သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများအရေး လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်


ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံသား စိစစ်ရေး လုပ်ဆောင်ဖို့ ကန့်သတ်ရက် နီးလာနေတဲ့ အချိန်မှာပဲ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က သတ်မှတ်ရက် တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုလိုက်တဲ့အပြင် ဒီရွှေ့ပြောင်းအလုပ်သမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အပေါ်မှာလည်း မီးမောင်းထိုး ပြသခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ Human Rights Watch အဖွဲ့က တာဝန်ရှိသူနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

Human Rights Watch လူ့အခွင့်အရေး အဖွဲ့ကြီးက ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျားရဲတွင်းဆီက မိကျောင်းတွင်းဆီသို့ (From the Tiger to the Crocodile) လို့ နာမည်ပေးထားတဲ့ အစီရင်ခံစာ တစောင်ကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက် ဒီအလုပ်သမားတွေက တွင်တွင်ကျယ်ကျယ် ပံ့ပိုးပေးနေပေမဲ့ ဒီအလုပ်သမားတွေကို ကန့်သတ်မှုတွေ ပါဝင်တဲ့ နိုင်ငံသား စိစစ်ရေး လုပ်ခိုင်းပြီး ဒီစိစစ်ရေးလုပ်ငန်းမှာ မပါဝင်သူတွေကို ဒီလကုန်မှာ နောက်ဆုံးထားပြီး ပြန်ပို့ဖို့အတွက် ထိုင်းအစိုးရက စီစဉ်နေတာမို့ ဒါဟာ ဆိုးသထက်ဆိုးအောင် လုပ်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ အစီရင်ခံစာ ရေးသားတင်သွင်းတဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖိလစ် ရောဘတ်ဆန် (Philip Robertson) က ပြောပါတယ်။

“ထိုင်းစကားပုံတခု ရှိပါတယ်။ သေဘေးရင်ဆိုင်နေရသူ သေဘေးက လွတ်အောင် ပြေးကာမှ ပိုဆိုးတဲ့ အနေအထားကို ရောက်သွားတာပါ။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးတဲ့ အဖြစ်ပါ။ ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခြေအနေက ဒီလိုအဖြစ်မျိုးလို့ ကျနော်တို့ ယုံကြည်ပါတယ်။”

ဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံကို ခံနေကြရပေမဲ့ ဒီပြစ်မှု ကျူးလွန်နေသူတွေကိုတော့ အရေးယူတာမျိုး သိပ်ကိုရှားပါးတယ်လို့လည်း ပြောပါတယ်။

“ထိုင်းနိုင်ငံရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ဘေးမဲ့ပေးထားတာတွေ၊ အရေးမယူတာတွေ တွေ့ရပါတယ်။ မြန်မာ၊ လောနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက လာပြီး အလုပ်လုပ်နေသူတွေရဲ့ အမှုတွေကို လေ့လာကြည့်တဲ့အခါမှာ အရပ်ထဲမှာ သူတို့ နေထိုင်နိုင်ရေးက သိပ်မလွယ်တာကို တွေ့ရပါတယ်။ သူတို့ကို ခြောက်လှန့်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ငွေညှစ်တာတွေ တော်တော်များများ ခံနေကြရပေမဲ့ ဒီလိုကျူးလွန်တဲ့ သူတွေကို အရေးယူတာမျိုးကလည်း သိပ်မရှိပါဘူး။”

ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေသူတွေထဲက လောနဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေအတွက် သူတို့နိုင်ငံက တာဝန်ရှိသူတွေ လာရောက် စိစစ် ဆောင်ရွက်ပေးပေမဲ့ မြန်မာနိုင်ငံသားတွေ အတွက်တော့ နိုင်ငံသား စိစစ်ရေး လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံကို ပြန်ရတာမို့ သူတို့အတွက် အန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒီလို ပြန်ပြီးပို့ခဲ့ရင် လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံနဲ့ ကြုံရနိုင်တယ်လို့လည်း ဆိုပါတယ်။

“ဒီနိုင်ငံသား စိစစ်ရေးနဲ့ ပတ်သက်ပြီး သူတို့ကို နားလည်အောင် ရှင်းပြပေးတာမျိုး သိပ်မရှိပါဘူး။ သူတို့ဘက်ကကြည့်ရင် ထိုင်းအစိုးရရဲ့ အစီအစဉ်က သိပ်ရှုပ်ထွေးပြီး စရိတ်စက သိပ်ကြီးပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် ဆိုရင် နိုင်ငံသား စိစစ်ရေးက မြန်မာနိုင်ငံကို ပြန်လုပ်ဖို့ စီစဉ်ထားတာပါ။ ဒါဟာ ကောင်းတဲ့အစီအစဉ် မဟုတ်ပါဘူး။ ထိုင်းအစိုးရ အနေနဲ့ ဒီ့ထက်ကောင်းအောင် လုပ်နိုင်ပါတယ်။ ဒီ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို ရက်ပိုတိုးပေးဖို့ ထိုင်းအစိုးရကို အကြံပေးပါတယ်။ ဒါ့အပြင် နေရပ်ရင်းကို ပြန်မပို့ဖို့လည်း လိုပါတယ်။”

အာဆီယံအနေနဲ့ ထိုင်းအစိုးရဘက်က ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို အပြည့်အ၀ အကာအကွယ်ပေးဖို့ အဓိက တာဝန်ယူသင့်တယ်လို့လည်း မစ္စတာ ရောဘတ်ဆန်က ပြောပါတယ်။

“အာဆီယံဟာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့နဲ့ အခြေအနေတွေကို မြှင့်တင်ပေးဖို့ ကတိပြုပေးထားတာမို့ ဒီကိစ္စမှာ အာဆီယံက ပါဝင်ပတ်သက်ဖို့ ကျနော်တို့က တောင်းဆိုပါတယ်။ ထိုင်းနိုင်ငံက အာဆီယံ ပဋိညာဉ်စာတမ်းကို လိုက်နာစေဖို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ထိုင်းအစိုးရက အကာအကွယ် ပေးလာအောင် အာဆီယံ လူ့အခွင့်အရေး ကော်မရှင်က တာဝန်ယူ ဆောင်ရွက်ရမှာပါ။”

Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး မစ္စတာ ဖိလစ် ရောဘတ်ဆန် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG