သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဥပဒေပညာရှင်တွေ ကြားနာ


မနေ့က ကုလသမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်မြို့မှာ မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ကြားနာပွဲ ပြုလုပ်ရာမှာ ဒီအဖြစ်အပျက်တွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု မြောက်တယ်လို့ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ ဒီပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ မခင်ဖြူထွေးကို မခွာညိုက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီး ၁၂ ဦးက လူ့အခွင့်အရေး ချိုးဖောက်တာတွေကို သူတို့ကိုယ်တိုင် ခံစားရတာတွေကို ပထမဦးဆုံးအကြိမ် အမေရိကန် ပြည်ထောင်စုမှာ လာပြီးတော့ သက်သေခံ ထွက်ဆိုတာ ဖြစ်ပါတယ်။ ဒီလို သက်သေထွက်ဆိုတဲ့ နေရာမှာ ခုံရုံးသဘောမျိုး ပြင်ဆင်ပြီးတော့မှ တရားသူကြီး ၄ ဦးက သူတို့ရဲ့ ထွက်ဆိုချက်တွေကို နားထောင်တယ်။

ဒီတရားသူကြီး ၄ ယောက်ထဲမှာ ၁၉၉၇ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီ ဝီလီယံ (Jody Williams)၊ ၂၀၀၆ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အီရန်နိုင်ငံက အမျိုးသမီး လှုပ်ရှားသူ ရှီရင်း အီဘာတီ (Shirin Ebadi)၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ကွာဟမ် နိုင်ငံရေး လေ့လာရေးကျောင်းက ပါမောက္ခ စိန်ဆူးရှင်း၊ သူကလည်း တရားသူကြီး ၄ ယောက်ထဲက တယောက်၊ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်က ဥပဒေပညာရှင် ပါမောက္ခ ဗီတစ် မွန်တာဘွန်၊ သူတို့တွေက တရားသူကြီးတွေ အနေနဲ့ သက်သေခံ ထွက်ဆိုတာတွေကို ကြားနာပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေက သူတို့ကိုယ်တိုင် ကြုံတွေ့ရတဲ့ အမျိုးသမီး ၁၂ ယောက်ရဲ့ အကြောင်းအရာတွေကို နားထောင်ပြီး ဒီအပေါ်မှာ သုံးသပ်ချက်တွေ ပေးကြတာ ဖြစ်ပါတယ်။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကိုယ်တိုင် လာပြီး ထွက်ဆိုကြတယ်ဆိုတော့ ဘယ်လို အမျိုးသမီးတွေလဲ၊ ဘယ်အရပ်က လာကြသလဲ၊ အဲဒါလေး ပြောပြပေးပါ။

“ဒီလို သက်သေထွက်ဆိုတဲ့ နေရာမှာတော့ အမျိုးမျိုးပါပဲ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပုံစံ အမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ လူတွေက ဒီမှာလာပြီး ပြောကြတာဆိုတော့ အစိတ်အပိုင်းအားဖြင့် သုံးမျိုး ခွဲထားတယ်။ ဥပမာ မုဒိမ်းကျင့်ခံရတဲ့ ကိစ္စမျိုးတွေက အမျိုးသမီးတွေအပေါ်မှာ တိုက်ရိုက် အကြမ်းဖက်ခံရတဲ့ အခြေအနေတွေအကြောင်း၊ ကချင်ပြည်နယ်က ဆယ်ကျော်သက် အမျိုးသမီးလေး တယောက်ကလည်း မြန်မာစစ်သားတွေက ဝိုင်းပြီး သူ့ကို မုဒိမ်းကျင့်ခံရတဲ့ အခြေအနေပေါ့၊ အဲဒီ သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံကို ပြောပြတယ်။ ဒါပေမဲ့ သူကတော့ ကိုယ်တိုင် မလာရောက်နိုင်တဲ့အတွက် သူ့ရဲ့ကိုယ်စား ဒီမှာရှိတဲ့ တယောက်က သူ့ရဲ့ သက်သေထွက်ဆိုချက်ကို ဖတ်ကြားပေးတာ ရှိတယ်။

“ဒါပေမဲ့ အဓိက သက်သေထွက်ဆိုတဲ့သူတွေ တင်ပြသွားတဲ့ အကြောင်းအရာတွေထဲမှာ မုဒိမ်းကျင့်ခံရတဲ့ ကိစ္စတွေ၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းခံရတာတွေ၊ ရွာတွေမှာ နေအိမ်တွေကနေ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ အထဲမှာ ကိုယ်တိုင်ခံစားရတဲ့ သူတွေပေါ့၊ နောက် နိုင်ငံရေး အကျဉ်းသားတွေ ဆိုရင်လည်း အကျဉ်းထောင်တွင်းမှာ သူတို့တွေ ဘယ်လို ညှဉ်းပန်းနှိပ်စက်ခံရတယ် ဆိုတဲ့အကြောင်း၊ သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေးတွေ၊ နိုင်ငံရေး လှုပ်ရှားခွင့် အခွင့်အရေးတွေ ဘယ်လိုဆုံးရှုံးရတယ် ဆိုတဲ့အကြောင်းတွေကို သူတို့တွေက တရားသူကြီးတွေရှေ့မှာ သက်သေထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။”

ကြားနာမှုကို နိုင်ငံတကာက တရားသူကြီးတွေရော၊ ဥပဒေ ပညာရှင်တွေပါ လာပြီး ကြားနာတယ်ဆိုတော့ နိုင်ငံတကာ ဥပဒေကို စံထားပြီး ဘယ်လိုသုံးသပ်သွားပါလဲ၊ ဗမာပြည်က အခြေအနေနဲ့ ပတ်သက်ပြီးတော့။

“သက်သေထွက်ဆိုသွားတဲ့ လူတွေကို နားထောင်ခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ ပြည်တွင်း ဥပဒေတွေကိုရော၊ နိုင်ငံတကာ ဥပဒေတွေကိုရော ကျူးလွန်နေတယ်ဆိုတာ ထင်ရှားတယ်၊ တကယ့်ကို လူသားမဆန်တဲ့ အစိုးရ၊ ပြည်သူတွေကို ကာကွယ်ပေးရမယ့် အစား ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အစိုးရတရပ် ဖြစ်တယ်၊ မြန်မာနိုင်ငံဟာ အခြေခံ လူ့အခွင့်အရေးတွေကို လုံး၀ လျစ်လျူရှု ခံနေရတဲ့နိုင်ငံ ဖြစ်တယ်ဆိုတာကို သူတို့တွေက သက်သေခံ ထွက်ဆိုသွားတဲ့ အပေါ်မှာ မူတည်ပြီးတော့ သုံးသပ်ချက် ပေးတာတွေ ရှိပါတယ်။

“အဲဒီအထဲမှာ ထိုင်းနိုင်ငံက ဥပဒေ ပညာရှင် ဗီတစ် မွန်တာဘွန်က ဆိုရင် ယုံနိုင်စရာတောင် မကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးကို သူတို့ ဒီနေ့မှာ ကြားရတယ်ပေါ့။ အခုလိုဖြစ်တာဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ မရှိလို့ ဖြစ်နေတာ၊ ဒီအခွင့်အရေးတွေကို ပြည်သူတွေဟာ အလုခံထားရတယ် ဆိုပြီးတော့ သူက သုံးသပ်ပြောဆိုတာ ရှိပါတယ်။

“တောင်ကိုရီးယား တရားသူကြီး တယောက်က ဆိုရင်လည်း ဒီအဖြစ်အပျက်တွေကို သူ နားထောင်ရတာဟာ သူ့ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြန်ပြီး သတိရစေတယ်လို့ သူက ပြောတယ်။ ဥပမာ သူ ၁၉၇၀၊ ၈၀ ခုနှစ်တွေတုန်းကဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ သူတို့လည်း ကြုံခဲ့ရတယ်လို့ သူက ပြောတယ်။ သူ့ရဲ့အမျိုးသားဆိုရင် ထောင် ၃ နှစ် ကျခဲ့တယ်။ သူတို့ကိုယ်တိုင်လည်း ဒါတွေကို ဖြတ်သန်းခဲ့ဖူးတယ်။

“ဒါတွေဟာ တကယ့်ကို မထင်ရက်စရာ အခြေအနေတွေ ဖြစ်တယ်။ အဲဒီလို အခြေအနေတွေ ရောက်တိုင်း၊ ရောက်တိုင်းမှာလည်း သူတို့တွေရဲ့ အဓိက မျှော်လင့်ချက်က ပြည်ပဖိအား ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း အခုလိုဖြစ်နေတဲ့ အခြေအနေတွေမှာ မြန်မာနိုင်ငံမှာ ဒီနေ့ အဓိက လိုအပ်နေတာလည်း နိုင်ငံတကာ ဖိအားပါဆိုပြီး သူက ပြောဆိုသွားပါတယ်။”

နိုင်ငံတကာက တရားသူကြီးတွေနဲ့ ဥပဒေ ပညာရှင်တွေကလည်း သုံးသပ်ပြီးသွားပြီဆိုတော့ ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘယ်လို ဆောင်ရွက်နိုင်မယ့် အလားအလာတွေ မြင်ရသလဲဆိုတာ မခင်ဖြူထွေး မြင်သလောက် ပြောပြပေးပါဦး။

“အခု ကျမပြောနေတဲ့ အချိန်မှာကို ဒီနေ့ အစီအစဉ်တွေက မပြီးသေးပါဘူး။ နောက်ထပ် သက်သေခံ ထွက်ဆိုမယ့် အမျိုးသမီးလည်း ၄ ဦးကျန်သေးတယ်။ သူတို့အားလုံး ၁၂ ယောက် သက်သေခံပြီးသွားပြီ ဆိုရင်တော့ တရားသူကြီးတွေချည်းပဲ ဆုံပြီးတော့ သူတို့ ကြားနာခဲ့ရတဲ့ အချက်အလက်တွေ၊ သူတို့ အရင်တုန်းက မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ရှာဖွေရရှိထားတဲ့ အချက်အလက်တွေကို တရားသူကြီးတွေက ပြန်ပြီး သုံးသပ်မှာ ဖြစ်ပါတယ်။

“အဲဒီလို သုံးသပ်ပြီးသွားရင် တရားသူကြီးတွေက အစီရင်ခံစာ ထုတ်ပြန်ပြီးတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေကို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက စနစ်တကျနဲ့ကို ဖြစ်နေတယ်၊ နိုင်ငံတကာ ဥပဒေ ပုဒ်မ ဘယ်အပိုဒ် ဘယ်အပိုဒ်အရ မြန်မာစစ်အစိုးရဟာ ဒီဥပဒေတွေကို ချိုးဖောက်နေပါတယ် ဆိုပြီးတော့ သူတို့တွေက ဥပဒေ အချက်အလက်တွေနဲ့ ကိုးကားပြီး မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေ သူတို့ ကြားနာခဲ့ရတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူတို့က အစီရင်ခံစာကို ထုတ်မှာပါ။ မြန်မာစစ်အစိုးရကိုလည်း ဒီအခြေအနေတွေက ရပ်တန်းက ရပ်ပါဆိုတဲ့ တိုက်တွန်းမှုမျိုးတွေကို သူတို့က လုပ်သွားဖို့ ရှိပါတယ်။”

အဲဒီလို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တွေက ကမကထပြုပြီးတော့ နိုင်ငံတကာက ဥပဒေ ပညာရှင်တွေနဲ့ တရားသူကြီးတွေ ပါဝင်တဲ့ ကြားနာပွဲကနေ အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရဆီကိုလည်း ပေးပို့မှာ ဖြစ်ကြောင်းနဲ့ ဒီနေ့ဆိုရင် ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာ မြန်မာပြည်တွင်းက အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ အတွက် ဆုတောင်းပွဲလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG