သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချီလီငလျင်ဘေး အသက်မသေ ပိတ်မိနေသူများ ရှာဖွေ


ချီလီနိုင်ငံမှာ ပြင်းထန်တဲ့ ငလျင် လှုပ်ခတ်ခဲ့လို့ ကြီးမားတဲ့ အပျက်အဆီးတွေ ကြုံခဲ့ရပြီး နောက်တရက်ဖြစ်တဲ့ ဒီကနေ့မှာတော့ အသက်မသေ ရှင်ကျန်ရစ်သူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက လုပ်ဆောင်နေကြပါတယ်။

နောက်ဆက်တွဲ လှုပ်ခတ်မှုတွေကို စိုးရိမ်နေကြတဲ့ ချီလီနိုင်ငံသားတွေ ဒီကနေ့မှာတော့ အိမ်ပြင်တွေထွက် အိပ်စက်ခဲ့ကြရပါတယ်။ တောင်အမေရိကတိုက်က ချီလီနိုင်ငံမှာ စနေနေ့ အရုဏ်တက်ချိန်က ပြင်းအား ၈.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ပြင်းအား ၆.၉ ရှိတဲ့ ငလျင်တခု အပါအဝင် နောက်ဆက်တွဲ လှုပ်ခတ်မှု ၁၀၀ ကျော်နဲ့ ထပ်ပြီး ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးပြီး အိုးအိမ် ၁,၅၀၀,၀၀၀ လောက် ပျက်စီးခဲ့တာဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြတာပါ။ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ကွန်ဆပ်ဆီယွန် (Concepcion) မြို့က ငလျင်ကြောင့် ပြိုလဲခဲ့တဲ့ အဆောက်အဦး တခုထဲမှာ ပိတ်မိနေတဲ့ လူ ၁၀၀ လောက်ကို ကယ်ဆယ်နိုင်ဖို့ အတွက်လည်း အရေးပေါ် ကယ်ဆယ်ရေး သမားတွေက ဒီကနေ့ ကြိုးစားနေကြပါတယ်။

ရုပ်မြင်သံကြားက ပြသနေတဲ့ အထဲမှာတော့ ကုန်စုံဆိုင်တွေမှာ အစားအသောက်နဲ့ လျှပ်စစ်ပစ္စည်းတွေကို လုယက်မှုတွေ ဖြစ်ပွားနေတာတွေကို တွေ့မြင်ကြရပါတယ်။ ငလျင်ဒဏ်ခံခဲ့ရလို့ အဆောက်အဦးတွေ ပြိုလဲ၊ ကားတွေမှောက် လျှပ်စစ်နဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေခဲ့တဲ့ ချီလီနိုင်ငံ အလယ်ပိုင်း ဒေသကိုတော့ သမ္မတ မစ်ရှဲလ် ဘာချီလက် (Michelle Bachelet) က ကပ်ဘေးဒဏ်သင့် အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

လမ်းတံတားတွေလည်း ကျိုးကြခဲ့သလို အပျက်အစီးတွေဟာလည်း လမ်းတွေကို ဖုံးလွှမ်းနေတာပါ။ မီးလောင်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေသလို ဆေးရုံ အဆောက်အဦး အများအပြားဟာလည်း ပြိုကျ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ ချီလီသမ္မတက ပြည်ပက အကူအညီတွေကို တောင်းခံခြင်း မရှိသေးပေမဲ့ နိုင်ငံအများအပြားကတော့ အရေးပေါ် အကူအညီတွေ ပေးအပ်ဖို့ ကမ်းလှမ်းထားပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် အကူအညီတွေ ပေးအပ်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ချီလီသမ္မတကို ကမ်းလှမ်းခဲ့တာပါ။ ချီလီအစိုးရကသာ တောင်းခံမယ်ဆိုရင် အမေရိကန်က အကူအညီပေးနိုင်မယ့် အရင်းအမြစ်တွေ ရှိတယ်လို့ ပြောခဲ့တာလည်း ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချီလီအစိုးရ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုခဲ့တာပါ။

ဥရောပ သမဂ္ဂ (EU) ကလည်း ချီလီနိုင်ငံကို အရေးပေါ် အကူအညီအတွက် ဒေါ်လာ ၄,၀၀၀,၀၀၀ အကူအညီပေးဖို့ ကတိပြုခဲ့ပါတယ်။ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပထမခြေလှမ်း အဖြစ်နဲ့ ဒီငွေတွေကို ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌက ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း ငလျင်ဒဏ်ခံရသူတွေအတွက် ဝမ်းနည်းကြောင်း ပြောဆိုပြီး အခြေအနေတွေကို သုံးသပ်မှုတွေ လုပ်နေကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG