သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးရာမှာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရေးကိစ္စ၊ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့ကိစ္စနဲ့ လွတ်လပ် တရားမျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ် လို့ NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ဗွီအိုအေကိုပြောပါတယ်။ ဒီဆွေးနွေးချက် အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မစ္စတာကင်တားနားနဲ့ NLD ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က မြရိပ်ညိုဟော်တယ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်၊ သောကြာနေ့က တနာရီနီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ NLD ခေါင်းဆောင်တွေဘက်က ပထမဆုံး ဆွေးနွေးချက် ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စဖြစ်ပါတယ်။ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက သူဟာ ၁၉၇၄ ခုနှစ်တုန်းက ၁၀(က)၊ ၁၀(ခ) ဥပဒေတွေကို ပြုစုရေးဆွဲရာမှာ ပါဝင်ခဲ့သူဖြစ်တာကြောင့် ဒီဥပဒေတွေရဲ့ သဘောသဘာဝနဲ့ သက်ရောက်မှုတွေကို အကုန်လုံးနားလည်ကြောင်း၊ ဒါကြောင့် ဒီဥပဒေတွေအရ နေအိမ်အကျယ်ချုပ် ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လိုနေပြီဖြစ်ကြောင်း၊ လူ့အခွင့်အရေးအရကြည့်ရင်လည်း လွှတ်အပ်တဲ့ ကိစ္စ ဖြစ်ကြောင်း မစ္စတာကင်တားနားကို ဆွေးနွေးပြောဆို ခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြန်ပြောပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းသမီးလည်း ဖြစ်တယ်၊ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီရေးကိုလည်း ဦးစီးဦးဆောင်ပြုနေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ တိုင်းရင်းသားများရဲ့ အရေးကိုလည်း ဂရုစိုက်ပြီးတော့ ဖန်ဆီးဖော်ဆောင်နိုင်တဲ့ အနေအထားမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဒုဥက္ကဌ ဦးတင်ဦး အနေနဲ့ အထူးတလည် လိုလားပါတယ် ဆိုတဲ့အကြောင်း မစ္စတာ ကင်တားနားကို ပြောပါတယ်။"

ဒါ့အပြင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ပြီးပြီးချင်းပဲ ထောင်ဒဏ် ထက်ဝက် လျှော့ပေါ့ဖို့ညွှန်ကြားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကောင်းမွန်စွာ နေထိုင်မယ်ဆိုရင် ကျန်တဲ့ ထောင်ဒဏ် တနှစ်ခွဲကို လျှော့ပေါ့ပေးမယ်ဆိုတဲ့အချက်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်လို့ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောခဲ့တဲ့ အချက်တွေကို ပြန်ထောက်ပြီး တော့လည်း ဆွေးနွေးခဲ့ကြပါတယ်။

"အဲဒီနှစ်ခုကို ညီညွတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် ကောင်းမွန်တဲ့အနာဂတ် ဖြစ်အောင် စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လက်ကမ်းထားတဲ့အဖြစ်တောင် ရောက်နေပြီ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ထိုက်ဘူး၊ လွှတ်ထိုက်တယ်ဆိုတာ အငြင်းပွားစရာ မရှိတော့ပါဘူး။ လွှတ်ပေးဖို့ဟာဖြင့် ကျော်တောင်ကျော်နေပါပြီ ကျနော်က တင်ပြပါတယ်။"

၁၉၉၀ ပြည့်နှစ်တုန်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပပေးခဲ့ပြီး လွှတ်တော်အမတ် နေရာအများစုကို NLD က အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရက အနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ အဲဒီရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ကျင်းပတာဖြစ်တယ် ဆိုပြီး အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်ကြာ ကျင်းပခဲ့ပါတယ်။

၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး NLD က ခုချိန်ထိ ကိုင်စွဲထားတဲ့ ရပ်တည်ချက်နဲ့ သဘောထားကို NLD ခေါင်းဆောင်တွေက မစ္စတာ ကင်တားနားကို ပြောပြခဲ့ကြပါတယ်။

"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တယ်။ ဒါကို ကျော်လွှားပစ်ပယ်ဖို့ မထိုက်ပါဘူး။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေပြီးတော့ ဒါကို တနည်းနည်းနဲ့ ဖြေရှင်းပေးဖို့ ပထမအချက် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာဘာလဲဆိုတော့ ပြည်သူတွေရဲ့ citizen right ပြည်သူတွေရဲ့ အခွင့်အရေးကို ပစ်ပယ်ရာမရောက်အောင် ကျနော်တို့ တင်ပြခြင်းဖြစ်တယ်။"

မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ ဖြစ်ပေါ်တိုးတက်မှုတခုခု သိသိသာသာ ပြနိုင်ဖို့ဆိုရင် အကျဉ်းထောင်အသီးသီးမှာ အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးကိစ္စကို အဓိကအကျဆုံးကိစ္စရပ်အဖြစ် အစဉ်တစိုက် ပြောဆိုခဲ့ကြပါတယ်။ အခု မစ္စတာကင်တားနားနဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း NLD တာဝန်ရှိသူတွေက ဒီကိစ္စကို တောင်းဆို ခဲ့ကြပါတယ်။

"ယုံကြည်မှုအရ အကျဉ်းထောင်ထဲမှာရောက်နေတဲ့ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးသမားတွေ ၂,၁၀၀ ကျော်ကိုလည်းပဲ အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ ကျနော်တို့ ပြောပါတယ်။ ဒါဟာလည်းပဲ လူ့အခွင့်အရေးနဲ့ လုံး၀ ထိစပ်နေတာကြောင့်မိုလို့ ယုံကြည်မှုကြောင့် အကျဉ်းကျတယ်ဆိုတာ ယုံကြည်မှုတောင်မှ လွတ်လပ်စွာမလုပ်ရဘူးဆိုတဲ့ အဖြစ်မျိုး မရောက်အောင် အဖမ်းခံနေရတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။"

ဒီနှစ်အတွင်းမှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာထားပါတယ်။ NLD ကတော့ ရွေးကောက်ပွဲ ဝင်မယ်-မဝင်ဘူးဆိုတာကို ခုချိန်ထိ အတိအလင်း မကြေညာသေးဘဲ ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ပြီး ပါတီရဲ့ရပ်တည်ချက်ကို ပြောထားပါတယ်။ ဒီစာတမ်းပါ NLD ရဲ့ တောင်းဆိုချက်တွေကို ခုချိန်ထိတော့ မြန်မာ စစ်အစိုးရက လိုက်လျောမယ့်အရိပ်အယောင် မပြသေးပါဘူး။

မစ္စတာကင်တားနားက NLD ရွေးကောက်ပွဲ ဝင် မဝင် မေးမြန်းတဲ့အပေါ် NLD တာဝန်ရှိသူတွေရဲ့ ဖြေကြားချက်အရ ရွေးကောက်ပွဲဝင်ရေးကိစ္စကို လမ်းဖွင့်ထားဆဲဖြစ်တယ် ဆိုတဲ့သဘော တွေ့ရပါတယ်။

"လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါ့အပြင် အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လည်း ကျနော်တို့ လိုလားတယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ နိုင်ငံတကာကနေ စောင့်ကြပ်ကြည့်ရှုတဲ့ အဖွဲ့အစည်းမျိုး တွေ ပါလာမှသာလျင် ဒါဟာ ဖြစ်နိုင်မယ်လို့ ကျနော်တို့က ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဖြစ်တယ် ဆိုလို့ရှိရင် NLD ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ တရားမျှတ လွတ်လပ်ဖို့တော့ လိုတယ်လို့ ကျနော်တို့ ပြောပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲမှာ တကယ်လို့များ NLD မဝင်ဘူးဆိုရင် ဘယ်လိုဖြစ်မလဲ ဆိုတဲ့အခါကျတော့၊ တကယ်လို့ NLD မပါဘူးဆိုရင် တရားမျှတလွတ်လပ်ဖို့က ရာခိုင်းနှုန်း ၁၀၀ % တောင် ဖြစ်သွားမလားလို့ ထင်တယ်လို့ ကျနော်တို့က ပြောပါ တယ်။ တကယ်လို့ NLD ပါ ပါမယ်ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စတွေ အင်မတန်မှ တရားမျှတ လွတ်လပ်ဖို့ အထူးဂရုစိုက် လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာ စောင့်ကြည့်မှုတွေ မပါဘဲနဲ့တော့ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မယ်ဆိုတဲ့ အနေအထားကို ဘယ်လိုမှ လက်ခံဖို့အကြောင်း မရှိပါဘူးလို့ ရွေးကောက်ပွဲ ဝင် မဝင်နဲ့ပတ်သက်ပြီး မေးတဲ့အခါမှာ ဖြေကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက်ချိန်တုန်းက NLD နဲ့ အဆက်အသွယ် မလုပ်ခဲ့တာဟာ လုပ်ငန်းလုပ်ဆောင်တာတွေ နှောင့်နှေးပြီးတော့ မလိုလားအပ်တဲ့ကိစ္စတွေ ပေါ်လာမှာ စိုးလို့ တိုက်ရိုက်မဆက် သွယ်ခဲ့ဘူးလို့ သိရတဲ့အတွက် ဒါဟာမဖြစ်ထိုက်တဲ့ ကိစ္စဖြစ်ကြောင်း၊ NLD အနေနဲ့ ILO အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ် ပြောဆိုဖို့ရာဟာလည်း အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ မစ္စတာကင်တားနားကို ဆွေးနွေး ပြောဆိုခဲ့ ကြောင်း ဦးခင်မောင်ဆွေက ပြန်ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG