သုံးရလွယ်ကူစေသည့် Link များ

မူးယစ်ကုန်ကူးမှုနဲ့ မြန်မာတိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှု ဆက်စပ်နေ


မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုတွေနဲ့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွေဟာ ဆက်စပ်နေတာကြောင့် ဒေသတွင်း တရားမ၀င် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွေ၊ ဘိန်းကုန်ကူးမှုတွေကို ကိုင်တွယ်ဖို့ဆိုရင် အဲဒီ လက်နက်ကိုင် အကြမ်းဖက်မှုတွေကို လျော့ပါးသွားအောင် လုပ်ရမယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးအဖွဲ့က ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းဖြူ တန်ချိန် ၃၃၀ ထုတ်လုပ်ခဲ့ပြီး အဲဒီကနေ ဘိန်းစိုက်တောင်သူတွေ အတွက် ဒေါ်လာ သန်း ၁၀၀ လောက် ၀င်ငွေရစေခဲ့တယ်လို့ UNODC ရဲ့ မနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနဲ့ ရာဇ၀တ်မှုတွေ၊ မတည်ငြိမ်မှုတွေ ဆက်စပ်နေတယ်ဆိုတဲ့ အစီရင်ခံစာ တစောင်ကို UNODC က ထုတ်ပြန်ခဲ့တာပါ။

ဒီအထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ထည့်သွင်းဖော်ပြထားပြီး မြန်မာနိုင်ငံဟာ အရင်တုန်းက ဘိန်းဖြူ အကြီးအကျယ် ထွက်ခဲ့ပေမဲ့ ဘိန်းဘုရင် ခွန်ဆာ ဦးဆောင်တဲ့ မွန်ထိုင်းအာမီ လက်နက်ချလိုက်တာကြောင့် ကမ္ဘာ့ဘိန်းဖြူဈေးကွက်မှာ မြန်မာနိုင်ငံက ဘိန်းဖြူထုတ်လုပ်မှု ကျဆင်းသွားတယ်လို့ ရေးထားပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဟာ အခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့သလို မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးရေး အစီအစဉ်တွေ လုပ်ခဲ့တာကြောင့် ဘိန်းစိုက်ပျိုးမှု ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ဆောင်ရွက်ချက်တွေကြောင့် ၁၉၉၆ နဲ့ ၂၀၀၆ ခုနှစ် ကာလမှာ ဘိန်းစိုက်ပျိုး မြေဧက ၈၇% လျော့ကျလာခဲ့တယ်၊ ကိုးကန့်ဒေသမှာ ၂၀၀၁ ခုနှစ်၊ ၀ဒေသမှာ ၂၀၀၆ ခုနှစ်တွေမှာ ဘိန်းကင်းလွတ်မြေ ကြေညာခဲ့တယ်၊ ၂၀၀၆ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု အနည်းငယ် ပြန်တက်လာတယ်လို့ ဆိုပါတယ်။

ရှမ်းပြည် အရှေ့ပိုင်းဒေသ ပြီးတော့ အခုဆိုရင် ထိုင်းနယ်ချင်းစပ် ရှမ်းပြည်တောင်ပိုင်းဒေသမှာ ဘိန်းဖြူ အစိုက်အများဆုံးဒေသ ဖြစ်လာတယ်လို့လည်း ရေးထားပါတယ်။ တဘက်မှာ ဘိန်းစိုက်ပျိုးမှု ကျလာပေမဲ့ မက်သာဖက်သမင်း ထုတ်လုပ်မှုက တိုးလာတယ်လို့ ဖော်ပြပါတယ်။ မနှစ် ၂၀၀၉ ခုနှစ်မှာ ဘိန်းစိုက်တောင်သူတွေဟာ ၀င်ငွေ သန်း ၁၀၀ လောက် ရှိခဲ့တယ်လို့ ဆိုပေမဲ့ မူးယစ်ဆေးဝါး ကုန်ကူးသူတွေရဲ့ ၀င်ငွေအတိအကျကိုတော့ မတွက်နိုင်ဘူးလို့ ရေးပါတယ်။ ဒါပေမဲ့ ခန့်မှန်းချေအားဖြင့်တော့ ၂၀၀၉ ခုနှစ်အတွင်း ဘိန်းဖြူရောင်းရငွေဟာ ဒေါ်လာ သန်း ၃၆၀ ၀န်းကျင် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီ ငွေပမာဏအပေါ်မှာ ၀င်ငွေအဖြစ် တည်မှီနေတာ မဟုတ်ပေမဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကတော့ သူတို့ လှုပ်ရှားနိုင်ဖို့အတွက် ဒီ မူးယစ်ဆေးဝါးက ရတဲ့ ၀င်ငွေအပေါ်မှာ အသက်ဆက်နေရတယ်လို့ ဆိုပါတယ်။ လက်နက်ကိုင် သူပုန်အဖွဲ့တွေအဖို့ ဘိန်းစိုက်ပျိုးမှုကရတဲ့ အခွန်အတုပ်တွေကို အဓိက ၀င်ငွေသဘော ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာလည်း အခြား အလားတူ နိုင်ငံတွေလို လက်နက်ကိုင် အကြမ်းဖက်မှုတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ဆက်နွယ်နေတာကို ဒီအစီရင်ခံမှာ မီးမောင်းထိုးပြထားပါတယ်။ အထူးသဖြင့် ရှမ်းပြည်အတွင်းက လက်နက်ကိုင် အဖွဲ့တွေကို နာမည်တွေနဲ့တကွ ဖော်ပြရေးသားထားပါတယ်။

မနေ့ကလုပ်တဲ့ လုံခြုံရေးကောင်စီမှာတော့ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ မူယစ်ဆေးဝါး ရောင်းဝယ်မှုကြောင့် နိုင်ငံတကာ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ် ဆိုတာကို အစီရင်ခံစာကို ထောက်ပြပြီး UNODC ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး အန်တိုနီယို မာရီယာ ကော့စ်တာ (Antonio Maria Costa) က ပြောသွားပါတယ်။

“ဒီအစီရင်ခံစာထဲမှာ ထောက်ပြထားတဲ့ အချက်ကတော့ မတည်ငြိမ်မှုတွေကြောင့် ရာဇ၀တ်မှုတွေ ဖြစ်စေတယ်။ အဲဒီ ရာဇ၀တ်မှုတွေကနေ မတည်ငြိမ်မှုတွေကို ပိုလို့ နက်နက်ရှိုင်းရှိုင်း ဖြစ်လာစေတယ်။ အဲဒီနောက်တော့ လူသားရပ်တည်မှုဆိုင်ရာ အကျပ်အတည်းတွေ ကြုံလာပြီး ဖွံ့ဖြိုးရေးမှာ နောက်ကျစေတယ်။”

ကမ္ဘာအရပ်ရပ်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေ၊ ဖွံ့ဖြိုးရေး နိမ့်ကျမှုတွေအကြား သံသရာ လည်နေတာကို ကိုင်တွယ်ဖို့ဆိုရင် မူးယစ်ဆေးဝါး ရောင်းသယ်မှုတွေကို တားဆီးဖို့ တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံက သူပုန်အဖွဲ့အစည်းတွေဟာ ဘဏ္ဍာရေး လိုအပ်ချက် ရှိလာမယ်ဆိုရင် အရင် ဘိန်းဘုရင် ခွန်ဆာ နည်းတူပဲ ဒီအဖွဲ့တွေဟာ နိုင်ငံတကာက မူးယစ်ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်လာဖွယ် ရှိတယ်လို့ အစီရင်ခံစာမှာ သတိပေး ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG