သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူး လက်မှတ် လျှောက်လွှာတင်ရက် ပိတ်


ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် သက်တမ်းတိုးရမယ့်ရက် ဒီကနေ့ အဆုံးသတ်သွားခဲ့ပေမဲ့ မျှော်လင့်ထားသလောက်တော့ အလုပ်သမားတွေ မှတ်ပုံတင်တာမျိုး မရှိခဲ့ပါဘူး။ တရားဝင် မှတ်ပုံတင်ဖို့ ပျက်ကွက်သူတွေကိုတော့ ထိုင်းအစိုးရက နိုင်ငံကနေ မောင်းထုတ်မယ် ဆိုပြီး သတိပေးထားတာမို့ မြန်မာနိုင်ငံသားတွေ အပါအဝင် သန်းချီရှိနေတဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာတွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်လုပ်ကိုင်ဖို့ နိုင်ငံသားစိစစ်တဲ့ လုပ်ငန်းတွေကို ထိုင်းအာဏာပိုင်တွေက လက်ခံဆောင်ရွက်ပေးဖို့ သတ်မှတ်ရက် ကုန်ဆုံးသွားပေမဲ့ လျှောက်ထားခွင့်ရှိသူ အရေအတွက်ထက် အများကြီး လျော့နည်းပြီး မှတ်ပုံတင်ခဲ့ကြတာပါ။ အရင်က မှတ်ပုံတင်ခဲ့ဖူးသူတွေသာ အလုပ်လုပ်ကိုင်ခွင့် ယာယီ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့် ရကြတာဖြစ်ပြီး ဒီအထဲကမှ တဝက်လောက်ကသာ သတ်မှတ်ရက် ကုန်ဆုံးချိန်အထိ လျှောက်ထားခဲ့တာလို့ ရွှေ့ပြောင်း အလုပ်သမားများ တရားမျှတမှု ရရှိရေး အစီအစဉ် (Migrant Justice Program) က ညွှန်ကြားရေးမှူး အန်ဒီ ဟောလ် (Andy Hall) က ပြောပါတယ်။

“ကျနော်တို့ နားလည်ထားသလောက်ကတော့ ၆၀၀,၀၀၀၊ ၇၀၀,၀၀၀ လောက် ရှိနိုင်ပါတယ်။ မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေသာ အခု နိုင်ငံသား စိစစ်တဲ့ အစီအစဉ်မှာ လျှောက်ထားခွင့် ရှိတာပါ။ ဒီလို လျှောက်ထားခွင့်ရှိတဲ့ သူတွေကတော့ ၁,၄၀၀,၀၀၀ လောက် ရှိပါတယ်။”

သတ်မှတ်ရက် ကုန်ဆုံးချိန်အထိ လျှောက်လွှာ တင်ခဲ့သူတွေထဲက လိုအပ်တဲ့ စာရွက်စာတမ်း၊ အချက်အလက် မပြည့်စုံသူတွေ အနေနဲ့တော့ ဒီလကုန် နောက်ဆုံးထားပြီး ကျန်တဲ့ အချက်အလက်တွေကို ပေးသွားဖို့လည်း ရက်ထပ်တိုး သတ်မှတ်ခဲ့တာပါ။ တကယ်တော့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် အလုပ် လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားပေါင်း သန်းချီ ရှိနေတဲ့အထဲက ထိုင်းအစိုးရရဲ့ အစီအစဉ်အရ အရင်နှစ်တွေမှာ မှတ်ပုံတင်ပြီးသား လူဟောင်းတွေသာ အခု နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရှိပေမဲ့ ဒီအထဲကလည်း မျှော်လင့်ထားသလောက် အပြည့်အ၀ ပါမလာကြတာပါ။ ထိုင်းအစိုးရကတော့ မှတ်ပုံတင်မထားတဲ့ ကျန် သန်းချီရှိတဲ့ အလုပ်သမားတွေကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်တယ်လို့ ကြေညာထားတာပါ။

ဒါပေမဲ့လို့ ဒီလို ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ လက်တွေ့မကျလှသလို လိုအပ်ချက်တွေ ရှိနေတဲ့ ထိုင်းနိုင်ငံ စီးပွားရေးအတွက် အထောက်အကူလည်း မဖြစ်ဘူးလို့ ရွှေ့ပြောင်း အလုပ်သမားများ တရားမျှတမှု ရရှိရေး အစီအစဉ် ညွှန်ကြားရေးမှူး အန်ဒီ ဟောလ်က ပြောပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ ဒီလောက်များတဲ့ လူတွေ၊ ထောင်သောင်းချီ ရှိနေတဲ့ လူတွေကို နေရပ်ရင်း ပြန်ပို့ဖို့ဆိုတာ အင်မတန် ခက်ခဲလှတဲ့ ကိစ္စပါ။ လက်တွေ့လည်း မကျပါဘူး။ ဒီလိုပဲ စီးပွားရေးစနစ်မှာလည်း အလုပ်သမားတွေ လိုပါတယ်။ ထိုင်းလူမှုအသိုင်းအဝန်းနဲ့ လုပ်ငန်းရှင်တွေလည်း အလုပ်သမားတွေ လိုအပ်နေတာပါ။ ဒါကြောင့် ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုဟာ လက်တွေ့မကျပါဘူး။ ဒီလို ခြိမ်းခြောက်ရတဲ့ ရည်ရွယ်ချက်ဟာလည်း အလုပ်သမားတွေ ဒီလုပ်ငန်းစဉ်မှာ ပါလာအောင် တွန်းအားပေးတာသာ ဖြစ်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံမှာ လက်တလော ကြုံနေရတဲ့ နိုင်ငံရေး တင်းမာမှု ပြဿနာတွေဟာလည်း အလုပ်သမားတွေကို ပြန်ပို့ရေး အစီအစဉ်တွေ လုပ်ဆောင်ဖို့ ခက်ခဲနိုင်စရာ အကြောင်းတခု ဖြစ်နိုင်တယ်လို့လည်း ရွှေ့ပြောင်း အလုပ်သမားရေး လှုပ်ရှားနေတဲ့ အန်ဒီ ဟောလ်က ဆိုပါတယ်။

ထိုင်းအစိုးရက နိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင် အလုပ်လုပ်ကိုင်ခွင့် ပေးပြီး တရားမဝင် နေထိုင်သူတွေကိုတော့ ပြန်ပို့မယ်လို့ ကြေညာခဲ့တဲ့နောက် လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ စောင့်ကြည့်သူတွေရဲ့ ဝေဖန်မှုတွေလည်း နောက်ဆက်တွဲ ထွက်ပေါ်လာခဲ့တာပါ။ ဒါဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ် ဆိုပြီး ပြောခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေအပေါ် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ဂျနီဗာမှာ ကျင်းပနေတဲ့ ၉၉ ကြိမ်မြောက် အစည်းအဝေးမှာလည်း ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးတာမျိုး မရှိဘူးဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG