ့ ကြည့်ရင် အရေးထဲသူက တရားစွဲဖို့ကို ခြိမ်းခြောက် နေတယ်၊ ပြောနေတယ်လို့ ရယ်စရာ ဖြစ်နေမယ်။ ဒါပေမဲ့ သူရဲ့ စိတ်ဓါတ်အခံကို အဲဒီမှာ သွားတွေ့ရတယ်။ အဲဒီတော့ သူက ဒီကိစ္စတခုလုံးမှာ သေရေးရှင်ရေးကို ကြုံနေတဲ့အချိန်မှာ အဲဒီလူတွေကို ငါတို့က လက်နက်ရှိတဲ့ကောင်တွေ မဟုတ်ဘူး။
ဒါကို မင်းတို့က လက်နက်နဲ့ ရန်ပြုမယ်ဆိုလို့ရှိရင် ဘယ်ဥပဒေပုဒ်မနဲ့ တရားစွဲနိုင်တယ်လို့ အဲဒီအချိန်မှာ ကြုံးဝါးပြောဆိုခဲ့တာ ရှိပါတယ်။ အဲဒါတွေကိုထောက်ရင် ကျနော်က ဘယ်လိုပြောချင်သလည်းဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးတင်ဦး က ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးတင်ဦးဟာ ခင်များပြောတဲ့အတိုင်း အဓိက သက်သေလည်းဖြစ်နေတယ်။ အဲဒီတော့ အဓိက သက်သေ ဖြစ်နေတဲ့အတွက် ဒီကိစ္စကို အလွယ်တကူနဲ့ မေ့ဖျောက်ပြစ်မှာ မဟုတ်ဘူး။ အလွယ်တကူနဲ့ လျှော့ပေါ့ပြီးတော့ ပြီးတာပြီးပါစေ သဘောမျိုးတော့ ဖြစ်မှာမဟုတ်ဘူး။ အဲဒါ သို့သော်လည်း အာဂတ အခြေခံနဲ့ မဟုတ်ဘဲနဲ့ တရားဥပဒေ အခြေခံနဲ့တော့ ဒီကိစ္စကို သူ့စိတ်ထဲမှာ တရားဥပဒေအတိုင်း ဖြစ်စေချင်တဲ့ဆန္ဒ ရှိမှာပဲလို့ ယူဆတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဦးတင်ဦး က လွတ်လာတဲ့နေ့မှာပဲ ကျနော်တို့ ဗွီအိုအေကို ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူက ရွှေဂုံတိုင်ကြေညာချက် ရှိနေတယ်၊ ဒီအတိုင်းပဲသွားမယ်။ နောက်ပြီးတော့ ခေါင်းဆောင်တွေ လည်း ဒီအတိုင်းရှိနေတယ်လည်း ပြောပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဦးတင်ဦး လွတ်မြောက်လာပြီးနောက်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထား၊ စစ်အစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ တစုံတရာပြောင်းလဲမှု ရှိနိုင်မယ် မဟုတ်ဘူးလို့ ကျနော်တို့ အကြမ်းမျဉ်းနားလည်းခဲ့တယ်။ ဆရာတို့က အနီးကပ်ထိတွေ့နေရတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဆရာ့ အမြင် က ဘယ်လိုရှိပါသလဲ - အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်မူ လမ်းကြောင်းတစုံတရာ ပြောင်းလဲနိုင်တဲ့ အခြေအနေ ရှိပါသလား။

ဦးဝင်းတင် ။ ။ မရှိပါဘူးခင်များ။ တစုံတရာ ပြောင်းလဲမယ်ဆိုရင်လည်း ကျနော်တို့ အဖွဲ့အစည်းရဲ့ စည်းရုံးရေးအင်အား တိုးတက်လာရေးအတွက်သာ ပြောင်းလဲလာနိုင်တယ်။ နိုင်ငံရေးဦးတည်ချက်အနေနဲ့ တစုံတရာ ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ ကျနော်ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးတင်ဦး က စည်းရုံးရေးအလွန် အားကောင်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ရဲဘော်ဖိုးသံချောင်း ကို မြန်မာ့အရေး လေ့လာသုံးသပ်သူတဦးအနေနဲ့ မေးချင်တာဖြစ်ပါတယ်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌ ဦးတင်ဦး ကို စစ်အစိုးရက လွှတ်ပေးလိုက်တော့ ဒီကိစ္စဟာ ဒီမိုကရေစီ လှုပ်ရှားသူတွေအတွက် အားတက်စရာသတင်းတခုတော့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီထက်ပိုပြီးတော့ မြန်မာ့နိုင်ငံရေးအတွက် အရေးပါနိုင်တယ်လို့၊ ဘယ်လောက်အထိ ထိရောက်မှု ရှိနိုင်တယ်လို့ ယူဆပါသလဲ။

ရဲဘော်ဖိုးသံချောင်း ။ ။ ဦးတင်ဦး ကို လွှတ်လိုက်တာဟာ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများအတွက် အင်အားတရပ်၊ ထိရောက်တဲ့ အင်အားတရပ်တိုးလာတာတော့ အမှန်ပါ။ ဒါဟာ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ နအဖ ဘာကြောင့် လွှတ် လိုက်တယ်ဆိုတဲ့ ကိစ္စကိုကြတော့ စဉ်းစားစရာတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ နအဖမှာ အခု အကျပ်အတည်း တွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာရယ်၊ နိုင်ငံတကာမှာ အကြပ်အတည်းမျိုးစုံ စပြီးတွေ့နေရတယ်။ ပြည်တွင်းမှာတော့ အဓိက သူတို့ချင်း ပြဿနာတွေပါ။ သူတို့က ဒီတခါ ရွေးကောက်ပွဲဟာ မလုပ်မဖြစ် လုပ်ရတော့မယ်။ ဒီတခါ ရွေးကောက်ပွဲလုပ်နိုင်မှ သူတို့ရဲ့ အခက်အခဲမျိုးစုံက ကျော်လွှာနိုင်မယ် ဖြစ်ပါတယ်။ နောက်ပြီးကျတော့ သူတို့ လိုချင်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေအနေ အတည်ပြုရေးဟာ အရေးကြီးပါတယ်။ ဒါမှသာ သူတို့ဟာ ဗမာပြည်ကြီးကို ရေရှည် စစ်အစိုးရအဆက်ဆက်က အုပ်ချုပ်သွားနိုင်မှာ ဖြစ်တယ်။ ဒီလိုအခါမှာ ဦးတင်ဦး ကို ဆက်ချုပ်လိုက်လို့ရှိရင် အကြောင်းပြစရာ အတော်ခက်ပါတယ်။ ဆက်ချုပ်လိုက်ရင် ဖြစ်ပေါ်လာမယ့် ပြည်သူလူထုဘက်က တုံ့ပြန်မှု၊ နိုင်ငံတကာ တုံ့ပြန်မှုကို လောလောဆယ်မှာ မရင်ဆိုင်ချင်ပါဘူး။ တခြားမကြည့်ပါနဲ့ လှိုင်သာယာသပိတ်ကို ကြည့်ပါ။ လှိုင်သာယာ သပိတ်ကို အရင်တုန်းကဆိုရင် ဒါမျိုးကို နည်းနည်းလေးမှ သည်းညည်းမခံပါဘူး။ အခုကျတော့ အတတ်နိုင်ဆုံး ဖျန်ဖြေတဲ့ နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ နအဖမှာ အခက်အခဲ မသေးဘူးလို့ မြင်သင့်တယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုအခါမျိုးမှာ ဦးတင်ဦး ကို လွှတ်ပေးလိုက်တဲ့အတွက် သူတို့ရဲ့ ရည်မှန်းချက် ပေါက်မြောက်ပါမလား။ လူထုက ဦးတင်ဦး လွှတ်ပေးလိုက်တာကို ကြည့်ပြီး သူတို့ဟာ စစ်အစိုးရကို လက်ခံသွားနိုင်မယ့်အတွက် အထောက်အပံ့ ဖြစ်မယ်ထင်ပါသလား။

ရဲဘော်ဖိုးသံချောင်း ။ ။ ကျနော်တို့ ဗမာလူမျိုးဟာ နိုင်ငံရေးပါး အင်မတန်မှ ဝပါတယ်။ ကမ္ဘာမှာ နိုင်ငံရေးအတွေ့အကြုံ အများဆုံး ပြည်သူလူထုထဲမှာ ပါပါတယ်။ အထူးသဖြင့် ဗမာစစ်အစိုးနဲ့ ပတ်သက်လို့ရှိရင် သူတို့က နောကျေနေအောင် သိတာပါ။ ဗမာပြည်က စစ်အစိုးရအပေါ်မှာ ပြည်ပကလူတွေ၊ ဒါမှမဟုတ် တချို့သူတို့ကို မျက်နှာချိုသွေးချင်တဲ့လူတွေက အမျိုးမျိုးအကြောင်းရှာပြီး စစ်အစိုးရကောင်းကြောင်းပြောတာ၊ ဖော်လံဖားချင်တာတွေ လုပ်ချင်လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူလူထုက မျက်စိ မလည်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီဟာနဲ့ နောက်ဆက်တွဲ ဘာတွေများ ဖြစ်လာနိုင်မလဲလို့ ခန့်မှန်းမိပါသလဲ။

ဖိုးသံချောင်း ။ ။ အဲဒါကို စစ်အစိုးရ တွက်ပြီးသား ဖြစ်မှာပါ။ ဦးတင်ဦး ကို လွှတ်လိုက်ရုံနဲ့ သူတို့ရဲ့ အခြေခံ တည်ငြိမ်မှုကို ထိခိုက်မှုမဖြစ်နိုင်ဘူးလို့ ယုံကြည်လို့ လွှတ်လိုက်တာပါ။ ကျနော်တို့ဘက် ဗမာပြည်သူလူထုဘက်ကလည်း ဦးတင်ဦး လွတ် လာတာ ကောင်းတယ်။ ဒါပေမဲ့ ကျနော်တို့ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်။ ဦးတင်ဦး နဲ့တွဲပြီး ဆက်လုပ် သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်မျိုးချပြီး ဆက်လုပ်ကြဖို့သာ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG