သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးကယ်ဆယ်သူ ဦးဃောသိတ ထောင်ဒဏ် ၇ နှစ်ကျ


စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးထဲမှ ထင်ထင်ရှားရှား ပါဝင်ခြင်း မရှိပေမဲ့ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ချိန်မှာ ပြည်သူတွေကို အဓိက အကူအညီပေးခဲ့တဲ့ ရန်ကုန်မြို့ ငါးထပ်ကြီး ကျောင်းတိုက်က သံဃာတပါးဖြစ်တဲ့ ဦးဃောသိတကို ရန်ကုန်လေဆိပ်မှာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး မနေ့က အင်းစိန်ထောင် တရားရုံးမှာ ပုဒ်မ ၃ ခုနဲ့ ထောင် ၇ နှစ် ချလိုက်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်ဝမ်နိုင်ငံကနေ ပြန်လာပြီး ရန်ကုန်လေဆိပ်အဝင်မှာ သံဃာ ၈ ပါး အဖမ်းခံရတဲ့အထဲမှာ ဦးဃောသိတ ပါဝင်ပါတယ်။ သူ့ကို သင်းဖွဲ့ပုဒ်မတွေ၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုတွေ၊ နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ တရားစွဲဆို ထောင်ချခဲ့တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက အခုလို ပြောပါတယ်။

“၁၃/၁ က တနှစ်၊ သင်းဖွဲ့ ၇ က ၂ နှစ်၊ ၂၄/၁ က ၂ နှစ်၊ စုစုပေါင်း ၇ နှစ်ပေါ့၊ ဒီကနေ့ အမိန့်ချတာ။ နိုင်ငံခြားက ပြန်လာပြီး လေဆိပ်မှာတင် အဖမ်းခံလိုက်ရတာ။ ဘုန်းကြီး ၈ ပါးနဲ့အတူ အဖမ်းခံရတာ။ သူတို့ဘာပဲပြောပြော လေဆိပ်ကနေ ပြန်လာတယ်ဆိုတာ တရားဝင် ပါ့စ်ပို့တ် (Passport) တွေနဲ့ ပြန်လာတယ်ဆိုတာ ထင်ရှားတာပေါ့။ အဲဒီဘုန်းကြီး ၈ ပါးမှာ ၇ ပါးကိုတော့ ပြန်လွှတ်လိုက်ပြီး တပါးဖြစ်တဲ့ ဦးဃောသိတခေါ် ဟန်မြင့်ကို တရားစွဲတယ်။”

ထောင်ချခံရတဲ့ သံဃာဟာ နာဂစ်ဖြစ်တဲ့ အချိန်မှာ အကူအညီပေးခဲ့တဲ့ သံဃာဖြစ်ကြောင်း ထောင် ၁၆ နှစ် ကျပြီးမှ ပြန်လွတ်မြောက်လာခဲ့တဲ့ သံဃာ့တပ်ပေါင်းစုရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးဇဝနကလည်း အခုလို မိန့်ကြားပါတယ်။

“ဦးဇင်းက ငါးထပ်ကြီး ကျောင်းတိုက်က ဦးဇင်းလို့ သိရတယ်။ နာဂစ်ကိစ္စမှာလည်း ပါဝင်ခဲ့တယ်ဆိုတာ သိရတယ်။ ဒီသံဃာတပါးကို အကြောင်းမဲ့သက်သက် ဒီလိုဖမ်းတာ ဦးဇင်းတို့ သံဃာ့တပ်ပေါင်းစု အနေနဲ့ကတော့ လုံး၀ လက်မခံနိုင်ပါဘူး။ ရဟန်းတော်တွေကို မတရား လုပ်နေတဲ့အတွက် သံဃာ့တပ်ပေါင်းစု အနေနဲ့လည်း ဒီဟာကို ရှုတ်ချပါတယ်၊ ကန့်ကွက်ပါတယ်။ နာဂစ်ကိစ္စမှာတော့ သိသိသာသာ ပါခဲ့တယ်ဆိုတာ သိရတယ်။ ပြည်ပကို ထွက်လာတာနဲ့ သံဃာတပါးကို သံသယရှိလို့ ဖမ်းတယ်ဆိုတာ သံဃာတွေရဲ့ဘဝက မလုံခြုံဘူးလို ဖြစ်နေတာပေါ့။”

သူ့ကို တရားစွဲဆိုခဲ့တဲ့ ပုဒ်မတွေက ခိုင်မာမှု မရှိကြောင်းနဲ့ နိုင်ငံခြားက ပြန်လာတဲ့ သံဃာတပါးဟာ အလှူငွေ ရရှိလာတာ ဖြစ်တဲ့အတွက် တရားဝင် ပြန်လဲလှယ်နိုင်ခွင့် ရှိပေမဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့ပါ တရားစွဲဆိုခဲ့တာလို့ ရှေ့နေကြီးက ဆက်ပြောပြပါတယ်။

“အဲဒီ အလှူငွေတွေနဲ့ ပတ်သက်ပြီး ဦးဃောသိတကို နိုင်ငံခြားငွေ လက်ဝယ်ထားရှိမှု ပုဒ်မ ၂၄/၁ နဲ့ စွဲတယ်။ စွဲတော့ ဒီငွေတွေက လေဆိပ်ရောက်ပြီး ကြေညာပြီးတော့ နောက်နေ့ သူက နိုင်ငံခြားငွေ လဲလှယ်ရေးဌာနမှာ သွားလဲလို့ ရတာပေါ့လေ။ အခု အဲဒီလို လဲခွင့် မရလိုက်ဘူး။ သူနဲ့အတူ ပါလာတဲ့ ဘုန်းကြီး ၇ ပါးထဲက တပါးက သက်သေအဖြစ် လာထွက်တယ်။ သူ့လည်း ဖမ်းတယ်၊ သူ့မှာလည်း နိုင်ငံခြားငွေ ပါလာတယ်။ သူ ဘဏ်မှာ သွားလဲတယ်၊ လဲခွင့် ရလိုက်တယ်။ ဒါပေမဲ့ သူ့ကျတော့ လက်ဝယ်ထားရှိမှု ၂၄/၁ နဲ့ ၂ နှစ်ချလိုက်တယ်။

“နောက်တခါ သင်းဖွဲ့ပုဒ်မ ၇ နဲ့ တရားစွဲပြန်တယ်။ အဲဒီမှာလည်း သူ့ကို ၂ နှစ် ချထားတယ်။ အဲတော့ သူ အသင်းအပင်း ဖွဲ့စည်းတယ်၊ အသင်းအပင်းအဖွဲ့ ထူထောင်တယ်ဆိုတဲ့ အထောက်အထားနဲ့ ပတ်သက်ပြီးတော့ ဘာမှလည်း မယ်မယ်ရရ တင်ပြနိုင်ခြင်း မရှိဘူးလို့ သိရတယ်။ နောက်တခါ ၁၃/၁ ဆိုတာကတော့ တရားမဝင် ပြန်လည်ဝင်ရောက်လာတဲ့ လူကိုမှ ၁၃/၁ နဲ့ စွဲလို့ရတာ။ အခုဟာက ပါ့စ်ပို့တ်နဲ့ သွားပြီး ပါ့စ်ပို့တ်နဲ့ ပြန်လာတဲ့လူပဲ။ သူ့ကို ဘာကြောင့် ၁၃/၁ နဲ့ တရားစွဲလဲဆိုတာ စဉ်းစားလို့မရဘူး။ အဲဒီအတွက် ပြစ်ဒဏ် ၃ နှစ် အပြစ်ပေးထားတာကို တွေ့ရတယ်။ သူက ၇ နှစ် ဖြစ်သွားတာပေါ့၊ စုစုပေါင်း။ ဒီနေ့ အမိန့်ချတာပေါ့။”

သူဟာ ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်းမှာ ရန်ကုန်လေဆိပ်မှာ အဖမ်းခံရသူဖြစ်ပြီး အဲဒီအချိန်က သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့ နီးကပ်ချိန်ဖြစ်ပြီး သံဃာတွေကို စောင့်ကြည့်စစ်ဆေးနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနဲ့ ပတ်သက်သူ မဟုတ်ပေမဲ့ အခုလို အပြစ်မရှိဘဲ ထောင်ချလိုက်တာကိုတော့ ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG