သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာ ကင်တားနားရဲ့ တတိယခရီး


စတုတ္ထမြောက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမတ်စ် အိုဟေးရား ကင်တားနာ (Tomas Ojea Qunitana) ရဲ့ တတိယအကြိမ် မြန်မာနိုင်ငံ (၅) ရက်ခရီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရဘဲ သောကြာနေ့က အဆုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့က (၁၉) ရက်နေ့အထိ မြန်မာပြည်မှာ (၆) ရက် လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ပထမခရီးကတော့ ၂၀၀၈ ခုနှစ် သြဂုတ်လ (၃) ရက်နေ့က (၇) ရက်နေ့အထိ ဖြစ်ပါတယ်။ ၂၀၀၈ ခု မေလ (၁) ရက်ကစပြီး တာဝန်ထမ်းဆောင်သူဖြစ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်သက်တမ်း (၂၂) လအတွင်း မြန်မာပြည်မှာ (၁၆) ရက် လေ့လာခဲ့ဘူးသူပါ။

ပထမခရီးနဲ့ ဒုတိယခရီးမှာ ရည်ရွယ်ချက်အောင်မြင်တဲ့အတွက် အပြုသဘောဆောင်တယ်လို့ ကင်တားနား က ၂၀၀၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီ ကို တင်သွင်းတဲ့ (၂၂) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ပထမခရီးရဲ့ ရည်ရွယ်ချက်က ဗမာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု ရယူရေးဖြစ်ပါတယ်။ ဗမာအစိုးရကို ဝေဖန်ရှုတ်ချနေရင် ဘာမှလုပ်နိုင်မျာ မဟုတ်ဘဲ လက်တွဲလုပ်မှသာလျှင် လူ့အခွင့်အရေးအခြေအနေ ကောင်းမွန်လာမယ်လို့ မစ္စတာ ကင်တားနား က ယုံကြည်ပါတယ်။ ဒုတိယခရီးစဉ်အတွင်းမှာ ရွေးကောက်ပွဲ မတိုင်မီကစပြီး လူ့အခွင့်အရေး အခြေခံမူ (၄) ချက်ကို ကျင့်သုံးဖို့ တင်ပြနိုင်ခဲ့တယ်လို့ မစ္စတာ ကင်တားနား က ဆိုပါတယ်။

ပထမအချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်နဲ့အညီ ပြည်တွင်းဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပါ နိုင်ငံသူနိုင်ငံသားတို့ရဲ့ မူလအခွင့်အရေးနဲ့ ကိုက်ညီမညီ စီစစ်ဖို့ ပြည်တွင်းဥပဒေပေါင်း (၃၈၀) ကို သတ်ဆိုင်ရာဌာနတွေကို ပေးပို့ထားပြီလို့ အစိုးရရှေ့နေချုပ်က မစ္စတာ ကင်တားနားကို အကြောင်းကြားတယ်လို့ ဖော်ပြပါတယ်။ ဒုတိယ တင်ပြချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား တဖြည်းဖြည်းလွှတ်ပေးရေးကိုတော့ စဉ်းစားနေတယ်လို့ စစ်အစိုးရက အကြောင်းပြန်ပါတယ်။ ရဲနဲ့ စစ်သားတွေကို လူ့အခွင့်အရေးသင်တန်းပေးဖို့ အကြံပြုတဲ့ တတိယတင်ပြချက်အတိုင်း လူ့အခွင့်အရေး သင်တန်းတွေပေးထားပြီမို့ သင်ရိုးညွန်းတမ်းကို မစ္စတာ ကင်တားနား ကို ပြမယ်လို့ စစ်အစိုးရက အကြောင်းပြန်ပါတယ်။ တရားဥပဒေ စိုးမိုးရေးအာမခံနိုင်ဖို့အတွက် တရားစီရင်ရေးဌာနကို လွတ်လပ်စွာ သီးခြားထားရှိရေးဆိုတဲ့ စတုတ္ထတင်ပြချက်ကိုတော့ မြန်မာ့တရားစီရင်ရေးဟာ လွတ်လပ်ပြီးသားဖြစ်ကြောင်း တရားသူကြီးချုပ်က အကြောင်းပြန်ပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိတာကို မစ္စတာ ကင်တားနား သိပါတယ်။ ဒါပေမဲ့ ပထမခရီးအပြီး ၂၀၀၈ သြဂုတ်လမှာ လွှတ်ပေးတဲ့ အကျဉ်းသား (၉၀၀၀) ကျော်မှာ နိုင်ငံရေး အကျဉ်းသားက (၆) ဦးသာ ပါဝင်ပါတယ်။ (၆) ဦးကို လွှတ်ပေးပြီး (၄၀၀) ကျော်ကို ထောင်ဒဏ် (၄) နှစ်ကနေ (၁၀၀) အထိ ချမှတ်မှု၊ ရှေ့နေကို မလေးစားဘဲ အပြစ်ရှာပြီး ထောင်ချမှု၊ ထောင်ပြောင်းမှု၊ ကျန်းမာရေးဆိုးဝါးမှု တို့ကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၀၉ ဖေဖေါ်ဝါရီလ ဒုတိယခရီးစဉ်ပြီးတော့ အကျဉ်းသား (၆၀၀၀) ကျော် လွှတ်ပေးပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၉) ဦးသာပါတာကိုလည်း ဖော်ပြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အလွန်ဆိုးဝါးတဲ့အခြေအနေတွေကိုလည်း ဖော်ပြထားပါတယ်။

အတည်ပြုထားတဲ့ မြန်မာ့အခြေခံဥပဒေကိုသာ အကောင်အထည်ဖော်ဖို့ မစ္စတာ ကင်တားနား က တိုက်တွန်းထားပါတယ်။ အခြေခံဥပဒေပုဒ်မ (၃၅၄) မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် စသည်တို့ကို ရေးသားထားပေမယ့် သတင်းသမား (၁၆) ဦးကို ထောင်ချထားတာကိုလည်း ထောက်ပြထားပါတယ်။ ပုဒ်မ (၄၀၆) မှာ ပြဌာန်းထားတဲ့အတိုင်း နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ စည်းရုံးရေး ဆင်းခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အကြံပေးတင်ပြချက် (၄) ချက်ကို အကောင်အထည်ဖော်ဖို့ ဗမာစစ်အစိုးရက သဘောတူထားပေမယ့် တကယ်တမ်း အကောင်အထည် ဖော်မဖော်ဆိုတာကို တတိယခရီးစဉ်မှာ မစ္စတာ ကင်တားနား သိနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မစ္စတာ ကင်တားနား က မကြာမီ အစီရင်ခံပါလိမ့်မယ်။ လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အစိုးရတွေရဲ့ ပရိယာရ်မှာ တဝဲလည်လည် ဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က လွန်ခဲ့တဲ့ ဇန်နဝါရီလထုတ် နှစ်ပတ်လည် အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ အစ္စရေး (Israel) နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ထပ်ခါတလဲလဲ ဝေဖန်ရှုတ်ချနေတဲ့ လူ့အခွင့်အရေးကောင်စီဟာ သီရိလင်္ကာပြည်တွင်းစစ်မှာ တမီးလ် (Tamil) သူပုန်ကို ပစ်တင်ရှုတ်ချပြီး သီရိလင်္ကာ (Sri Lanka) အစိုးရကို ချီးကျူးထားပါတယ်။ ဒါကြောင့် အစိုးရတပ်က အရပ်သားတွေကို သတ်ဖြတ်တာနဲ့ ထိန်းသိမ်းတာကို စုံစမ်းနိုင်ခြင်း မရှိတာလို့ ဆိုပါတယ်။

အစိုးရတိုင်းရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို လေးနှစ်တကြိမ် စီစစ်တဲ့ကိစ္စမှာလည်း အစိုးရ အချင်းချင်း စစ်ဆေးနေတဲ့အတွက် ထိထိရောက်ရောက် အရေးယူနိုင်အောင် လုပ်နည်းလုပ်ထုံး ပြင်ဆင်တာမျိုးနဲ့ အပေးအယူလုပ်တာမျိုး တွေ့ရှိနေပါတယ်။ လူ့အခွင့်အရေးကောင်စီက အရေးယူရမယ့် အစိုးရတွေကိ လူ့အခွင့်အရေးကောင်စီကို ကြီးစိုးနေလို့ လုပ်ရကိုင်ရခက်တာလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒါကြောင့်မို့ ဗမာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေ လျော့နည်းသွားအောင် ဗမာစစ်အစိုးရနဲ့ပဲ လက်တွဲလုပ်ကိုင်မယ့် မစ္စတာ ကင်တားနားရဲ့ အစီအစဉ် အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ မကြာခင်သိရလိမ့်မယ်လို့သာ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG