သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း


မြန်မာ့တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းပြီး ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်အဖြစ် ပြောင်းလဲဖို့ မကြာသေးခင်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ NLD ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက စစ်တပ်အရာရှိတွေ၊ တပ်မတော်သားတွေကို တိုက်တွန်းလိုက်ပါတယ်။ အဘက်ဘက်က ချို့ယွင်းနေတဲ့ တိုင်းပြည်အခြေအနေကို ပြန်လည်ထူထောင်ဖို့ ယုံကြည်မှု တည်ဆောက်ပြီး သဘောတူညီချက်တွေ ရအောင် ကြိုးစားဖို့ လိုတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက သူဟာ ငယ်ရွယ်စဉ် အချိန်ကတည်းက တပ်မတော်မှာ အရာရှိငယ် တယောက်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့အကြောင်း၊ တပ်မတော်ဟာ သူ့ရဲ့ အသည်းနှလုံးထဲမှာ ထာဝရ ရှိနေတဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အချိန် ပြောဆိုပါတယ်။ သူဟာ တပ်မတော်သားတွေကို ချစ်တဲ့အကြောင်းနဲ့ ဒါပေမဲ့လည်း ပြည်သူတွေကို ပိုချစ်တဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

လက်ရှိ တပ်မတော်ဟာ ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်ဖို့လိုပြီး လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ဒီလိုပဲ အစဉ်အလာကောင်းတွေကို ထိန်းစေချင်ပါတယ်။ အကုန်လုံး တာဝန်ရှိနေတဲ့သူတွေ အားလုံး အလိုက်ပေါ့။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ၊ ပြည်သူတို့ကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကို ဦးဆောင် ခေါင်းရွက်သွားနေ တာ ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်သည် တကယ့်ကို စံပြကောင်းကောင်းနဲ့ ဖြစ်တဲ့ ဝန်ထမ်းကောင်းကြီးတွေပေါ့၊ ကိုယ့်ရဲ့ လုပ်ငန်းကိစ္စ အ၀၀ကို ကျွမ်းကျင်အောင် လုပ်ပြီးတော့ မိမိရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးကို တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင်တော့ ဖြစ်စေချင်တယ်၊ ဒါပါပဲ။”

အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေးအရ သဘောတူညီမှုတွေကို ရှာနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက ပြောပါတယ်။ ဒီလို ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အနေအထားကို ဖန်တီးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက် ကတော့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

“တယောက်နဲ့ တယောက်ဟာ ယုံကြည်မှု တည်ဆောက်ကြဖို့ပဲ။ ပြည်သူလူထုတွေဟာ ဒီနေ့အထိ နိုင်ငံရေးအားဖြင့်၊ စီးပွားရေးအားဖြင့်၊ လူမှုရေးအားဖြင့် ချွတ်ခြုံကျနေတာ။ အဲဒါကို ညှိနှိုင်းဆွေးနွေးပြီး တခုနဲ့တခု တွေ့ဆုံဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်မယ့် နေရာတခု၊ The area of agreement ရောက်အောင် လုပ်မယ်ဆိုရင် လုပ်လို့ ရနိုင်ပါတယ်လို့၊ ယုံယုံကြည်ကြည်လုပ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ တစိုက်မတ်မတ် စွဲကိုင်ထားတဲ့ ဝါဒပါ။”

မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုတွေကို ကြိုဆိုတဲ့အကြောင်း၊ ဒါပေမဲ့လည်း တကယ်တမ်း အပြောင်းအလဲတွေ၊ တိုးတက်မှုတွေရှိဖို့ ပြည်တွင်းက အင်အားတွေကသာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း အခုလို ပြောဆိုသွားပါတယ်။

“ဒါပေမဲ့ တကယ့်အင်အားကတော့ ကိုယ့် ပြည်သူလူထုပဲ။ ကိုယ့်ဟာကို လုပ်ကြပါ။ ကိုယ့်ဟာကိုလုပ်တဲ့ အားကိုပဲ ကိုယ်က ယုံကြည်တာပါ။ အဲတော့ နိုင်ငံတကာက ကူညီနေပြီး ကျနော်တို့အတွက် ပြောကြတယ်၊ ဆိုကြတယ် ဆိုတဲ့ဟာတွေ အပေါ်မှာ၊ အထောက်အပံ့တွေ အပေါ်မှာတော့ ကြိုဆိုတယ်၊ အားရတယ်၊ ဆက်လက်ပြီးတော့လည်း ကြိုဆိုကြပါ၊ ထောက်ခံကြပါ။ သို့သော် တကယ်ဆောင်ရွက်ရမယ့် အင်အားကတော့ ကိုယ့်ပြည်တွင်းက အားပဲ ဖြစ်တဲ့အတွက် ပြည်သူ လူထုတွေက လုပ်ရမယ်လို့ပဲ၊ ကိုယ့်အချင်းချင်း တိုင်းရင်းသားတွေနဲ့ အတူတကွ လုပ်ရမယ်လို့ပဲ ကျနော်တို့က ယုံကြည် တယ်။”

ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အချိန် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွေနဲ့ မြန်မာ့တပ်မတော်အပေါ် သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော် အနေနဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ လိုအပ်သလို အနာဂတ်မှာ တပ်မတော်ရဲ့ သမိုင်းကောင်းအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ တပ်မတော်အနေနဲ့ သမာသမတ် ရှိတဲ့ ဒိုင်လူကြီး နေရာက ရပ်တည်စေချင်တဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြ သွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG