သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာဆရာ Larry Jagan ရဲ့ မြန်မာ့အရေးသုံးသပ်ချက်


စစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေ အလားအလာ၊ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ မူဝါဒသစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ထံပေးစာ စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြန်မာ့ရေးရာကျွမ်းကျင်သူ သတင်းစာဆရာ Larry Jagan နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးထားကြပါတယ်။

ဦးကျော်ဇံသာ။ ။ Larry Jagan အနေနဲ့ ယခုလက်ရှိ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရက မူဝါဒသစ်အရ မြန်မာစစ်အစိုးရကို ချဉ်းကပ်နေတာကို တွေ့ရပါတယ်။ အဲဒီအရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုအလားအလာ တစုံတရာမြင်ရပါသလား။

Larry Jagan ။ ။ ဝမ်းနည်ပါတယ်။ တိုးတက်မှုအလားအလာ မတွေ့ရသလောက်ပါဘဲ။ တစိတ်တဒေသအားဖြင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံရေးကို အေးတိအေးစက် လုပ်နေပါတယ်။ သူလိုချင်တဲ့ တခု တည်းသောအရာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးပါ။ ဒီအတွက် သူ့ဘက်က လိုက်လျောရမယ့် ကိစ္စက သူထင်တာထက် များနေတဲ့အတွက် ဒါကို သူစိတ်မဝင်စားတော့ပါဘူး။ အမေရိကန်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ကိစ္စကိုသာ အဓိကထားနေပါတယ်။ တကယ်လိုသာ အမေရိကန်က စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆွေးနွေးဖြစ်ရေးကိုသာ အဓိကထားတယ်၊ လိုလားတယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။ စစ်အစိုးရနဲ့ အမေရိကန် နှစ်ဘက်စလုံးက

ဒီလိုဖြစ်နေတဲ့အတွက် လောလောဆယ်မှာရှေ့မတိုးနိုင်တော့ပါဘူးဗျာ။

ဦးကျော်ဇံသာ ။ ။ ဒီလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်နိုင်ပါမလား။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည် ကျနော့်ကို အမြဲပြောဘူးပါတယ် သူ့လွတ်မြောက်ရေးက တွေ့ဆုံဆွေးနွေးရေးမှု ဖြစ်မြောက်ရေးလောက် အရေးမကြီးပါဘူးတဲ့။ ဗိုလ်ချုပ်မှုးကြီးနဲ့သာ တကယ် ဆွေးနွေးဖြစ်မယ်ဆိုရင် သူ့လွတ်မြောက်ရေးကို နောက်ချန်ထားလို့ ရပါတယ်။ ဆွေးနွေးဖြစ်ဖို့မယ်ဆိုရင် သဘောတူညီချက်ရရင် သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ၊ ထောက်လှမ်းရေးဟောင်းတွေအားလုံး ပြန်လွတ်မြောက်မှာပါ။ အရေးကြီးတာက ဖြစ်စဉ်ရှေ့ကို တိုးနိုင်ဖို့ နှစ်ဘက်ဆွေးနွေးနိုင်ဖို့ပါ။ ဒီလို ရှေ့တိုးနိုင်ဖို့၊ ဆွေးနွေးနိုင်ဖို့ ဆိုတာကလည်း ပြည်တွင်းက စတင်တဲ့ဖြစ်စဉ်သာ ဖြစ်ရပါလိမ့်မယ်။ ပြည်ပက လာလို့ မရနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ တခါ အမေရိကန်အစိုးရ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဒီမူဝါဒသစ်ကိစ္စကို ပြောတဲ့ နေရာမှာ ပြောပုံပြောနည်းက သင့်မြတ်ရေးလေသံထက် တင်းမာတဲ့သဘောရှိနေတယ်လို့ ကျနော် စဉ်းစားမိတယ်။ Larry ဘယ်လိုသဘောရပါသလဲ။

Larry Jagan ။ ။ ဟုတ်ပါတယ် Hillary Clinton အပါအဝင် အမေရိကန်အစိုးရတဖွဲ့လုံးဟာ ဒီကိစ္စ အခက်ကြုံနေရပါတယ်။ အမေရိကမှာ ဒီမိုကရေစီဘက်ကို ယိမ်းတဲ့ လှုပ်ရှားမှုတွေက သိပ်အားကောင်းပါတယ်။ အထူးသဖြင့် အရေးယူ ပိတ်ဆို့မှု တွေကို ပိုပြီးတင်းတင်းကြပ်ကြပ် ချမှတ်ဖို့ တောင်းဆိုနေကြတာပါ။ ဒါကို Hillary Clinton နဲ့ အမေရိကန်အစိုးရတို့က မူဝါဒ သစ်နဲ့ ယှဉ်ထိုးတွက်ချက်နေရတာပါ။ ဒါကြောင့် ဒီချဉ်းကပ်မှုဟာ မူဝါဒသစ်မဟုတ်ဘူး၊ အပြောင်းအလဲ မဟုတ်ဘူး ပြန်လည် တည်မတ်ထားတဲ့ကိစ္စ ဖြစ်တယ်လို့ ပြောနေရတာပါ။ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုကို ဆက်လုပ်ပြီး ဆွေးနွေးမယ်။ စစ်အစိုးရ က လျှော့လာမှ သူတို့ဘက်ကလည်း လျှော့မယ်ဆိုတဲ့ သဘောပါ။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာဆိုရင် စစ်အစိုးရနဲ့ အမေရိကန်အရာရှိတွေ တွေ့ဆုံမှုဟာ နှစ်ကြိမ်မြောက်ရှိခဲ့ပြီးဆိုတော့က စစ်အစိုးရက ကန်လိုက်တဲ့ဘောလုံးက ဟိုဘက်ကိုရောက်နေပြီ ဟိုဘက်က ပြန်ကန်ဖို့ဘဲ လိုတော့တယ်ဆိုပြီးတော့ တွက် နေကြတယ်။ အဲဒါကို Larry ဘယ်လို သဘောရပါသလဲ။

Larry Jagan ။ ။ ကျနော့်အမြင်မှာတော့ တဘက်နဲ့တဘက် အပြန်အလှန် ကစားနေတဲ့ game ပွဲစဉ်တရပ်အဖြစ်တောင် မရောက် သေးပါဘူး။ နှစ်ဘက်လုံးဟာ နောက်ဆုံးမျဉ်းပေါ်မှာ မတ်တပ်ရပ်နေကြပြီးတော့ တဘက်က စရွှေ့လာမလား ဆိုတာ စောင့်ကြည့်စောင့်ဆိုင်းနေကြတုန်းပဲ ဖြစ်ပါတယ်။ အမေရိကန်ဘက်ကတော့ ရွှေ့ချင်တဲ့ အရိပ်အကဲပြသထားပါပြီ။ မြန်မာဘက်က သိပ်အလေးနက် မဟုတ်ရင်တောင်မှ အရိပ်အရောင်လောက်တော့ ပြန်ပြသင့်ပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးတင်ဦး အပါအဝင် အန်အယ်လ်ဒီ စီအီစီ အားလုံးနဲ့ တွေ့ခွင့်ပေးရေးဟာ အချက်အချာ ကျပါ တယ်။ ဒီလို တွေ့ဆုံမှုမရှိဘဲ လုံးဝလုံးဝ ရှေ့ကို မတိုးနိုင်ပါဘူး။ ဒုတိယအချက်ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ သဘောတူရပါလိမ့်မယ်။ ဒါဆိုရင် အမေရိကန်ဘက်က အလျှော့ပေးရေးစကား ပြောလာ လိမ့်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်တို့ဟာ ဒီမြန်မာနိုင်ငံအရေးမှာ ချဉ်းကပ်မှုအသစ်ပြောင်းလာတဲ့ ကိစ္စမှာ ရည်ရွယ်ချက်က သူတို့အကျိုးအတွက်ဘို့ဘဲ မဟုတ်လား။ အဓိက, ကတော့ တရုတ်နိုင်ငံ လွှမ်းမိုးမှုအောက်က မြန်မာနိုင်ငံကို ဆွဲထုတ် ချင် တယ် သူတို့ဘက်ကို ပါလာစေချင်တယ်။ ဒီလောက်ကြီးမားတဲ့ အကျိုးစီးပွားကို အမေရိကန်က စတေးခံမလား မြန်မာ့ အရေးမှာ သူဆွေးနွေးတာ မအောင်မြင်ဘူးဆိုရင် စတေးလိုက်မလား၊ စွန့်လွှတ်လိုက်မယ် ထင်သလား။

Larry Jagan ။ ။ အမေရိကန် မူဝါဒ ပြောင်းလဲရတာ အကြောင်းရင်းတွေ အများကြီးပါ။ ဒီအထဲမှာ မြန်မာနိုင်ငံအပေါ် တရုတ်သြဇာလွှမ်းမိုးမှုကို စိုရိမ်မှုကိစ္စကလည်း တချက်ဆိုတာ သံသယ မရှိပါဘူး။ အထက်လွှတ်တော်အမတ် Jim Webb က ဒီအချက်ကို သိပ်အလေးထားပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ သမ္မတ Obama နဲ့ ဝန်ကြီး Clinton တို့က မြန်မာ ပြည်သူ တွေရဲ့ လူ့နေမှုအဆင့်အတန်းနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အလေးအနက်ထားတယ်လို့ ယုံကြည်ပါတယ်။ သူတို့ဟာ လူမှန်နေရာမှန်တွေပါ။ ပြဿနာက အမေရိကန်တွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စကိုပဲ သိပ် အလေး ထားနေကြတဲ့ကိစ္စပါ။ ဒီကိစ္စကြောင့် မြန်မာပြည်သန်းပေါင်း ၅၀ ကျော်လောက် အကျိုး ဆုံးရှုံးရမယ်သဘော ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါက အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့သဘောပေါ့။ စစ်အစိုးရဘက်က ပြန်ကြည့်ရင် စစ်အစိုးရကလည်း သူတို့အပေါ်မှာ ထားရှိတဲ့ ပိတ်စို့အရေးယူမှုကို ရုတ်သိမ်းစေချင်တယ်၊ နိုင်ငံတကာ အသိုင်အဝိုင်းမှာ သူတို့ဝင်ဆန့်ချင်တဲ့ ရည်ရွယ်ချက်တွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ ထားပြီးတော့ ဒီလိုအချက်တွေ အောင်မြင်နိုင်တဲ့ အခြေအနေ ရှိရဲ့သာနဲ့ အဲဒီရည်ရွယ်ချက်ကို စတေးမလား။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ကောင်း မလွှတ်နိုင်ဘူးလား၊ ဒီနေရာမှာ မလွှတ်ပေးနိုင်ဘူးလား။

Larry Jagan ။ ။ ကျနော်တို့လို့ လေ့လာသုံးသပ်နေသူတွေကတော့ ပိတ်စို့အရေးယူ ဒဏ်ခတ်မှုတွေ ရုတ်သိမ်းမယ်၊ တဘက် က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ game လုပ်နေကြတယ်ဆိုတာမျိူး သုံးသပ်ရတာကို ပိုကြိုက်ကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ဒီလောက် ညံ့တယ်၊ နုံအလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှု ရုပ်သိမ်းရေးဆိုတာ ချက်ချင်း မဖြစ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဖြေးဖြေးခြင်း ဝင်ဆန့်ဖို့အတွက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ပေးဘို့ မလိုဘူးလို့ သူတို့က တွက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကရော ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ ဘာဖြစ်လို့ ဒီလောက် တောင် ကြောက်ရွံနေရတာလဲ။

Larry Jagan ။ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မပါဝင်စေချင်ပါဘူး။ ဘယ်နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုတွေမှာလည်း မပါစေချင်ပါဘူး။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ လာမယ့် ရွေးကောက်ပွဲမှာ ပါလာရင် သူရဲ့ အာဏာတည်မြဲရေးနဲ့ သူ့မိသားစု လုံခြုံရေး အန္တရာယ်ရှိနိုင်မယ်လို့ ဗိုလ်ချုပမှုးကြီးက တွက်နေလိုပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပြီ။ Larry ရော ဘယ်လိုထင်သလဲ။ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့ လုံခြုံရေးအတွက် အန္တရာယ်ပြုနိုင်မယ် ထင်သလား။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့ရဲ့ စိုးရိမ်မှုက တကယ်ရော လက်တွေ့ ကျပါရဲ့လား။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မိသားစုအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်တယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အရပ်သား အစိုးရတရပ် တက်လာရင်တော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ မိသားစု စီးပွားရေးသာမက ကျန်တဲ့စီးပွားရေးလုပ်ငန်းအားလုံးဟာ စနစ်တကျ စစ်ဆေးမှုတွေနဲ့ စည်းကမ်း ဥပဒေတွေနဲ့ အညီ လုပ်လာကြရမှာတော့ သေချာပါတယ်။ တကယ်တော့ ဒီလိုစည်းနဲ့ကမ်းနဲ့ ဥပဒေစနစ်တကျရှိဖို့ဆိုတာ တကယ် လိုအပ်တဲ့ ကိစ္စပါ။ ဒါမှလည်း မြန်မာနိုင်ငံ တိုးတက်နိုင်မှာပါ။ ဒါကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီတို့က လိုလားကြမယ် ထင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကို ပြစ်ဒဏ်ခတ်ဖို့ကိုတော့ သူတို့လိုလားမယ် မဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ် မတ်လမှာ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးတွေ့ခဲ့တုန်းက သူက ကျနော်ကို ပြောခဲ့ပါတယ်။ သူတို့ဟာ စစ်အစိုးရကို ဒဏ်ခတ်ဖို့ကို မလိုလားပါဘူး။ လူတဦးတယောက်အတွက် လူ့တစုအတွက်မဟုတ်ဘဲ တတိုင်းပြည်လုံး အတွက် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့ လိုလားတယ်လို့ ကျနော့်ကို ပြောခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီသဘောထားပေါ်မှာ အခြေခံပြီးတော့ ဗိုလ်ချုပ်မှုးကြီးဆီကို စာတွေ ရေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စာရေးတာဟာလည်း ပြည်ပရဲ့ ပါဝင်မှု ပရောဂ တစုံတရာကြောင့် မဟုတ်ဘဲနဲ့ home-grown လို့ ခေးတဲ့ ပြည်တွင်းက ပေါ်ပေါက်လာတဲ့ လုပ်ရပ်စစ်စစ်ဖြစ်ပါတယ်။ ကိုယ့်တို့အချင်းချင်း ညှိနှိုင်း ဆောင်ရွက်ဖို့ ပြောတဲ့ကိစ္စသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတင်ဆောင်ရွက်မှုကရော ဘယ်လောက်ထိ အလားအလာ ကောင်းမယ်ထင်ပါသလဲ။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတင်လုပ်ဆောင်ချက်ဟာ ကြိုဆိုသင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ စက်တင်ဘာလ က ရေးလိုက်တဲ့ သူရဲ့ ပထမစာမှာ စစ်အစိုးရပေါ် အရေးယူပိတ်စို့ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရေး ကူညီ ဆောင်ရွက်ဖို့ကို သူကရေးခဲ့တယ်။ ဒုတိယစာမှာ ဦးတင်ဦးအပါအဝင် အန်အယ်လ်ဒီ စီအီစီ အဖွဲ့ဝင်တွေနဲ့ တွေ့ပြီးညှိနှိုင်းမယ်။ ပြီးတော့ ဗိုလ်ချုပ်မှုးကြီးနဲ့ တွေ့ပါရစေလို့ ရေးတယ်။ ဆိုတော့ ဒါကရှင်းနေပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက ဒါမျိုး လုပ်ခဲ့သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ အခုအခါ အလျှော့အတင်း ရှိလာပြီးတော့ အပေးအယူလုပ် ညှိနှိုင်းဖို့ အဆင့်သင့် ရှိနေတယ်ဆိုတာကတော့ ရှင်းနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါကို စစ်အစိုးရဘက်က ဘယ်လိုတုံ့ပြန်လာမယ် ထင်ပါသလဲ။ အမေရိကန်ကို တုံ့ပြန်ဖို့ပြောတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မေတ္တာရပ်ခံချက်ကို တုံ့ပြန်ဖို့ကိစ္စကို ပြောတာပါ။ ဘယ်လိုတုံ့ပြန်လာမယ် ထင်ပါ သလဲ။

Larry Jagan ။ ။ တကယ်တော့ စစ်အစိုးရက အပြုသဘောနဲ့ တုံ့ပြန်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ရလို့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဘက်က တစုံတရာ ဆုံးရှုံးစရာ ရှိတယ်လို့ ကျနော်တော့ မမြင် ပါဘူး။ သူတို့တွေ့သင့်တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတင်လုပ်ဆောင်ချက်သာ ဖြစ်တယ်။ အမေရိကန်တွေ လုပ်တာ မဟုတ်ဘူးဆိုတာ အမြင်ရှင်းသင့်ပါတယ်။ သူဟာ အမေရိကန်ရဲ့ ရုပ်သေမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်မှာ နှစ်ဖက်စလုံးက မရွေ့ကြတော့ဘူးဆိုတော့ကာ ၂၀၁၀ ရွေးကောက်ပွဲ ကာလ ရော ဒီလိုနဲ့ပဲ ဆိုက်ရောက်သွားမလား။

Larry Jagan ။ ။ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရွေ့နေပါတယ်။ တလှမ်းပြီးတလှမ်း လှမ်းရင်း စစ်အစိုးရကို သူက လက်ကမ်းနေပါတယ်။ စစ်အစိုးရဘက်က တုံ့ပြန်မှုကိုတော့ မတွေ့ရပါဘူး။ ရှေ့ဆက်ပြီးတော့ ဘာမှ ဖြစ်မလာ ရင်တော့ ရွေးကောက်ပွဲကတော့ ဒီအခြေအနေအတိုင်းဆိုရင် ဆက်ပြီးဖြစ်လာမှာဘဲ။ ရွေးကောက်ပွဲအပြီး လွှတ်တော် ခေါ်တဲ့ အထိ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပြင်ဆင်မှု မရှိလာနိုင်ဘူးဆိုတာကလည်း ရှင်းနေပါတယ်။ အန်အယ်လ်ဒီ နဲ့ အတိုက်အခံတွေဘက်က ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံဥပဒေကို ပြင်ပေးဖို့တောင်းဆိုနေတာကလည်း လက်တွေ့ မကျ ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG