သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေပြည်သာ စက်မှုဇုန် အလုပ်သမားများ ဆန္ဒပြ


ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်မှာ အခုလဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြမှုတွေဟာ တနေရာပြီးတနေရာ ကူးစက်ပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့တာ ဒီကနေ့ဆိုရင် ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ရက်စ်တူး သကြားလုံးစက်ရုံက အလုပ်သမား ၈၀၀ လောက် သပိတ်မှောက်နေကြပါတယ်။ အခြေအနေ အသေးစိတ်ကို စုံစမ်းထားတဲ့ မအေးအေးမာ တင်ပြထားပါတယ်။

လှိုင်သာယာစက်မှုဇုန်က ၈ ရက်နေ့ကနေ စခဲ့ကြတဲ့ သပိတ်မှောက်တောင်းဆိုမှုတွေဟာ ဒီကနေ့အထိ မပြီးသေးဘူးလို့ ဆိုရမှာပါ။ အထည်ချုပ်စက်ရုံတွေ ဖြစ်တဲ့ အိုပယ် (၁) နဲ့ (၂)၊ တိုင်ရီ စက်ရုံတွေ၊ မြန်မာ့စန္ဒီ ဖိနပ်စက်ရုံ၊ တနေ့ကဆန္ဒပြခဲ့တဲ့ အင်းစိန်က လိုင်းရင်းစီးတီး အထည်ချုပ် စက်ရုံတွေအပြင် အလုပ်သမား ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ရွှေပြည်သာစက်မှုဇုန်က ရက်စ်တူး သကြားလုံးစက်ရုံမှာ အလုပ်သမား ၈၀၀ ခန့်က သူတို့ရဲ့ လုပ်အားခ နည်းတဲ့ပြဿနာအပြင် အချိန်ပိုခိုင်းစေမှုတွေ၊ အလုပ်နဲ့မပတ်သက်တဲ့ ခိုင်းစေမှုတွေ ရှိတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့နေရာမှာ ရောက်ရှိနေတဲ့ မျက်မြင်တဦး ပြောပြတာကတော့ -

"ရွှေပြည်သာမှာလည်း ဖြစ်တာပဲ၊ အရင်စက်ရုံတွေ ပုံစံအတိုင်းပဲ။ လုပ်အားခ တိုးမြှင့်ရေး ရယ်၊ စူပါဗိုက်ဆာ က သူတို့ကို မာန်မဲတဲ့ကိစ္စတွေ လျှော့ချရေး၊ ပြီးတော့ အလုပ်ချိန်က အရမ်းလုပ်ရတယ်လေ။ အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၉ နာရီအထိ ဆိုတော့ အဲဒါကို လျော့ချရေး စတာတွေ ပေါင်းပြီးတော့ သကြားလုံး စက်ရုံက အလုပ်သမားတွေက တောင်းဆို တိုက်ပွဲဝင်ပြီး သပိတ်မှောက်တာပေါ့။ သူတို့ ကြေညာထားတာက လစက အခု ၂၀,၀၀၀ လောက်က စတယ်ဗျာ။ ၂၀,၀၀၀ - ၂၅,၀၀၀ က စတယ်။ အခု ကျနော်ပြောတဲ့အချိန်ထိတော့ ဘာမှမရသေးဘူး။ သူတို့ ညှိနေကြတုန်းပဲ။

လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပုံကိုလည်း ဆက်ပြောပြပါတယ်။

"အခု သူတို့ချထားတာကတော့ ရှိသမျှ ဌာနအသီးသီးတွေ သွားကြတယ်ဗျာ။ ပြီးတော့ မီးသတ်ကားတွေ၊ နောက်ပြီးတော့ လုံထိန်းကားတွေက အရင်စက်ရုံတွေမှာလိုပဲ လုံခြုံရေးတွေ ချထားတယ်။ လေးဘက် လေးထောင့် ချထားတယ်။ နောက်ပြီးတော့ အဓိကကတော့ စက်မှုဇုံထဲမှာဆိုတော့ အခြား စက်ရုံတွေကို မကူးစက်အောင် ဒါကို အလွယ်တကူ ပိတ်ဆို့လို့ ရအောင် အဆင်သင့်ပြင်ထားကြပါတယ်။"

အခုပြတဲ့ ရက်စ်တူး သကြားလုံးစက်ရုံဟာ ၂၀၀၇ ခုနှစ်တုန်းကလည်း လုပ်အားခနည်းပါးမှုတွေကြောင့် ဆန္ဒပြခဲ့ဖူးပါတယ်။ တနေ့လုပ်အားခ ၈၀၀ လောက်နဲ့အချိန်ပိုကြေး တနာရီကို ၁၀၀ လောက်သာ ရကြတာမို့ ကုန်ဈေးနှုန်းကြီးတဲ့အချိန်မှာ အလုပ်သမားတွေ စားဝတ်နေရေး ကြပ်တည်းတယ်လို့ ဆိုပါတယ်။ ရွှေပြည်သာ စက်ရုံတွေဟာ သူတို့ နစ်နာမှုတွေအတွက် အမြဲလိုလို တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ရွှေပြည်သာမှာ စက်ရုံတွေ အများကြီး ရှိတယ်။ အဲဒီမှာ ဖြစ်လေ့ဖြစ်ထရှိတာ အမြဲတမ်းလိုလိုဖြစ်တာက နယူးဝေး နဲ့ သကြားလုံးစက်ရုံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ကုန်ဈေးနှုန်းက ကြီးရတဲ့အထဲမှာ လုပ်အားခ လျှော့လိုက်တဲ့အခါ ကျတော့ အခုလိုမျိုး သူတို့ အခွင့်အရေးတွေကို တောင်းဆိုကြတာပါ။ သူက အလုပ်သမားလည်း များတယ်။"

အမျိုးသမီး အလုပ်သမားတွေကို စက်ရုံခေါင်မိုးပေါ်တက်ပြီး သန့်ရှင်းရေး လုပ်ခိုင်းတာ၊ အိမ်သာဆေးခိုင်းတာတွေ၊ အလုပ် နဲ့ မပတ်သက်တာတွေကို ခိုင်းစေတဲ့အပြင် အခြေခံလစာနည်းပါးမှုက အဓိက ဆန္ဒပြရခြင်း အကြောင်းရင်းလည်း ဖြစ်ပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG