သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျား၊ မ တန်းတူရေး နိုင်ငံတွေ ကျင့်သုံးဖို့ ဘန်ကီမွန်း တိုက်တွန်း


ကမ္ဘာပေါ်မှာ ရှိသမျှ အမျိုးသမီးနဲ့ မိန်းကလေးတွေ အားလုံးမှာ ဆင်းရဲမွဲတေမှု၊ မမျှတမှု၊ မလုံခြုံမှု၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုတွေ မရသ၍၊ ဒီအခြေအနေတွေ ရင်ဆိုင်နေရသ၍ အမျိုးသမီးတွေမှာ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရဖို့ ဆောင်ရွက်ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောလိုက်ပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းရည် မြှင့်တင်စေဖို့ အတွက်လည်း လုပ်ရမယ်လို့ မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် မာဂရက် ဘက်ရှီးယား (Margaret Besheer) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို မမေငြိမ်းက တင်ပြပေးထားပါတယ်။

တကမ္ဘာလုံးမှာ ကျင်းပကြမှာဖြစ်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့က လာမယ့် ၈ ရက်နေ့၊ တနင်္လာနေ့မှာမှ ကျရောက်မှာ ဖြစ်ပေမဲ့ ကုလသမဂ္ဂ ရုံးချုပ်မှာတော့ ကမ္ဘာအနှံ့က အမျိုးသမီး ၂,၀၀၀ ကျော် တက်ရောက်နေတဲ့ နိုင်ငံတကာ အမျိုးသမီးများ ကော်မရှင်ရဲ့ ညီလာခံနဲ့ စတင်ကျင်းပလိုက်ပြီ ဖြစ်ပါတယ်။ ဘေဂျင်း ကြေညာစာတမ်းဆိုတဲ့ သဘောတူညီချက်ထဲက အချက်အလက်တွေကို လွန်ခဲ့တဲ့ ၁၅ နှစ်မှာ စတင် ဆောင်ရွက်လိုက်ချိန် ကတည်းက စလို့ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တိုးတက်ဖြစ်ပေါ်မှုတွေကို ဒီ နိုင်ငံတကာ အမျိုးသမီး ညီလာခံမှာ ပြန်လည်သုံးသပ်တာ ဖြစ်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ အမျိုးသမီးတွေကြားမှာ ငြိမ်းချမ်းရေးရဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တန်းတူအခွင့်အရေးတွေ ပိုပြီး တိုးတက် ဖြစ်ပေါ်လာဖို့ ဆိုတာတွေကိုလည်း အခြေခံမူတွေအဖြစ် နိုင်ငံတကာ အမျိုးသမီးများ ကော်မရှင်က ချမှတ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကတည်းက စပြီး အတူယှဉ်တွဲ လုပ်ကိုင်ခဲ့ကြတဲ့အတွက် တိုးတက်မှုတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်၊ ဒီ့အတွက် လူတိုင်း ဂုဏ်ယူသင့်တယ်၊ ဒါပေမဲ့ ဒီလောက်နဲ့တော့ ကျေနပ် မနေသင့်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ပြောကြားပါတယ်။

“ကျား၊ မ တန်းတူ အခွင့်အရေးနဲ့ မျိုးပွားမှု ကျန်းမာရေး ဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းတွေ၊ ဥပဒေပိုင်းတွေ အခုဆိုရင် နိုင်ငံတော်တော်များများမှာ တိုးတက်မှုတွေ ရလာပါတယ်။ မိန်းကလေး အများစုဟာ အထူးသဖြင့် အခြေခံပညာရေး အဆင့်တော့ ရနေကြပါပြီ။ အမျိုးသမီးတွေဟာလည်း လုပ်ငန်းကိုင်ငန်းတွေ ပိုလုပ်လာနိုင်သလို ချေးငွေတွေလည်း ရယူနိုင်ကြပါပြီ။ အဲဒါအပြင် အစိုးရကဏ္ဍမှာလည်း အမျိုးသမီးတွေ ပါဝင်မှု ပိုများလာပါပြီ။”

မစ္စတာ ဘန်ကီမွန်းက ဒီလို အောင်မြင်မှုတွေ ရဖို့အတွက် အမျိုးသမီးအဖွဲ့တွေ အပါအဝင် လူမှု အဖွဲ့အစည်းတွေမှာ အဓိက တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။

“ကမ္ဘာ့နေရာတိုင်းက အမျိုးသမီးတွေဟာ တန်းတူ အခွင့်အရေးနဲ့ စွမ်းရည်မြှင့်တင်မှုတွေ အတွက် လှုံ့ဆော် ဆောင်ရွက်နေကြသလို အောင်မြင်မှုတွေလည်း ရရှိနေပါပြီ။”

ဒါပေမဲ့လည်း အမျိုးသမီးတွေအပေါ် တရားမျှတမှု မရှိတာတွေ၊ ခွဲခြား ဆက်ဆံတာတွေဟာလည်း ကမ္ဘာအနှံ့အပြားမှာ ဆက်ရှိနေဦးမှာပါလို့လည်း သူက သတိပေးပါတယ်။ ဒီလို အခြေအနေတွေဟာ အမျိုးသမီးတွေ အပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင်ပြီးတော့ အဆိုးဆုံးကတော့ အကြမ်းဖက်မှု၊ အရွယ်မတိုင်ခင် အဓမ္မ အိမ်ထောင်ချထားမှု၊ အလိုမတူဘဲ လက်ထပ်ရမှုတွေ အပြင် မျိုးရိုးဂုဏ်သိက္ခာကို ထိခိုက်စေလို့ ဆိုပြီး မိန်းကလေးတွေကို သတ်ပစ်တာမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရမှုတွေနဲ့ လူကုန်ကူးမှုတွေဟာလည်း အမျိုးသမီးတွေအပေါ် ညှဉ်းပန်းနှိပ်စက်တာတွေပဲ ဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံတာကို တိုက်ဖျက်ရေး လုပ်ဆောင်ရမယ့် နည်းလမ်းတွေထဲမှာတော့ မျှတ မှန်ကန်တဲ့ အစီအစဉ်တွေ၊ အမျိုးသမီးတွေအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပေးနိုင်တဲ့ အမျိုးသမီး အဖွဲ့အစည်းတွေ ဖန်တီးပေးဖို့ ဆိုတာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မစ္စတာ ဘန်ကီမွန်းက အမျိုးသမီးတွေရဲ့ အဲဒီ အခွင့်အရေးတွေ အတွက် သူလည်း ဦးဆောင်ပြီး ကြိုးစားသွားမယ်လို့ ပြောပါတယ်။ မစ္စတာ ဘန်ကီမွန်းရဲ့ အတွင်းရေးမှူးချုပ် သက်တမ်းတလျှောက်မှာ ကုလသမဂ္ဂရဲ့ အဆင့်မြင့် ရာထူးနေရာ ဌာနတွေမှာ အမျိုးသမီးတွေကို ၄၀% အထိ ခန့်အပ်ထားပြီးသား ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG