သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဘေးသင့်ဒေသ ကူညီရေး စစ်သား ၁၀,၀၀၀ စေလွှတ်


ချီလီနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၈.၈ ရှိ ငလျင်ကြီးဟာ ချီလီသမိုင်းမှာ အဆိုးဆုံး ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၂,၀၀၀,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သမ္မတ မစ်ရှဲလ် ဘာချီလက် (Michelle Bachelet) က ပြောပါတယ်။

ငလျင်လှုပ်ခဲ့တဲ့ ဒေသတွေမှာ တည်ငြိမ်မှု ရရှိဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် တပ်ဖွဲ့အင်အား ၁၀,၀၀၀ လောက်ကို စေလွှတ်ထားတယ်လို့ သမ္မတ ဘာချီလက်က ပြောပါတယ်။ ဒုက္ခရောက်နေသူတွေကို အခမဲ့ အစားအစာတွေ ဝေငှနိုင်ဖို့ ကုန်တိုက်ကြီးတွေနဲ့ ညှိထားတယ်လို့လည်း သမ္မတက ပြောပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ ကွန်ဆပ်ဆီယွန် (Concepcion) မြို့မှာ တနင်္ဂနွေနေ့တုန်းက လူတွေ ဈေးဆိုင်တွေ၊ ကုန်တိုက်ကြီးတွေကို ဝင်ပြီး စားသောက်ကုန်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို လုယူခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကုန်တိုက်ကြီးတွေကို ဝင်လုကြတဲ့ သူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့ရပါတယ်။ ကွန်ဆပ်ဆီယွန်နဲ့ မီဂဲလ် (Miguel) ဒေသတွေမှာ အာဏာပိုင်တွေက ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားပါတယ်။

အစောပိုင်းတုန်းကတော့ သမ္မတက နိုင်ငံတကာက အကူအညီတွေကို လက်ခံဖို့ ဝန်လေးနေခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ သေဆုံးသူဦးရေဟာ ၇၀၀ ကျော်လာတဲ့အတွက် အခုတော့ နိုင်ငံတကာ အကူအညီတွေကို လက်ခံတော့မယ်လို့ ဆိုပါတယ်။ သေဆုံးသူစာရင်းဟာ ဒီထက် ပိုတိုးနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG