သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရောက် ကင်မရွန်း ဘောလုံးသမား ၂ ဦး ငွေစက္ကူ အတုလုပ်ရန် ကြံစည်မှုနဲ့ တရားစွဲ


ရန်ကုန်မြို့ကို ရောက်နေတဲ့ ကင်မရွန်း နိုင်ငံသား ဘောလုံးသမား ၂ ဦးဟာ ဒေါ်လာငွေတုတွေ လုပ်ပေးမယ်ဆိုပြီး လိမ်လည်မှုတွေကြောင့် ဖေဖော်ဝါရီ လကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး အခု သူတို့ကို ရန်ကုန် လမ်းမတော် ရဲစခန်းမှာ ရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ကင်မရွန်း နိုင်ငံသား ဘောလုံးသမား ၂ ဦး မြန်မာနိုင်ငံကို လာတဲ့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းက ဘောလုံးကလပ်တွေမှာ ကြေးစားသမားအဖြစ် ဘောလုံးကစားဖို့လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဘောလုံးကလပ်တွေနဲ့ ညှိနှိုင်းမရ ဖြစ်ပြီးနောက် သူတို့ဟာ ဒေါ်လာငွေ အတုတွေ လုပ်ပေးနိုင်တယ်ဆိုပြီး ဈေးကွက်ရှာရာက ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဒီသတင်းကို သိထားတဲ့ ရန်ကုန်မြို့ခံ တဦးက အခုလို ပြောပြပါတယ်။

“ဒီနိုင်ငံသား ၂ ယောက်က ကျနော်တို့ဆီကို ဘောလုံးကလပ်အသင်းတွေ လာပြီးတော့ ချိတ်တာပေါ့။ ချိတ်တော့ အဆင်မပြေတဲ့ အချိန်မှာ သူတို့က ဟိုတယ်မှာ ငွေလိမ်မယ့်ပုံစံမျိုး ပြောတယ်လို့ သိရတယ်။ သူတို့ ဒေါ်လာအတုတွေ လုပ်ပေးနိုင်တယ်၊ လိုချင်ရင်ပြော ဆိုတော့ အဲဒါကို ဟိုတယ်မန်နေဂျာက သိသွားပြီး ရဲစခန်းကို အကြောင်းကြားလိုက်တာပါ။ အဲဒီဟိုတယ်က ဗိုလ်ချုပ်လမ်းနဲ့ ဝါးတန်းလမ်းထောင့်က MGM ဟိုတယ်။ MGM က လမ်းမတော် အပိုင်ဆိုတော့ လမ်းမတော် ရဲစခန်းကို ပို့တော့ အခု သူတို့ကို တရားရုံးမှာ အမှုစွဲတင်ထားတယ်လို့ ပြောတယ်။”

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သူတို့ကို ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးထားတဲ့ လမ်းမတော် ရဲစခန်းမှာ ကင်မရွန်းနိုင်ငံသား ၂ ယောက်ထဲက တယောက်က အပေ့ါအပါး သွားချင်တယ်လို့ အကြောင်းပြပြီး စခန်းက ထွက်ပြေးပြီး ရန်ကုန်မှာရှိတဲ့ ပြင်သစ်သံရုံးထဲကို ဝင်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်သံရုံးနဲ့ စခန်းအာဏာပိုင်တွေ ညှိနှိုင်းပြီးနောက် သူ့ကို တာဝန်ရှိတဲ့ လမ်းမတော် ရဲစခန်းကိုပဲ ပြန်အပ်ခဲ့တယ်လို့ ပြင်သစ်သံရုံးက တာဝန်ခံတဦးက ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြု ပြောဆိုပါတယ်။

ဒေါ်လာငွေ ၁၀ တန်၊ ၂၀ တန်နဲ့ ၁၀၀ တန်တွေကို သူတို့က အတုလုပ်ပေးနိုင်တယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးပြီးနောက် စစ်ဆေးတွေ့ရှိချက်အရ ဒေါ်လာအစစ်တွေကိုပဲ ပုံစံဖျက်ပြီးတော့ အတုတွေပါလို့ပြောပြီး ငွေလိမ်လည်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ လုပ်ပုံလုပ်နည်းက ရိုးရိုးလေးပါပဲ။ ဒေါ်လာငွေစက္ကူ အစစ်တွေကိုပဲ သူတို့က နည်းပညာသုံးပြီး စက္ကအဖြူပုံစံမျိုး ထင်ရအောင် ဖျောက်ထားလိုက်တယ်။ အဲဒီ ဖျောက်ထားတဲ့ဟာတွေကိုပဲ သူတို့က အနီအောက် ရောင်ခြည်တွေဖြတ် လိုအပ်တဲ့ ဓာတုဆေးမှုန့်တွေ ဖြူးလိုက်ရင် မူလ ဒေါ်လာပုံစံမျိုး ပြန်ဖြစ်သွားတာပေါ့။ အမှန်ကတော့ ဒေါ်လာ အစစ်ပါပဲ။ အစစ်ကို သူတို့က ပုံဖျက်ပြီးတော့ ငွေလိမ်ဖို့ ကြိုးစားတာပေါ့။ အတုကို ဈေးချိုချိုနဲ့ လိုချင်တဲ့လူတွေ ရှိလာခဲ့ရင် အဲဒီလူဆီက ရလာမယ့်ငွေတွေကို သူတို့က လိမ်သွားမယ်။ အဲဒီလိုပဲ ကျနော်ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ ဘောလုံးအားကစားဟာ ခေတ်စားနေပြီး လူကြိုက်များလာတာမို့ ဘောလုံးကစားကြတဲ့ တချို့နိုင်ငံတွေက ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာနေတာကိုလည်း တွေ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

“အဓိကကတော့ ဒီမှာ Myanmar National League စဖွင့်ကတည်းက နိုင်ငံခြားသားတွေ ခေါ်ငှားတယ်၊ သွင်းတယ်၊ ဒီရောက်တော့ သူတို့လည်း ထိုက်သင့်တဲ့ ကြေးစား လစာတွေဘာတွေ ရတော့ ဗမာဘောလုံးဈေးကွက်ကို စိတ်ဝင်စားပြီးတော့၊ သူ့ရှေ့ကလည်း အဲဒီလို ဝင်လာကြတဲ့လူတွေ ရှိပါတယ်။ တချို့ဆို ဒီမှာ တပတ်လောက် နေသွားပြီး အဆင်မပြေတော့ ပြန်သွားရတာ အဲဒါမျိုးတွေ ကြားဖူးပါတယ်။

“ငွေစက္ကူလိမ်တာ အရှေ့ကတော့ အဲဒီလို အလိမ်ခံသွားရတယ် ဆိုတာ ကြားတော့ ကြားဖူးပါတယ်။ အခုလိုမျိုး လက်ပူးလက်ကျပ် မိခဲ့တာမျိုးတော့ မရှိဘူး။ မူးယစ်ဆေးကိစ္စတွေလည်း အဲဒီလိုပဲ၊ နိုင်ငံခြားသားတွေ ပါဝင် ပတ်သက်သွားတာတွေ ရှိတာ သိရတာပဲ။ ဒီနောက်ပိုင်းတော့ ဒီဟာက ထူးထူးခြားခြားကို ဖော်ထုတ်လိုက်နိုင်တာ တခုပေါ့လေ။”

ရန်ကုန်မြို့ခံတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခု ကင်မရွန်းနိုင်ငံက ဘောလုံးသမား ၂ ဦးကို လမ်းမတော် တရားရုံးမှာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၈၉(က) နဲ့ တရားစွဲဆိုထားပြီလို့လည်း ပြည်တွင်း သတင်းဂျာနယ်တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG