သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဇိုယာဖန်း ရွေးချယ်ခံရ


မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ မဇိုယာဖန်းကို ကမ္ဘာ့စီးပွားရေး ဖိုရမ်ကနေ Young Global Leaders လို့ခေါ်တဲ့ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် အသိအမှတ်ပြုပြီး ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းပြီး လူငယ်အများအပြားထဲကမှ အခုလို ဂုဏ်ပြုရွေးချယ်ခံခဲ့ရတဲ့ မဇိုယာဖန်းကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ဂုဏ်ပြုရွေးချယ်ခံရတဲ့ စာရင်းထဲမှာ ပါဖို့ ပဏာမအဆင့်မှာ အသက် ၄၀ ကနေ အောက် လူငယ်ပေါင်း ၅,၀၀၀ လောက် အမည်စာရင်း တင်သွင်းခံခဲ့ရပြီး နောက်ဆုံး ဆန်ခါတင်အဖြစ် နိုင်ငံပေါင်း ၇၂ နိုင်ငံက လူငယ်ခေါင်းဆောင် ၁၉၇ ယောက်ထဲမှာ မဇိုယာဖန်း ပါဝင်ခဲ့တာပါ။

ရွေးချယ်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကလည်း စည်းမျဉ်းစည်းကမ်း တင်းကျပ်လှပြီး အမည်စာရင်း တင်သွင်းခံရသူတွေကို အမေရိကန်နိုင်ငံက Heidrick & Struggles ဆိုတဲ့ သုတေသန ကုမ္ပဏီက ပထမအဆင့် အသေးစိတ် စိစစ်ပါတယ်။ ရွေးချယ်ရေး လုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်မှာ ဂျော်ဒန်ဘုရင်မ ရာနီယာ အယ်လ် အဗ္ဗဒူလာ (Rania Al Abdullah) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကမ္ဘာတဝန်း သတင်းမီဒီယာ လောကထဲက ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ ရွေးချယ်ရေးအဖွဲ့က ဆန်ခါတင် လူငယ်ခေါင်းဆောင်တွေကို ရွေးချယ်တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဒေသကြီး ၇ ခုက လူငယ် ၂၀၀ နီးပါးနဲ့အတူ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် မြန်မာနိုင်ငံကနေ ရွေးချယ်ခံရတဲ့အပေါ် သူခံစားရတဲ့ အဓိပ္ပာယ်ကို မဇိုယာဖန်းက အခုလို ပြောပြပါတယ်။

“အဓိက ကျမတို့ မြန်မာပြည်မှာ လှုပ်ရှားနေတဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသား လူနည်းစုတွေ အားလုံး အရေးအတွက်ပေါ့နော်၊ အဲဒါ ဒီ ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်တွေက ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို အသိအမှတ် ပြုတယ်လို့ ကျမက ယူဆပါတယ်။ နှစ်တိုင်း သူတို့ရွေးတာကတော့ ၂၀၀ လောက် ရွေးပါတယ်။ ဒီနှစ်ကျတော့ ၁၉၇ ယောက် ရွေးဖြစ်ပါတယ်။ နောက်ဆုံးရွေးတဲ့အချိန်မှာ ကျမလည်း ပါသွားတယ်ဆိုတော့ ကျမ အင်မတန်ကို ဝမ်းသာမိပါတယ်။”

ဒီလို ဂုဏ်ပြုရွေးချယ် ခံရတဲ့အတွက် မဇိုယာဖန်း ရှေ့ဆက်လုပ်သွားမယ့် လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေမှာ ဒီဆုရဲ့ အကျိုးသက်ရောက်မှု၊ အထောက်အပံ့ဖြစ်မှု ဘယ်လောက်ထိရှိမယ်လို့ မျှော်လင့်ထားပါလဲခင်ဗျ။

“ဟုတ်ကဲ့၊ ပထမအဆင့်ကတော့ မြန်မာပြည်အရေးကို မြန်မာပြည်အကြောင်း တခါမှ မသိဘူးတဲ့လူတွေ ပိုပြီးတော့ စိတ်ဝင်စားလာမယ်၊ ဒီ World Economic Forum ကနေ တဆင့်ပေါ့နော်။ ပြီးတော့ ဒုတိယအဆင့်ကျတော့ ကျမက ဒီ ကျန်တဲ့ အခြား လူငယ်ခေါင်းဆောင်တွေနဲ့ တွဲပြီးတော့ သူတို့လည်း မြန်မာပြည်အရေးကို ပိုမိုပြီးတော့ စိတ်ဝင်စားလာအောင် သူတို့ကဏ္ဍအနေနဲ့ တခုခု လှုပ်ရှားပေးနိုင်ဖို့ ကျမ ဆက်လက်ပြီးတော့ သူတို့နဲ့ တွဲပြီးတော့ လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်။

“ပြီးတော့ တဆက်တည်းမှာပဲ သူတို့ နှစ်တိုင်းလုပ်နေတဲ့၊ ကျင်းပနေတဲ့ သူတို့ရဲ့ အစည်းအဝေးကြီးတွေပေါ့နော်၊ ကျမ တက်ရောက်ပြီးတော့ မြန်မာပြည်အကြောင်းကိုလည်း ဆွေးနွေးခွင့်ရရင် ကျမ ဆက်လက်ပြီးတော့ အဲလိုမျိုးသွားပြီး မြန်မာပြည်အရေးကို တင်ပြမှာ ဖြစ်ပါတယ်။”

မဇိုယာဖန်းက လူငယ်တယောက်အနေနဲ့ အခုလို ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ခေါင်းဆောင်တွေက ဂုဏ်ပြု ရွေးချယ်လိုက်တဲ့အတွက် မြန်မာနိုင်ငံက လူငယ်ထုပေါ့နော်၊ မဇိုယာဖန်းလို လူငယ်တွေ ဒီလိုမျိုး ကမ္ဘာ့စင်မြင့်ပေါ်မှာ နောက်ပိုင်း ဂုဏ်ပြု ချီးမြှောက်ခံလာရနိုင်တဲ့ အလားအလာကိုရော မဇိုယာဖန်း ဘယ်လို သုံးသပ်မိပါလဲ။

“ဟုတ်ကဲ့၊ ကျမတို့ တိုင်းပြည်မှာက လူငယ်အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ကျမတို့ လှုပ်ရှားမှုဘက်မှာ ကြည့်မယ်ဆိုရင် ထူးချွန်တဲ့ လူငယ်ပေါ့နော်၊ အဓိက အမျိုးသမီးတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ တိုင်းပြည်က အခုလက်ရှိ အခြေအနေပေါ်မှာ ကြည့်ရရင်တော့ နိုင်ငံတကာဘက်မှာ သူတို့ ဒီလိုမျိုး ဂုဏ်ပြုပြီးတော့ ဒီလိုမျိုး အသိအမှတ်ပြုတာတွေ နည်းသေးတယ်လို့ ကျမမြင်ပါတယ်။ တခြားနိုင်ငံထက် စာရင်ပေါ့နော်။ အဲဒါကြောင့် ကျမတို့ မြန်မာပြည်ကလာတဲ့ လူငယ်တွေ ဆက်လက်ပြီးတော့ ကြိုးစားရမယ်၊ ကျမတို့ ကြိုးစားပြီးတော့ လုပ်သလို အကျိုးသက်ရောက်မှုတွေလည်း ကျမ တဖြည်းဖြည်း မြင်လာရပါတယ်။

“အဲဒါကြောင့် ပြည်တွင်းထဲက ရှိတဲ့လူငယ်တွေ အားလုံး ကျမ အားပေးချင်ပါတယ်။ ကျမတို့ တိုင်းပြည်အတွက်ပေါ့နော်၊ ကျမတို့ တတ်နိုင်တဲ့ကဏ္ဍ ဖြစ်ဖြစ်ပေါ့နော်၊ ကျမတို့ ဆက်လက်ပြီးတော့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး၊ ပြီးတော့ တိုင်းရင်းသားတွေ အားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်နိုင်ဖို့ အတွက်ပေါ့နော်၊ ကျမတို့ အတူတူ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျမ အမြဲတမ်း ကြိုးစားနေမှာ ဖြစ်ပါတယ်။”

၂၀၁၀ ပြည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာ့ လူငယ်ခေါင်းဆောင် တဦးအဖြစ် ရွေးချယ် ဂုဏ်ပြုခံခဲ့ရသူ မဇိုယာဖန်း ပြောပြသွားတာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ လူငယ်ခေါင်းဆောင်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ ပညာရှင်၊ ယဉ်ကျေးမှု၊ အနုပညာ စတဲ့ နယ်ပယ်စုံက ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပါဝင်တဲ့ အရှေ့အာရှ ဒေသကနေ ဒီနှစ်အတွက် ၄၃ ယောက် ရွေးချယ်ခံရပြီး ASEAN အရှေ့တောင်အာရှ နိုင်ငံတွေထဲက ဆိုရင်တော့ မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က လူငယ်တွေ ရွေးချယ်ခံရပါတယ်။ ဒီထဲမှာမှ စင်ကာပူနိုင်ငံက လူငယ် ၄ ယောက် ရွေးချယ်ခံရပြီး အများဆုံး ဖြစ်ပါတယ်။

မဇိုယာဖန်းဟာ လုပ်ကြံခံရလို့ ကွယ်လွန်သွားတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တဦးဖြစ်သူ ဖဒို မန်းရှာလဖန်းရဲ့ သမီးတဦးဖြစ်ပြီး လက်ရှိမှာတော့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG