သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်တားနား ဒေါ်စုနဲ့ တွေ့ခွင့်မရ


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း မျှော်လင့်ထားသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တော့ မရခဲ့ပါဘူး။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ယူစဉ်က စလို့ မြန်မာနိုင်ငံကို ၃ ကြိမ် သွားရောက်ခဲ့ပေမဲ့ ဒီတကြိမ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကို အာဏာပိုင်တွေဘက်က ငြင်းဆန်ခဲ့တာလို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောပါတယ်။

ဒါပေမဲ့လည်း သူ့ခရီးစဉ်ရဲ့ ဒီကနေ့ ၄ ရက်မြောက် နေ့မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကမှ ဖမ်းဆီးရာက ပြန်လည် လွတ်မြောက်လာတဲ့ ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ဖို့ လိုအပ်တဲ့အကြောင်းနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ အပေါ် သဘောထားတွေကို NLD ဘက်က လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ပြောဆိုခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။

NLD ပါတီအပြင် ဒီကနေ့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်သလို အထူး ကိုယ်စားလှယ်ဟာ ရန်ကုန်မြို့က အင်းစိန်ထောင်ကို သွားရောက်ပြီး အကျဉ်းသားတချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မနေ့တုန်းကတော့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး ရန်ကုန် အင်းစိန်ထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေက ထောင်တွင်း အကျဉ်းသားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ရရှိရေး တောင်းဆိုတဲ့ စာတစောင်ကို ထုတ်ပြန်လိုက်တဲ့အကြောင်း ပြည်ပမှာ အခြေစိုက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ပြောပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်အတွင်း ရိုဟင်ဂျာ ပြဿနာတွေကို လေ့လာ အကဲခတ်သွားဖို့နဲ့ အာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG