သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်တစ်ဆန် နဲ့ မိဘအသက်အရွယ်


ဖေဖဝါရီ ၁၇၊ ၂၀၁၀။ ဝက်သက်ရောဂါ ပချိတ်ယောင်ရောဂါ ဂျာမန်ဝက်သက်ရောဂါ ကာကွယ်ဆေးတွေနဲ့ အော်တစ်ဆန်ရောဂါ ဆက်စပ်နေမှုကို ဆေးပညာနဲ့ပတ်သက်လို့ နာမည်ကြီးတဲ့ the Lancet ဆေးပညာဂျာနယ်မှာ အခုလ အစောပိုင်းက ဖော်ပြခဲ့ပါတယ်။

အော်တစ်ဆန်ရောဂါနဲ့ အကြမ်းဖျဉ်းပြောရရင်တော့ အော်တစ်ဆန် ရောဂါရှိသူဟာ ကိုယ့်ရဲ့စိတ်ကူးကမ္ဘာထဲမှာပဲ ကိုယ်ရှိနေပြီး၊ အခြားသူတွေနဲ့ ဆက်သွယ်ဆက်ဆံမှုပိုင်းမှာ အားနည်းတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဖြစ်မှုပါ။ အော်တစ်ဆန်ဖြစ်စေတဲ့ အကြောင်းရပ်တွေနဲ့ပတ်သက်လို့ ခန့်မှန်းချက် စဉ်းစားချက်တွေ အတော်များများရှိပါတယ်။ အခု နောက်ဆုံး တွေ့ရှိချက်တရပ်ကတော့ မိခင် ကိုယ်ဝန်ဆောင်ချိန်နဲ့ ပတ်သက်ပါတယ်။

အသက် ၄၀ ကျော်မှာ မိခင် ကိုယ်ဝန်ဆောင်တာဟာ အန္တရာယ်အမျိုးမျိုးရှိတယ်လို့ အမျိုးသမီးအတော်များများက သိထားပါတယ်။ Cherri Cary ဟာ ကလေးမွေးတဲ့အချိန်မှာ အသက် ၄၀ ရှိပါပြီ။

" စိုးရိမ်ချက်တွေ အတော်များများရှိတဲ့အထဲက တခုကတော့ ကလေးမှာ Down Syndrom မွေးရာပါ ဉာဏ်ရည်မပြည့်မှီတာမျိုး ဖြစ်လာမှာကို စိုးရိမ်ရတာပါ။ နောက်တခုကတော့ မွေးတဲ့အချိန် ကိုယ်အလေးချိန်မပြည့်တဲ့ ကလေး မွေးလာမှာကို စိုးရိမ်ရတာပါ။"

ဒါပေမယ့်လည်း အဲဒီ စိုးရိမ်ချက်တွေအများကြီးထဲမှာတော့ မွေးလာတဲ့ကလေးမှာ Autism မွေးရာမှာ စိတ်ပိုင်းဆိုင်ရာ အာရုံချို့တဲ့မှုဖြစ်လာတတ်တယ်ဆိုတာကိုတော့ Cary ဟာ လုံး၀ ထည့်မတွက်ခဲ့ပါဘူးတဲ့။ သူ့ရဲ့သား Ben မှာ စိတ်ကစင့်ကယားဖြစ်တဲ့ ရောဂါ အခု တွေ့နေရပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသီတွေဟာ မိဘ သန်းပေါင်းများစွာကို လေ့လာ သုတေသနလုပ်ခဲ့ပါတယ်။ အသက် ၄၀ကျော်မှာ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေဟာ - အသက်၂၀နှစ်အောက် အရွယ်ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေထက် - မွေးတဲ့ ကလေးမှာ Autism ရနိုင်ဖို့ နှစ်ဆနီးပါး ပိုများလာတယ်ဆိုတာ သူတို့ တွေ့ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်ကြောင့် ဒီလိုဖြစ်နိုင်ချေ အန္တရာယ် ရာခိုင်နှုန်းကတော့ နည်းတယ်လို့ပြောရမှာပါ။ Autism ရောဂါ ဖြစ်နိုင်ချေ အန္တရာယ်ဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်ကြောင့်ဆိုတဲ့ အကြောင်းရပ်ဟာ ဖြစ်နိုင်ချေ ငါးရာခိုင်နှုန်းပဲရှိပါတယ်။ သုတေသီ Janie Shelton ဟာ ဒီ သုတေသနစာတမ်း ဦးဆောင်ရေးသားသူဖြစ်ပါတယ်။

" မိခင် ကိုယ်ဝန်ဆောင်ချိန်အသက်အရွယ်ကြောင့် Autism ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့်လည်း အခုလို အသက်နှောင်းပိုင်း ကလေးယူတာကြောင့် Autism ဖြစ်ပွားမှု ပိုများလာတယ်ဆိုတာကိုတော့ အသေ သတ်မှတ်ထားလို့မရပါဘူး။"

အသက်ကြီးတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေးမှာ မျိုးဗီဇဆိုင်ရာ အားနည်းချို့ယွင်းမှုဖြစ်ဖို့ အန္တရာယ်များတယ်ဆိုတာ သိထားပြီးသားပါ။ Autism ရောဂါဖြစ်ဖို့ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေဟာ အရေးကြီးတယ်လို့လည်း သိထားကြပါတယ်။ မှတ်ဉာဏ် IQ မြင့်မားနေတတ်ပေမယ့် လူမှုဆက်ဆံရေးပိုင်း ဘာသာစကားပြောဆိုမှုပိုင်းမှာ အားနည်းချို့ယွင်းမှုဖြစ်နေတတ်တဲ့ Asperger Syndrome ဟာ Autism အနွယ်ဖြစ်သလို၊ မျိုးရိုးဗီဇ အခြေခံ ရောဂါလည်းဖြစ်ပါတယ်။

"ကျမ ဆွေမျိုးတွေထဲက သုံးဝမ်းကွဲတဦးမှာ Asperger Syndrome ရောဂါရှိပါတယ်။ နောက် တဝမ်းကွဲတဦးမှာတော့ PDD/ Autism ရောဂါ ရှိနေပါတယ်။"

Erica Romano ဖြစ်ပါတယ်။ သူ့ရဲ့ ကလေးသုံးဦးမှာ အခု Autism ရောဂါ ရထားပါတယ်။ ဒါကြောင့်လည်း မျိုးရိုးဗီဇကြောင့် မျိုးရိုးလိုက်တယ်လို့လည်း ယူဆနိုင်ပါတယ်။

အခုသုတေသနလုပ်တဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ် သုတေသီတွေရဲ့ ပြောအရတော့ အခုလို Autism ရောဂါ ဖြစ်နိုင်ချေဟာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်အရွယ်အပေါ်မှာချည်း တည်တာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ဖြစ်သူရဲ့ အသက်အရွယ်လောက် အဓိက မကျပေမယ့်လို့ - ဖခင်ဖြစ်သူရဲ့ အသက်အရွယ်ဟာလည်း ရောဂါဖြစ်ပွားမှုမှာ အချက်တချက်ပါဝင်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာ့နေရာအတော်များများမှာတော့ Autism ဖြစ်ပွားမှုဟာ အတော်လေးမြင့်လားလာတဲ့ လက္ခဏာရှိပါတယ်။ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ Autism ရောဂါသည် ကလေးငယ်စုစုပေါင်း အရည်အတွက်ဟာ နှစ်ဆကျော်လာတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးဌာန CDC ရဲ့ ကိန်းဂဏန်းမှာ ဖော်ပြထားပါတယ်။ ကလေး တရာမှာ တဦးနှုန်းလောက်ဟာ Autism ရောဂါပုံစံ တမျိုးမဟုတ် တမျိုး ခံစားနေရတယ်ဆိုတာ တွေ့ရပါတယ်တဲ့။

အခုလို Autism ရောဂါသည် ကလေးဦးရည် အတော်များလာတယ်ဆိုတဲ့အပေါ်မှာ အချို့ သုတေသီတွေကတော့ ငြင်းချက်ထုတ်ပါတယ်။ မနုဿဗေဒ ပညာရှင် Richard Grinker က ဒီအကြောင်း သူ့စာအုပ်မှာ ရေးခဲ့ပါတယ်။

"အခု ဖြစ်ပွားနေတဲ့ အရည်အတွက်ကိုကြည့်ပါ.. လွန်ခဲ့တဲ့ ဆယ်နှစ် နှစ်နှစ်ဆယ်တုန်းကနှုန်းနဲ့ နှိုင်းယှဉ်လို့ကို မရနိုင်ပါဘူး။"

Autism ရဲ့ ကနဦးရောဂါလက္ခဏာတွေကို အခုဆို မိခင်တွေရော ဆရာဝန်တွေကပါ ပိုပြီးတော့ သတိထားလာကြပါတယ်။ ဒါပေမယ့်လည်း Autism နဲ့ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုမှုကတော့ အလွန်ကျယ်ပြန့်ပါတယ်။ လူရဲ့ လုပ်ပုံကိုင်ပုံ ဆက်ဆံပုံ ချို့ယွင်း မှားယွင်းနေမှုတွေအပေါ်တည်ပြီး Autism အနွယ်ရောဂါတွေကို တွေ့နေရပါတယ်။

အခုနောက်ဆုံးလေ့လာချက်မှာတော့ မိဘ အသက်အရွယ်ဟာ သူ့ကြောင့် Autism ဖြစ်စေတာမဟုတ်ပေမယ့်လို့၊ Autism ဖြစ်လာဖို့ Autism ဆိုတဲ့ ပဟေဌိတွေထဲက အစ တစအဖြစ်တော့ ရှိနေတယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG