သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်း နီဂျာနိုင်ငံ အာဖရိကသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း


သမ္မတကို အာဏာသိမ်း ဖြုတ်ချလိုက်ပြီး တစ်ရက်အကြာမှာ နီဂျာနိုင်ငံကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်က ယာယီ ရပ်ဆိုင်းထားလိုက်ပါတယ်။

အဒစ္စအဘာဘာ မြို့ မှာ သောကြာနေ့ကကျင်းပတဲ့ အစည်းအဝေးမှာ အာဖရိက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီ ဥက္ကဌက အဖွဲ့က ဆောင်ရွက်နေတဲ့ ကိစ္စရပ်အားလုံးမှာ ပါဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေးကို ပြန်သွားဖို့လည်း တောင်းဆိုလိုက်ပါတယ်။

နီဂျာနိုင်ငံရဲ့ စစ်ခေါင်းဆောင်သစ် ဆာလို ဂျီဘို က အများပြည်သူရှေ့ ကို သောကြာနေ့က ထွက်ခဲ့ပြီး၊ ဆုံးဖြတ်ချက်တွေချဖို့ အတိုင်ပင်ခံ ကောင်စီကို ဖွဲ့စည်းမယ်လို့ ကတိပေးလိုက်ပါတယ်။

အစိုးရ အဖွဲ့တဖွဲ့လုံးကို ဖျက်သိမ်းပြီးတဲ့နောက် အစိုးရလုပ်ငန်းတွေကို ဝန်ကြီးဌာနတွေရဲ့ အကြီးအကဲတွေက ယာယီခဏ ကိုင်တွယ်လိမ့်မယ်လို့ စစ်တပ်က ပြောခဲ့ပါတယ်။

နီအာမေ (Niamey) မြို့တော်ဟာ သောကြာနေ့က ငြိမ်သက်နေပြီး၊ ပုဂ္ဂလိက လုပ်ငန်းတွေရော၊ အစိုရရုံးတွေမှာ ပုံမှန်အတိုင်း လုပ်ကိုင်နေကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ နီဂျာရဲ့ နယ်ခြားတွေကို ပြန်ဖွင့်လိုက်သလို၊ တနိုင်ငံလုံးအပေါ် ချမှတ်ထားတဲ့ ညမထွက်ရ အမိန့်ကိုလည်း ရုတ်သိမ်းလိုက်ပါတယ်။

သမ္မတ နန်းတော်ကို ကြာသပတေးနေ့က စစ်သားတွေက ဝင်ရောက်ခဲ့ပြီး၊ သမ္မတ မာမာဒူ တန်ဂျာ (Mamadou Tandja) ကို ဖမ်းဆီးခဲ့ပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံကို ရပ်လိုက်ပါတယ်။

စစ်တပ်က မစ္စတာ တန်ဂျာကို ဖမ်းဆီးထားကြောင်း အတည်ပြု ပြောကြားပါတယ်။ သူ့အခြေအနေ ကောင်းပါတယ်လို့ စစ်တပ်က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG