သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tell စကားလုံး အီဒီယံအသုံးအနှုန်း


ဒီတပတ် တင်ပြပေးမယ့် အမေရိကန် အီဒီယံအသုံးအနှုန်းများမှာ tell me about it နဲ့ tell it like it is တို့ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးမှာ tell me about it ဖြစ်ပါတယ်။ Tell က ပြောဆိုသည်၊ Me က မိမိကိုယ်၊ About It က အဲဒီအကြောင်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အဲဒီအကြောင်းကို ငါကို ပြောပါ ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ တစုံတရာကြောင့် ကိုယ်မှာ စိတ်အနှောက်အယှက် ဖြစ်လာရင် ကိုယ့်ရဲ့ ခံစားချက်ကို ဖော်ပြရာမှာ ပြောဆိုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

George Crows ပေးတဲ့ ဥပမာမှာ သူက လက်ထပ်တော့မယ့်ဆဲဆဲ လက်ထပ်ပွဲနဲ့ ပတ်သက်ပြီ စိတ်သောကဖြစ်စရာတွေ ဖြစ်လာတာကို ကြားသိရတဲ့အကြောင်းကို သူ့သူငယ်ချင်းက လာအမေးမှာ သူကပြန်ဖြေပုံ ဖြစ်ပါတယ်။ ပြန်ဖြေရာမှာ ဒီ အီဒီယံကို အသုံးပြုဖို့ ရည်ရွယ်ရင် ဘယ်လိုလေသံ လေးလေးနက်နက်နဲ့ ပြောရတယ်ဆိုတာကို ဂရုစိုက် နားထောင်ပါ။

"Hey, tell me about it. First, Susie's wedding grown caught fire at the dress-maker. Then, my best man Tom fell and broke his ankle. I'm going crazy trying to find somebody to take his place."

"ပြောမပြောချင်ပါဘူးခင်များ။ ပထမဦးဆုံး ဖြစ်ပုံကတော့ Susie ရဲ့ မင်္ဂလာဆောင်ဝတ်စုံက ချုပ်နေတဲ့ဆိုင်မှာ မီးလောင်းသွားတယ်။ အဲဒီနောက် ကျနော်သတိုးသား အရံ Tom လိမ့်ကျပြီး ခြေခြင်းဝတ် ကျိုးသွားတယ်။ ကျနော် သူ့အစား လူပျိုးရံ ရှာဖို့က ဦးဏှောက် ခြောက်စရာ ဖြစ်နေတယ်။"


နောက်အဓိပ္ပါယ်တမျိုးနဲ့လည်း tell me about it ကို သုံးလို့ရပါတယ်။ ဒီနေရာမှာ သူကို တခြားတယောက်က လာပြောထားလို့ ကြားသိထားတာကို နောက်ထပ်ပိုသိချင်လို့ မေးမြန်းရာမှာလည်း ဒီအသုံးကို သုံးစွဲပြောဆိုနိုင်ပါတယ်။

အခုတင်ပြပေးမယ့် ဥပမာမှာ George Crows က လူပြောတဲ့လူ နဲ့ သူကိုယ်တိုင် သိထားပြီး သူတို့နှစ်ယောက်စလုံး သဘောကျ နှစ်ခြိုက်မိတဲ့ အမျိုးသမီးငယ်တယောက်ဟာ သူထက် အသက်လည်းကြီး၊ နာမည်ပျက်လည်း ရှိထားတဲ့ အမျိုးသားတယောက်နဲ့ ငြိစွန်းနေတဲ့အကြောင်း သူ့မိတ်ဆွေက အံ့အားသင့် ပြောကြားပုံ ဖြစ်ပါတယ်။

"Yeah, tell me about it. This guy drinks, gambles, and spends money like water, but he's sure a way with women. I'm worried she ends up really getting hurt by this guy."

"အေးဗျာ ပြောစမ်းပါရစေ။ ဒီမောင်က အရက်သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ပြီးတော့ ငွေကို ရေလိုသုံးတယ်။ ဒါပေမယ့် သူက မိန်းမတွေ အကြောကောင်းကောင်းသိတယ်။ ဒီမောင်ကြောင့် အမျိုးသမီး တကယ်ဒုက္ခရောက်မှာကို ကျနော်စိတ်ပူပန်မိတယ်။"


ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ tell it like it is ဖြစ်ပါတယ်။ Tell က ပြောသည်၊ It is က အဲဒီအတိုင်းဖြစ်လို့ တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အဲဒီအတိုင်း ပြောခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း ဖြစ်ပါတယ်။ ဘယ်လိုမှ ကြားရတဲ့လူ သက်သာအောင် ဖာဖာထေးထေး ပြောဆိုခြင်း မရှိခြင်း၊ ဒဲ့ဒိုးပြောခြင်း ဖြစ်ပါတယ်။

သူ့အနေနဲ့ ဇနီးဖြစ်သူကို ကွားရှင်းခွင့် တောင်းရတဲ့အကြောင်း သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုတဲ့ ခင်ပွန်းသည်တဦးရဲ့ ပြောဆိုပုံအတိုင်း George Crows ပြောဆိုထားပုံကို လေ့လာကြည့်ရအောင်ပါ။

"To tell you like it is. I think you are the most selfish person on earth. You know why you don't care about our marriage. You don't share any interest with me. All you care about is your own career."

"ရှင်းရှင်းပဲပြောပါရစေ။ မင်းဟာ ကမ္ဘာပေါ်မှာ တကိုယ်ကောင်းအဆန်ဆုံးလူလို့ ကိုယ်ထင်တယ်။ ဘာလို့လဲသိလား။ မင်းဟာ ကိုယ်တို့ အိမ်ထောင်ရေးကို နည်းနည်းမှ ဂရုမစိုက်ဘူး။ စိတ်ဝင်စားမှုလည်း ဘာမှမရှိဘူး။ မင်းဂရုစိုက်တာကတော့ မင်းရဲ့ဘဝ တိုးတက်ရေးအတွက် မင်းအလုပ်အကိုင်ပဲဖြစ်တယ်။"


ဒီအသုံးနဲ့ ပတ်သက်ပြီး နောက်ထပ်တင်ပြပေးမယ့် အသုံးပြုပုံက နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်ကနေ သူ့ရဲ့ ဆရာသမားဖြစ်သူ လွှတ်တော်အမတ်နဲ့ ပတ်သက်လို့ လာမယ့်ရွေးကောက်ပွဲမှာ လူထုစစ်တမ်းအမြင်ကို ကောက်ခံခဲ့တဲ့ အဖြေများအကြောင်း အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့အချိန်တန်ပြီလို့ ယူဆတဲ့အကြောင်း George Crows ပေးထားတဲ့ ဥပမာဖြစ်ပါတယ်။

"Sir, you drop another 20 percent in the opinion poll. I tell it like it is. Voters are fed up with your silence on gun control and health care. If you don't say something quick, I'm afraid this time they vote you out of office."

"လူကြီးမင်းခင်များ။ လူထုစစ်တမ်းကောက်ခံရမှာ ထောက်ခံမှု နောက်ထပ် (၂၀) ရာခိုင်နှုန်း ကျဆင်းသွားပြန်ပြီ။ အရှိကိုအရှိတိုင်း ပြောချင်တာကတော့ လူကြီးမင်းက သေနတ်ထိန်းချုပ်မှုအပြင် ကျန်းမာရေးပြုစု စောင့်ရှောက်မှုတို့မှာ နူတ်ငုံတိတ်ဆိတ်နေတာနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေက စိတ်ပျက်နေကြတယ်။ တခုခုကို အမြန်မလုပ်ရင် ဒီတကြိမ် ရွေးကောက်ပွဲမှာ အရှုံးနဲ့တွေ့ရလိမ့်မယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG